မူကြိုကလေးတွေကို အဆိပ်ခတ်တဲ့ တရုတ်ဆရာမ သေဒဏ်ချခံရ

အရုပ်တွေ


အဆိပ်ခတ်ခံခဲ့ရတဲ့ ကလေးတွေထဲက တစ်ဦးဟာ ဆေးရုံမှာ ၁၀ လကြာ နေခဲ့ရအပြီး ဇန်နဝါရီလမှာ သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကလေး ၂၅ ဦးကို အဆိပ်ခတ်ခဲ့မှုနဲ့ မူကြိုဆရာမတစ်ဦးကို တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အဆိပ်ခတ်ခံခဲ့ရတဲ့ ကလေးတွေထဲက တစ်ဦးကတော့ သေဆုံးသွားပါတယ်။

မနှစ်တုန်းက ကျောင်ဂျိုးမြို့က မူကြိုကျောင်းတစ်ခုမှာ ကလေးငယ်တွေ မနက်စာ ဆန်ပြုတ် သောက်အပြီး ဆေးရုံ တင်ပို့လိုက်ရတဲ့နောက်မှာ ဝမ်ယွန်း ဆိုသူ အဲဒီကျောင်းဆရာမကို ဖမ်းဆီးခဲ့တာပါ။

သူ့လုပ်ဖော်ကိုင်ဖက် ဆရာမနဲ့ စကားများရာကနေ ကလဲ့စားချေတဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာမအတန်းက ကလေးတွေရဲ့ မနက်စာထဲ ဆိုဒီယမ် နိုက်တြိတ်အဆိပ် ထည့်ခဲ့တာလို့ တရားရုံးက ပြောပါတယ်။

မစ္စ ဝမ်ဟာ "သိပ်ကို ယုတ်မာ ရက်စက်သူ" ဖြစ်တယ်လို့ တရားရုံးက ဖော်ညွှန်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ကမ္ဘာတဝန်းမှာ ခေါင်းကြီးပိုင်းသတင်းအဖြစ် လူတွေ စိတ်ဝင်စားခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ကလေး ၂၃ ဦး မနက်စာစားအပြီး အော့အန် မူးမေ့ နာမကျန်းဖြစ်ကုန်ကြတယ်လို့သာ သတင်းတွေက ဆိုခဲ့တာပါ။

ကလေးတွေကို အဲဒီကျောင်းဆရာမက အဆိပ်ခတ်ခဲ့တာ ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်လာအပြီးမှာတော့ ရဲက စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့ပါတယ်။

မြေပုံ

တနင်္လာနေ့က ကျောင်ဂျိုးမြို့ တရားရုံးက မစ္စဝမ် ကို သေဒဏ် ချမှတ်လိုက်ပါတယ်။

မစ္စဝမ် ဟာ ကျောင်းသား စီမံခန့်ခွဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက်ဆရာမတစ်ဦးနဲ့ စကားများရာကနေ အဲဒီဆရာမအတန်းက ကလေးတွေရဲ့ မနက်စာထဲ ဆိုဒီယမ် နိုက်တြိတ်အဆိပ် ထည့်ခဲ့တာလို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုဒီယမ် နိုက်တြိတ်ကို အသားနူးအောင် ဟင်းတွေထဲ ထည့်ချက်လေ့ ရှိပေမဲ့ အများကြီး သုံးရင်တော့ အဆိပ် ဖြစ်စေပါတယ်။

ဒါ့အပြင် လူတွေကို မစ္စဝမ် အဆိပ်ခတ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ တရားရုံးက ပြောပါတယ်။ အဲဒီမတိုင်ခင်ကလည်း မစ္စဝမ် ဟာ နိုက်တြိတ်တွေ အွန်လိုင်းက ဝယ်ပြီး သူ့ခင်ပွန်းကို အဆိပ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဝေဒနာ အနည်းအပါးလောက်ပဲ ခံခဲ့ရပါတယ်။

အဆိပ်ခတ်ခံခဲ့ရတဲ့ ကလေးတွေထဲက တစ်ဦးဟာ ဆေးရုံမှာ ၁၀ လကြာ နေခဲ့ရအပြီး ဇန်နဝါရီလမှာ သေဆုံးသွားခဲ့ပါတယ်။

မစ္စဝမ် ဟာ သိပ်ကို ယုတ်မာ ရက်စက်သူ ဖြစ်ပြီး သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်က အရမ်းဆိုးဝါးလှကြောင်း၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ကြောင်း တရားရုံးက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လူဘယ်နှစ်ယောက်ကို သေဒဏ် အပြစ်ပေးခဲ့ပြီးပြီလဲ ဆိုတာကို တရုတ်အစိုးရက ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပေမဲ့ နှစ်စဉ် လူထောင်ပေါင်းများစွာ သေဒဏ်ပေး ကွပ်မျက်ခံနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆနေပါတယ်။

တရုတ်နိုင်ငံမှာ သေဒဏ် စီရင်တဲ့အခါ ဆေးထိုးသတ်တာမျိုး ဒါမှမဟုတ် လက်ဖြောင့်တပ်ဖွဲ့ဝင်တွေက ပစ်သတ်တာမျိုး လုပ်လေ့ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54341589

မူကြိုကလေးတွေကို အဆိပ်ခတ်တဲ့ တရုတ်ဆရာမ သေဒဏ်ချခံရ  မူကြိုကလေးတွေကို အဆိပ်ခတ်တဲ့ တရုတ်ဆရာမ သေဒဏ်ချခံရ Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.