ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုပြန်တက်လာ

ရခိုင်မှာ လူစုလူဝေးတွေ ရှိနေဆဲလို့ ကျန်းမာရေး ကပြော

မြန်မာ တစ်နိုင်ငံလုံးမှာ ကိုဗစ် -၁၉ ကူးစက်ခံရမှုတွေ့ရှိမှုဟာ ရန်ကုန်ပြီးရင် ရခိုင်ပြည်နယ်ဟာ ဒုတိယအများဆုံး ဖြစ်ပွားနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် -၁၉ ကူးစက်မှုအခြေအနေဟာ ဩဂုတ်လအတွင်း တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှာ ကျဆင်းနေခဲ့ရာကနေ စက်တင်ဘာလ လယ်ပိုင်းလောက်က စတင်ကာ ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ် -၁၉ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့မှာ စတင်တွေ့ရှိခဲ့ကာ နှစ်ပတ်အကြာမှာ စစ်တွေမြို့နယ်အတွင်း ၁၈၄ ဦးထိကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပေါင်း ၁၅ ခုအထိပျံ့နှံ့ခဲ့ကာ ကူးစက်ခံရသူပေါင်း ၃၄၇ ဦးအထိရှိခဲ့ပါတယ်။

ဩဂုတ်လအတွင်း တစ်နေ့ကိုကူးစက်ခံထားရသူပေါင်း ၆၀ ဦးကျော်အထိ စစ်ဆေးတွေ့ရှိခဲ့ရာကနေ စက်တင်ဘာလဆန်းပိုင်းမှာ ၂၀ ဦးဝန်းကျင်လောက်သာ တွေ့ရှိရတဲ့ အနေအထားထိ လျော့ကျခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း ၈၀ ဦးအထိတွေ့ရှိ ခဲ့ပြီး ကူးစက်ခံရမှု ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

 

စစ်တွေမှာ ကူးစက်ခံရသူ ၅၃၀ ဦး အထိရှိလာ

စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းအထိ ရခိုင်ပြည်နယ်အတွင်း ပိုးကူးစက်ခံ ထားရကြောင်း ကျန်းမာရေးဌာနရဲ့ စစ်ဆေးချက် အရ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်းဟာ ၉၃၅ ဦးထိရှိလာနေပြီဖြစ်ကာ ကူးစက်မှု အများဆုံးဖြစ်ပွားနေတဲ့ စစ်တွေမြို့နယ်မှာ ၅၃၀ ဦး၊ ကျောက်ဖြူမြို့နယ်မှာ ၁၂၄ ဦးနဲ့ မြောက်ဦးမြို့နယ်မှာ ၅၅ ဦးထိ တွေ့ရှိထားပြီဖြစ်တယ်လို့ ရခိုင် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ကနေ သိရပါတယ်။

အခုလို ပိုးတွေ့လူနာတွေ့ရှိမှု ပြန်လည် မြင့်တက်လာခဲ့တာဟာ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက် တွေကို လိုက်နာမှု အားနည်းသလို လူစုလူဝေး ရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

"ကူးစက်မှုရှိနေတုန်းပါ၊ စိုးရိမ်ရတယ်ဆိုတာကတော့ လူတွေက စိုးရိမ်နေလို့တော့ မပြီးဘူးပေါ့။ အိမ်ထဲမှာနေဖို့ တော့လိုတာပေါ့။ ပြီးလို့ရှိရင် လူစုလူဝေးမလုပ်ဖို့လိုတာပေါ့။ အခုက စိုးရိမ်နေတာသာပြောတယ်။ လူစုလူဝေးတွေကလည်း မပြတ်ဘူးလေ။ လူစုလူဝေး ထွက်ရင်တော့ ကူးစက်မှုက ရှိနေဦးမှာပဲ"လို့ ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုဟာ တစ်ရက်ကို ကူးစက်ခံရသူ ၂၀ လောက်ထိ ကျဆင်းလာခဲ့ပြီးကုသမှုအပိုင်းမှာ ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပြီးလို့ ယူဆနိုင်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က သုံးသပ်ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ အခုလို ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေ အတွက် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ရတဲ့ အခြေအနေရှိ

မြောက်ဦးမြို့ဟာ အခုရက်ပိုင်းအတွင်း ပိုးကူးစက်ခံရမှုပိုမိုမြင့်တက်လာခဲပြီး စက်တင်ဘာ ၂၀ ရက်နေ့ မနေ့ကညနေပိုင်း အထိ ပိုးတွေ့လူနာဦးရေ ၅၅ ဦးနဲ့ တစ်ပြည်နယ်လုံးမှာ တတိယအများဆုံးနေရာကို ရောက်ရှိနေပြီး နောက်ထပ်တိုးလာနိုင်တဲ့ အနေအထားရှိနေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

