ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းထဲမှာ နောက်ထပ်ဗုံးတစ်လုံးတွေ့


စက်တင်ဘာ (၂၀) ရက် မနေ့နေ့လယ်ပိုင်းက နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ ခြံဝင်းထဲမှာ၊ နောက်ထပ်ဗုံးသီးတစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ကျော်သီဟနဲ့ ခြံဝင်းလုံခြုံရေးကင်မရာကို စစ်ဆေးခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့က အတည်ပြုပြောဆိုပါတယ်။

ရွေးကောက်ပွဲ လေ့လာသူတွေ၊ သတင်းစာဆရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့ကတော့ ဒီဖြစ်ရပ်ဟာ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် အကြမ်းဖက်ဖို့ ကြိုးစားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးရဲ့ နေအိမ်ခြံဝင်းထဲမှာ မနေ့နေ့လယ်ပိုင်းက နောက်ထပ်ဗုံးသီးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ကျော်သီဟ က  “ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ နှစ်နာရီကျော် လောက်က၊ ဦးသိန်းထွေးရဲ့ နေအိမ်ခြံဝင်းထဲက ရေစက်အနီးမှာ လက်ပစ်ဗုံး ၁ လုံး တွေ့ရတဲ့အတွက်၊ နေပြည်တော် ဧည့်ဂေဟာနယ်မြေ ရဲစခန်းမှာ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၄(က)နဲ့  အမှုဖွင့် စစ်ဆေးနေတယ်” လို့ RFA ကို ပြောပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ “ ရဲတပ်ဖွဲ့နဲ့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းက တပ်မတော်သားတွေ ပါဝင်တဲ့အဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ၊ အဲဒီဗုံးသီးဟာ စက်တင်ဘာ ၁၉ ရက်ညကတည်းက ကျန်နေခဲ့တဲ့ ဗုံးသီးဖြစ်တယ်” လို့ ပြောပါတယ်။

"မနေ့နေ့လယ်လောက်က ၂ နာရီ ၂၀ လောက်မှာ ထပ်တွေ့တယ်၊ အဲဒါတော့ အရင်ပစ်ခဲ့တဲ့ အချိန်တုန်းက ပစ်ခဲ့တဲ့ ဗုံးလို့ပဲ ယူဆတယ်၊ အဲဒီက ပြောဆိုချက်တွေအရတော့ အဲအိမ်မှာ CCTV လေးလုံးတပ်ထားတယ်လို့ ပြောတယ်၊ ထောင့်လေးထောင့်မှာ တပ်ထားတဲ့ CCTV တွေကို မနေ့က ပြန်စစ်ကြတဲ့အခါ အဲထဲက CCTV တစ်လုံးမှာ ဗုံးတွေ့ခဲ့တဲ့ညက အိမ်ထဲမှာရှိတဲ့ မတ်တပ်ရပ်တံမြက်စည်းက သစ်ပင်တစ်ပင်မှာ ထောင်ထား တာပေါ့၊ အဲဒါကို အရာဝတ္တုတစ်ခုက မှန်ပြီးတော့ တံမြက်စည်း လှဲသွားတာမြင်တယ်၊ အဲဒီနားတဝိုက်ကို ရှာတဲ့အခါမှာ မနေ့ကနေ့လယ်မှာ ဟိုတစ်နေ့ကတွေ့တဲ့ လက်ပစ်ဗုံးနဲ့ အမျိုးအစားတူ တွေ့တယ်၊ ည ၉ နာရီ ၄၈ CCTV ဖြစ်တဲ့အတွက် အရင်နေ့က တွေ့ခဲ့တဲ့ လက်ပစ်ဗုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ပစ်သွားတဲ့ ဟာပဲ ဖြစ်ပါတယ်”

လက်ရှိအခြေအနေမှာ ကိုရိုနာကပ်ရောဂါကူးစက်မှု မြင့်တက်နေပေမယ့်လည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီးတဲ့နောက်၊ အဲဒီနေ့ညပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာပဲ၊  နေပြည်တော်က ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွေးရဲ့အိမ်ကို ဗုံးသီးနဲ့ ပစ်ပေါက်တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဗုံးနဲ့အတူကျန်ခဲ့တဲ့  ဒုတိယဗုံးသီးကို မနေ့နေ့လယ်ပိုင်းမှာ ထပ်မံတွေ့ရှိခဲ့တာပါ။

