အိမ်မှာနေထိုင်ရေးအမိန့် ထုတ်ပြန်ချက် ပိုပြည့်စုံဖို့ လိုအပ်နေ


ကျန်းမာရေးဝန်ကြီးဌာနက မနေ့က စက်တင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီမှာ အမိန့်ထုတ်ပြန်တဲ့ ရန်ကုန်တိုင်း အတွင်း (ကိုကိုကျွန်းမြို့နယ်မပါ) မြို့နယ်အားလုံး နေအိမ်မှာဘဲ နေထိုင်ကြရေး အစီအစဉ်မှာ ငွေကြေးဝန် ဆောင်မှု၊ အစားအသောက်၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်း တွေအားလုံး ၂၄ ရက်နေ့မှာ ပိတ်ဖို့ အိမ်ကနေလုပ်ဖို့ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်မှာ ဆွမ်းခံထွက်ရတဲ့ သံဃာတွေ၊ သီလရှင်တွေ၊ ရပ်ကွက်တွင်း ဈေးလှည့်လည်ရောင်းချသူတွေနဲ့ ဆိုက်ကား၊ ဆိုင်ကယ်အငှားယာဉ်မောင်းတွေ အကျုံးဝင်ခြင်း ရှိမရှိ တိတိကျကျမသိရဘဲ ဖြစ်နေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နေအိမ်မှာပဲ နေထိုင်ရေး အမိန့်အရ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ လုပ်ငန်းတွေအားလုံး ၂၄ ရက်နေ့မှာပိတ်ဖို့ အိမ်ကနေလုပ်ဖို့ သတ်မှတ်ထားပါတယ်။ လက်ခစားလုပ်ငန်း တွေလည်း ၂၄ ရက်နေ့ကစပြီး အောက်တိုဘာ ၇ ရက်နေ့အထိပိတ်ဖို့ အမိန့်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ရပ်ကွက်တွေအတွင်းပြေးဆွဲနေတဲ့ ဆိုင်ကယ်ကယ်ရီ၊ ဆိုက်ကားနဲ့ ခေါင်းရွက် ဈေးသည်တွေ ဘယ်လိုအကျုံးဝင်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာနေထိုင်တဲ့ ဆိုက္ကားနင်းသူ ကိုအကြီးကောင်က ဒီအမိန့်နဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးတဲ့အတွက် ပုံမှန်ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။

“အဲဒါကြည့်လိုက်တယ် တစ်မြို့နယ်လုံးတဲ့ ရက်ကွက်ထဲကို မနက်ကကြည့်တော့ ဘယ်သူမှ ဘာမှမပြောဘူး၊ လူကြီးတွေက ပြောသင့်တယ် တစ်ခုခုပေါ့ သူတို့ဖက်က ဘာမှမပြောတော့ ပုံမှန်အတိုင်းသွားနေတာပဲ နင်းနေတာပဲ”

ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ဦးရှမ်းကလည်း ပိုးကူးမှာကို ကြောက်တဲ့အတွက် အရင်ကတည်းက ပုံမှန်ဖောက်သည် တွေကိုပဲ ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

“အခက်အခဲဖြစ်လာနိုင်တယ်ဆိုတာ အဲဒီပုံစံ တကယ်လုပ်မယ်ဆိုရင် မိသားစုစားဝတ်နေရေး မဆောင်ရွက်ပေးပဲနဲ့တော့ မထွက်နဲ့ ပြောလို့မရဘူး၊ မိသားစုပြေလည်ဖို့လုပ်ရမယ် တစ်ခြားလုပ်စရာမရှိလို့ ဒီအလုပ်ကလေးပဲ လုပ်နေရတဲ့သူတွေ၊ ပုံမှန်နေ့စဉ်သွားနေတဲ့ သူတွေတောင် မစီးကြတော့ဘူး၊ ဒါလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲပါ”

နေပြည်တော်က အမည်မဖော်လိုတဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ကြေညာချက်အရ ပြည်သူ့ဝန်ဆောင်မှုထဲမှာ ပါဝင်တဲ့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းထဲ ဆိုက်ကား၊ ဆိုင်ကယ် ပြေးဆွဲသူတွေက အကျုံးဝင်မှာဖြစ်ပြီး ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေက စားသောက်ကုန် လုပ်ငန်းထဲမှာ အကျုံးဝင်တဲ့အတွက် ရပ်ကွက်တွေက လက်ခံရင် လှည့်လည်ရောင်းချနိုင်မှာဖြစ်တယ်လို့  ရှင်းပြပါတယ်။

မနေ့ညက ထုတ်ပြန်တဲ့ အမိန့်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဝန်ကြီးဌာန အသီသီးကို ညွှန်ကြားထားတယ်လို့ သိရကြောင်း ဆိုပါတယ်။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အစားအသောက် ရောင်းချတဲ့ဆိုင်တွေကို စည်းကမ်းချက်တွေနဲ့အညီ ဆက်လက်ဖွင့်လှစ်ခွင့်ပေးထားပြီး သယ်ယူပို့ဆောင်ရေး လုပ်ကိုင်သူတွေကိုလဲ ခွင့်ပြုထားကြောင်းပြောပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေကိုတော့ ဆိုင်ထိုင်စနစ် ခွင့်မပြုတော့ဘဲ ထုပ်ပိုးသယ်ယူစနစ်နဲ့သာ ရောင်းချဖို့ ညွန်ကြားထားတယ်လို့ ဆိုပါတယ်။