မြောက်ဦးမြို့ပေါ်မှာ ပိုးကူးစက်ခံရသူတွေ အခုရက်ပိုင်းအတွင်း အများအပြားတွေ့လာရတာဟာ အကာအကွယ်ပစ္စည်းတွေ အသုံးပြုမှုအားနည်းတာတွေ၊ စည်းကမ်းလမ်းညွှန်ချက်တွေကို မလိုက်နာတာတွေကြောင့်ဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေး မှူး ဦးမျိုးလှိုင်က ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးဆေးရုံကြီးမှာ ပိုးတွေ့လူနာတွေ များပြားလာနေတဲ့အတွက် ဆေးရုံကြီးအပြင် ယခင်ဆေးရုံဟောင်းကို ယာယီကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်ပြီး ကုသပေးနေရတယ်လို့ ဆိုပါတယ်။

"ရောဂါလက္ခာဏာ မပြတဲ့သူတွေ လူငယ်ပိုင်းတွေကိုတော့ ဆေးရုံဟောင်းမှာထားတယ်။ အသက်ကြီးပိုင်းတွေနဲ့ လက္ခဏာပြတဲ့ သူတွေကိုတော့ လက်ရှိဆေးရုံကြီးမှာထားတယ်။ ဆေးရုံဟောင်းမှာတော့ ခုတင် ၃၉ လုံးပြင်ဆင်ထားတယ်။ လောလော ဆယ်တော့ ၁၈ ယောက်ရှိပါတယ်။ ဆေးရုံကြီးမှာတော့ ခုတင် ၃၀ နီးပါးရှိတယ်။ အခု နောက်ထပ်တစ်ဆောင် တိုးချဲ့နေပါတယ်။ ပြီးရင်တော့ ထပ်တိုးလို့ရပါတယ်။ လူနာကတော့ ၃၅ ယောက်ရှိတယ်။ ထပ်စစ်ရင်ထပ်တွေ့ဦးမှာပဲ"လို့ ဦးမျိုးလှိုင်က ပြောပါတယ်။

မြောက်ဦးမြို့မှာလည်း ပိုးတွေ့လူနာတွေ တိုးလာနေတာဟာ လူတွေ စည်းကမ်းမရှိလို့ ကူးစက်ခံနေရတာဖြစ်ပြီး ပိုးရှိသူနဲ့ ထိတွေ့မှုရှိလို့ တို့ဖတ်နမူနာ ယူထားတဲ့သူတွေကို တစ်ပတ်လောက် အိမ်မှာနေထိုင်ကြဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပေမဲ့ အပြင်ထွက်တာတွေ၊ လူစုလူဝေးတွေရှိနေတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်မှာ ၅၂၃ ဦး ပိုးကင်းစင်လို့ ဆေးရုံကပြန်ဆင်း

ကျန်းမာရေးဌာန အနေနဲ့တော့ ရောဂါပိုးကူးစက်ခံရမှုကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို အသိပညာပေးတာတွေလုပ်ပေးနေပြီး လူတွေ စည်းကမ်းလိုက်နာမှု အားနည်းတာနဲ့ ပတ်သက်လို့တော့ တခြားသက်ဆိုင်ရာ ဌာနတွေနဲ့သာ သက်ဆိုင်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရမှုကို စတင်တွေ့ရှိခဲ့ပြီး လေးရက်အကြာ ဩဂုတ်လ ၂၀ ရက်နေ့က စတင်ကာ Stay at home နေအိမ်အပြင်မထွက်ကြဖို့နဲ့ လူစုလူဝေးတွေမလုပ်ဖို့၊ အပြင်ထွက်ရင် Mask တွေတပ်ဆင်ပြီးမှ သွားလာကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ ကူးစက်မှုမြင့်မားနေတဲ့ စစ်တွေမြို့နယ်အတွင်း ညမထွက်ရ အမိန့်တွေကို ဒေသန္တရာအာဏာပိုင်တွေက ထပ်ဆင့် ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကိုမလိုက်နာတဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်တာတွေ၊ ဒဏ်ငွေပေးဆောင်ခိုင်း တာတွေကိုပြုလုပ်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ဘီဘီစီကို ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားမှုမှာ ၁၇ မြို့နယ်အတွင်း ပိုးတွေ့ အတည်ပြုလူနာပေါင်း ၉၃၅ ဦးအနက် စက်တင်ဘာ ၂၀ ရက်နေ့ညနေပိုင်းအထိ ပိုးကင်းစင်သွားလို့ ဆင်းခွင့်ရရှိကြသူပေါင်း ၅၂၃ ဦးထိရှိပြီဖြစ်ကာ ဆက်လက်ဆေးကုသမှုခံယူနေရသူပေါင်း ၄၁၂ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက မာန်အောင်နဲ့ ဂွမြို့နယ်တွေမှာတော့ ကူးစက်ခံရမှုနည်းပါးသလို ပိုးတွေ့ လူနာတွေလည်း ဆေးရုံဆင်းသွားကြပြီဖြစ်တဲ့အတွက် ဆက်လက် ဆေးကုသမှုခံယူနေရသူမရှိတော့ဘူးလို့ ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်ရေး အဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54234066

ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုပြန်တက်လာ  ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုပြန်တက်လာ Reviewed by THITHTOOLWIN on 01:10 Rating: 5

No comments:

Powered by Blogger.