ဗုံးသီးနှစ်လုံးစလုံးက အိမ်နီးချင်းနိုင်ငံထုတ်တွေဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပေမယ့် ဘယ်နိုင်ငံထုတ်ဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။

နေပြည်တော်မှာ နေထိုင်တဲ့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဆွေက  ဒီဖြစ်စဉ်ဟာ “လူတစ်စုက ပြည်သူတွေကို ကြောက်အောင်  ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။

"ပြည်သူတွေကို ကြောက်အောင်လုပ်တယ်လို့ ယူဆတယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲဆိုတာကလည်း ပြည်သူတွေက ဦးဆောင်ပြီးတော့ လုပ်ပေးနေတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် တချို့လူတစ်စု အနေနဲ့ ကတော့ တော်တော်လေးကို သူတို့မထင်ထားတဲ့ ကိစ္စတွေ ဖြစ်ပျက်နေတဲ့ အခါကျတော့ အံ့သြတုန်လှုပ် လိမ့်မယ်၊ အံ့သြတုန်လှုပ်တဲ့ အပေါ်မှာ သူတို့က ပြည်သူတွေကို ကြောက်အောင် ခြောက်မယ် ဒါကလုပ်ရိုး လုပ်စဉ် လုပ်ငန်းတွေပါ။ ရှေ့လျှောက်လည်း ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေမှာ ပြည်သူတွေကို ကြောက်အောင်လုပ်တာတွေ ကောလာဟလ သတင်းတွေဖြန့်တာတွေ၊ လုပ်ကြပါလိမ့်မယ် လာကြပါ လိမ့်မယ်။ အဲချိန်မှာကျရင် ပြည်သူတွကို မေတ္တာရပ်ခံချင်တာကတော့ မကြောက်ကြပါနဲ့၊ ကောလာဟလ လုပ်ကြံသတင်းတွေဆိုရင်လည်း မယုံကြပါနဲ့ ပြည်သူ့အားနဲ့ တစ်ယောက်နဲ့ တစ်ယောက် တကယ်သတင်း အမှန်တွေကို စိစစ်ပြီး အချင်းချင်း စုစုစည်းစည်းနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းသွားစေချင်ပါတယ်။ အဲဒါလေးကတော့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာပါ"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  “တစ်ဖက်နဲ့တစ်ဖက် သံသယ ကင်းစေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက အမြန်ဆုံး စိစစ်ဖော်ထုတ်ပေးဖို့” အကြံပြုတိုက်တွန်းပါတယ်။

"ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း သုံးသပ်ရခက်ပါတယ်လေ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက အာဏာပိုင်တွေက စိစစ်စစ်ဆေးပြီးတော့မှ ဖော်ထုတ်ပေးနိုင်ရင်တော့ အားလုံးရှင်းလင်းသွားမှာပေါ့၊ နောက်မို့ဆိုရင်တော့ ယုန်ထင်ကြောင်ထင်နဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ကျွန်တော်တို့အချင်းချင်းကြားထဲမှာလည်း စိုရိမ်ပူပန်မှုတွေ မြင့်တက်နိုင်တာပေါ့ဗျာ၊ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်၊ ဒီဟာကို အဖြစ်မှန်ဖော်ထုတ်ပေးဖို့ အာဏာပိုင်တွေကို အကြံပြုချင်ပါတယ်"

ရွေးကောက်ပွဲတွေကို အဆက်မပြတ် လေ့လာစောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကတော့ အခုလိုလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ပြောပါတယ်။

"ကျွန်တော်တို့က အကြမ်းဖက်တာကို လုံးဝလက်မခံဘူးဗျ၊ ဘယ်လိုပဲပဲဖြစ်ဖြစ် ဘယ်လိုမှ ဒီအကြမ်းဖက်တာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအကြမ်းဖက်မှုကို လက်မခံဘူး၊ အဲဒါနဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ ပြောချင်ပါတယ်"

သတင်းစာဆရာဖြစ်တဲ့  ဦးမြင့်ကျော်ကတော့ ဒီနှစ်ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ပြိုင်ဆိုင်မှုပြင်းထန်သလို၊ အခုလို ရွေးကောက်ပွဲကျင်းပခါနီးမှာ ခြိမ်းခြောက်မှုတွေ ပေါ်ထွက်လာတာဟာ ရှေ့အလားအလာအတွက် စိုးရိမ်ဖို့ကောင်းတယ်လို့ သုံးသပ်ပါတယ်။