သံဃာတွေ ဆွမ်းကိစ္စကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ပရဟိတအဖွဲ့တွေနဲ့ အလှူရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း မူလက ညွန်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ယာယီအလုပ်ပိတ်ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ လစာကိစ္စကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

သတင်းမီဒီယာတွေအနေနဲ့လည်း နေအိမ်ကနေပဲ အလုပ်လုပ်ရမှာဖြစ်ပြီး မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်ရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အကြောင်းကြားရမယ်လို့လည်း ပြောပါတယ်။

ထန်းတပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ကျန်းမာရေး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စိစစ်ဖို့၊ အသွားအလာ တင်းကျပ်ဖို့ စတာတွေကိုပဲ ညွှန်ကြားတယ်လို့ ဆိုပါတယ်။

“Stay at home ရန်ကုန်တိုင်းတစ်တိုင်းလုံး ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်ကို လုပ်လိုက်ပြီဆိုတော့ အတားအဆီး အကန့်အသတ်လုပ်ဖို့ အတားအဆီးဆိုတာ လုံးလုံးကြီး ကန့်သတ်လိုက်ဖို့ မဟုတ်ဘူး၊ စစ်ဆေးတာ၊ မေးမြန်းတာ ကျန်းမာရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ပေါ့၊ အဲဒါတွေလုပ်ဖို့ ပြောပါတယ်”

ကုန်စည်စီးဆင်းမှုနဲ့ ကျန်းမာရေးကိစ္စကလွဲရင် ကျန်တဲ့အသွားအလာတွေကို စိစစ်နေတယ်လို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

“ညက ကြေညာလိုက်တဲ့ သတင်းကြောင့် တစ်ဝက်လောက်လျှော့ကျသွားတယ် လမ်းထဲမှာတော့။ လမ်းထိပ်မှာ အဝင်အထွက်ကို ၇၀ ရာခိုင်နှုန်း အရက်ပျံပါတာနဲ့ ဆေးတာတွေလုပ်တယ်၊ ကုန်စည်စီးဆင်းရေးနဲ့ ကျန်းမာရေးကိစ္စကလွဲရင် အသွားအလာတွေကို စိစစ်နေပါတယ်”

ထုတ်ပြန်ထားတဲ့အမိန့်မှာ  ရပ်ကွက်တွင်း ဆွမ်းခံထွက်ကြတဲ့ သံဃာတွေ၊ ဆွမ်းဆန်စိမ်း အလှူခံ ထွက်ကြတဲ့ သီလရှင်တွေ၊ ပို့ဆောင်ပေးနေရတဲ့ ဆိုက်ကားနဲ့ ဆိုင်ကယ် ပြေးဆွဲသူတွေ၊ အငှားယာဉ် မောင်းနှင်သူတွေ နဲ့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ အတွက် အစိုးရက ဆောင်ရွက်ပေးမယ့် အခြေအနေနဲ့ပတ်သက်ပြီး ပါဝင်ခြင်း မရှိပါဘူး။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို တယ်လီဖုန်းနဲ့ရော ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာကနေပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးဆောင်ရွက်နေတဲ့ We Love Yangon အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းခိုင်က သူတို့အဖွဲ့ အနေနဲ့ အခြေခံ လူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေစေရေး တတပ်တအား ကူညီဖို့ ကြိုတင်ပြင်ဆင်ထားပြီး လိုအပ်လာရင် အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

“ဒီအတွက် အဆင်သင့်ဖြစ်မနေဘူးဆိုတဲ့ အနေအထားမဟုတ်ဘူး၊ ဒီအတွက် ကြိုပြီးတော့ကို အစီအစဉ်ချထားတယ်၊ မနေ့တုန်းကဆို မင်္ဂလာဒုံ၊ ဗိုလ်တစ်ထောင်၊ ရွှေပြည်သာက အကူအညီတောင်းတယ်၊ ချက်ချင်း လှူဒါန်းလိုက်တယ်။ လိုအပ်ရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်၊ ဒီအခြေအနေကို ကောင်းကောင်းကြီး ထိန်းနိုင်မယ်လို့ ယုံကြည်တယ်”

မနေ့ညက ထုတ်ပြန်တဲ့ အမိန့်မှာ တစ်အိမ်ကို ကျန်းမာရေးကိစ္စအတွက် နှစ်ဦး၊ ဈေးဝယ်ထွက်ခွင့် တစ်ဦးသာ သွားဖို့ ပြောဆိုထားပြီး တာဝန်ထမ်းဆောင်ဖို့ သွားလာတဲ့ ယာဉ်မှအပ ရပ်ကွက်တွေအတွင်း ဖြတ်သန်းသွားလာခွင့် မပြုဖို့ ပါရှိပါတယ်။

သတ်မှတ်ချက်ထက် ကျော်လွန်ဆောင်ရွက်ဖို့ လိုအပ်လာရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်း ကြားရမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်အရ သွားလာသူတွေကလွဲပြီး ရပ်ကွက်တွင်း ဝင်ထွက် ခွင့် မပြုဖို့လည်း ပြောထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက (ဒီနေ့) စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ  ခြောက်ထောင်နီးစပါး ရှိနေပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-ygn-09212020051535.html

အိမ်မှာနေထိုင်ရေးအမိန့် ထုတ်ပြန်ချက် ပိုပြည့်စုံဖို့ လိုအပ်နေ အိမ်မှာနေထိုင်ရေးအမိန့် ထုတ်ပြန်ချက် ပိုပြည့်စုံဖို့ လိုအပ်နေ Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.