"ဒီရွေးကောက်ပွဲလို မဲဆွယ်ကာလလိုမျိုးမှာ ဒီဟာတွေ ပေါ်ထွက်လာတာက အစဉ်အလာအားဖြင့်တော့ မကောင်းဘူးပေါ့နော်၊ ၂၀၁၅ မှာ ဘာမှ အကြမ်းဖက်မှုတွေ ဒီလိုမျိုးခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့တဲ့ သာဓက မရှိတော့ ဒီ ၂၀၂၀ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ မဲဆွယ်ယာဉ်တန်းနဲ့ ကျွဲကျောင်းသားတွေနဲ့ စဖြစ်တာကနေ ဆိုင်ကယ်တွေ ဖျက်ဆီးတာဖြစ်တယ်။ ဒီဟာမျိုးက ၂၀၂၀ မှာ ပထမဆုံးဖြစ်တဲ့ အဖြစ်အပျက် လိုဟာမျိုးဖြစ်လာတယ်၊ ပြီးတော့ အခုလို လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်တယ်ပေါ့နော်၊ ဆိုတော့ ဒီဟာတွေက ရှေ့ဆက်ပြီး ဖြစ်လာနိုငတဲ့ အလားအလာတွေရှိနေသလားလို့ စိုးရိမ်စရာတွေဖြစ်တယ်ပေါ့နော်၊ ဖြစ်ချင်လည်း ဖြစ်မယ် သို့သော် စိုးရိမ်စရာရှိတဲ့ အနေအထားတော့ မှန်တယ်ပေါ့နော်"

တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း၊ ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲနီးတဲ့ ကာလမှာ အဖွဲ့အစည်းအသီးအသီးကြား ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"ဒီလိုအချိန်မှာဖြစ်တာတော့ ကျွန်တော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာဖြစ်တယ်၊ ဖြစ်တဲ့အခါမှာလည်း ပိုပြီးဖြစ်နိုင်တာက ခြိမ်းခြောက်တဲ့သဘော ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်၊ ဒါ့အပြင် ပိုပြီးတော့ ရည်ရွယ်ချက် ကြီးနိုင်တာကတော့ အဖွဲ့အစည်းတွေ အသီးသီးကြားမှ ထင်ယောင်ထင်မှား ဖြစ်နိုင်အောင်ရယ် ခြိမ်းခြောက်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်"

ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အိမ်ကို ဗုံးသီးနဲ့ပစ်တဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်း ကတော့ “ ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်ကြောင်းနဲ့ ကော်မရှင်အနေနဲ့ ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်နေမှာဖြစ်တယ်” လို့ ပြောပါတယ်။

"လုပ်တဲ့သူရည်ရွယ်ချက် ဘာရှိတယ်ဆိုတာလည်း လုပ်တဲ့သူအနေအထားပေါ် မူတည်မှာပဲလေ၊ ကျွန်တော် တို့ကတော့ မစိုးရိမ်ပါဘူး၊ ကိုယ့်တာဝန်အရတော့ ကိုယ်လုပ်သွားမှာပဲ၊ အများသုံးသပ်နေတဲ့ဟာကလည်း ဘာမှမပြောလိုပါဘူး၊ ကျတော်တို့ တာဝန်ဝတ္တရားအရတော့ လုပ်သွားမှာပဲ ညွှန်ကြားချက်နဲ့အညီပေါ့"

အခုချိန်မှာ ရန်ကုန်နဲ့ တစ်နိုင်ငံလုံးမှာ ကပ်ရောဂါကူးစက်မှု မြင့်တက်နေတာကြောင့်၊ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်အစား၊ နောက်ကိုရွှေ့ပြီး ကျင်းပပေးဖို့ ပါတီတချို့က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ တောင်းဆိုတာတွေရှိနေပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ပြောင်းသွားဖို့ မရှိကြောင်း တုံ့ပြန်ပြောကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/npt-bomb-09212020093001.html

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းထဲမှာ နောက်ထပ်ဗုံးတစ်လုံးတွေ့  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းထဲမှာ နောက်ထပ်ဗုံးတစ်လုံးတွေ့ Reviewed by THITHTOOLWIN on 00:48 Rating: 5

No comments:

Powered by Blogger.