ဘားအံမဲဆွယ်ပွဲမှာ ပိုးတွေ့လူနာပါဝင်ခဲ့လို့ စောင့်ကြည့်ခံနေရသူ ၅၀ နီးပါးရှိ

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်

Photo: Kndp Hpa-an Kndp Hpa-an/Facebook

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့လိုက်ကျေးရွာအုပ်စု ကော့ဒါန်းမယ်ကျေးရွာသားတစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တာကြောင့် မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ပါတီမဲဆွယ်ပွဲတက်ရောက်တဲ့သူ ၅၀ နီးပါးဟာ ကန့်သတ်စောင့်ကြည့် ခံနေရပါတယ်။

ဒီပိုးတွေ့လူနာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့မဲဆွယ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ NLD ပါတီက ဘယ်သူမှ ကန့်သတ်စောင့်ကြည့်ခံရတာ မရှိတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဘားအံမြို့၊ ကော့လိုက်ကျေးရွာအုပ်စု၊ ကော့ဒါန်းမယ်ရွာသားတစ်ဦးဖြစ်တဲ့ စောတင်လှိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တေ့ွရှိတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စောတင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းက KNDP ပါတီ မဲဆွယ်စည်းရုံး ဟောပြောပွဲကို တက်ရောက်ခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အာဏာရပါတီ NLD မဲဆွယ်ပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

“နေကောင်းတုန်းက ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် လာတယ်လေ၊ ကော့ဒါန်းမယ်မှာ ချက်ပြုတ်ပေးခဲ့တယ်၊ သူတို့အုပ်စုမှာ ၃၀ ကျော်ပါတယ်”

စောတင်လှိုင်မှာ ပိုးတွေ့တာကြောင့် KNDP ပါတီ မဲဆွယ်စည်းရုံးရေးမှာပါဝင်တဲ့ ဘားအံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း နန်းစေးအွာ၊ မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စောမင်းဇော်ဦးတို့နဲ့အတူ ဒေသခံ ၄၇ ဦး စောင့်ကြည့်ခံထားရပါတယ်။

KNDP ထက်အရင်ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲဆွယ်ပွဲမှာပါဝင်တဲ့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ အခြား ဘားအံလွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေကတော့ Quanrantine ခေါ် ကန့်သတ်စောင့်ကြည့်ခံရတာတွေ မရှိပါဘူး။

KNDPပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ နော်သဇင်တုပ်ကတော့  NLD ပါတီက ကိုယ်စားလှယ်တွေကို ကန့်သတ်စောင့်ကြည့်ရေး စခန်းတွေ မဝင်ခိုင်းတာဟာ မမျှတဘူးလို့ ဆိုပါတယ်။

“အဲဒါက ညီမျှမှုမရှိဘူးလေနော်၊ ဒီဇာတ်လမ်းက သူတို့နဲ့စခဲ့တဲ့ဇာတ်လမ်းပဲလေ၊ ဦးတင်လှိုင်ဆိုတဲ့လူကို ဆေးရုံမှာလည်း သူတို့ သွားထိတွေ့နေတာပဲ၊ သူတို့က မဝင်ရပဲ ကျမတို့က ဝင်ရတယ်ဆိုတာက အဆင်မပြေဘူးလေ၊ ဝါးဆူကလူက ဝင်တယ်၊ ကော့ဒါန်းမယ်က မဝင်ရဘူးလို့ ပြောလိုက်တဲ့အခါကျတော့ အခုကော့ဒါန်းမယ်က ရွာသားတွေဝင်ရမယ်လို့ဖြစ်သွားပေမယ့် NLD ကိုယ်စားလှယ်တွေ မပါဘူး”

KNDP ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆွယ်ပွဲတက်ရောက်သူတွေကို သီးသန့်စောင့်ကြည့်ရေး စခန်းဝင်ဖို့ ဘားအံမြို့နယ် ကျန်းမာရေးဌာနက အကြောင်းကြားတာလို့ KNDP ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကန့်သတ်စောင့်ကြည့်ဖို့ ပြည်နယ်အစိုးရဖွဲ့က မြို့နယ်ကို စေခိုင်းတယ်လို့လည်း ပြောနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးဦးစီး ဒေါက်တာခင်မိုးအေးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဖြေကြားနိုင်လို့ဘူးလို့ ပြောပါတယ်။

“ဆရာတို့မေးတာ ကျမ မဖြေနိုင်ဘူး၊ သတင်းထောက်တွေ တမနက်လုံး ဖုန်းဆက်လိ့ု ခေါင်းတွေမူးလို့၊ ကျမ ဖြေခွင့်မရှိဘူး၊ ပြည်နယ် ကိုဗစ်ကော်မတီကိုပဲ သိချင်တာမေးလိုက်ပါ”

KNDP ပါတီက ကိုယ်စားလှယ်လောင်းတွေကိုပဲ အသွားအလာကန့်သတ် စောင့်ကြည့်ခံခိုင်းပြီး NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကို မဝင်ခိုင်းတာဟာ တဖက်ပါတီကို ဖိအားပေးသလိုဖြစ်နေ သလားဆိုပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းလည်းဖြစ် လက်ရှိပြည်နယ် လူမှုရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဘိုဘိုဝေမောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့

“ကျနော်တို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရှိတယ်၊ အနီးကပ်ထိတွေ့တာရယ်၊ ထိတွေ့မှုရှိတာရယ် အဲဒီသတ်မှတ် ထားတဲ့အတိုင်း ကျနော်တို့ Quanratone ဝင်ခိုင်းတာပေ့ါနော်၊ ပြီးရင်လည်း ဆုံးဖြတ်ချက်က အစိုးရအဖွဲ့က ကိုဗစ်ကော်မတီက ဆုံးဖြတ်တာ မဟုတ်ဘူး၊ ကျန်းမာရေးဌာနက ပညာရှင်တွေက သူတို့အကြံပေးချက် တွေပေါ်မှာ မူတည်ပြီးတော အုပ်ချုပ်ရေးဘက်နဲ့ ချိတ်ဆက်ပြီးတော့ ဆုံးဖြတ်တာ၊ ဒီလူကတော့ Q ဝင်ရမယ်၊ မဝင်ရဘူးဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပေါ်မှာပဲ မူတည်လိမ့်မယ်”

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်လည်းဖြစ်ပြီး လက်ရှိ NLD ပါတီအောင်နိုင်ရေး ကော်မတီဝင်လည်းဖြစ်၊ ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဦးသန်းနိုင်ကတော့ NLD ပါတီက လူတွေလည်း ပိုးတေ့ွလူနာနဲ့ ထိတွေ့မှုရှိတယ်လို့ အထောက်အထားနဲ့ခေါ်ရင် စောင့်ကြည့်ရေးစခန်းဝင်ရမှာပဲလို့ ပြောပါတယ်။

“ကျနော်တို့ NLDပါ တီကိုလာပြီးတော့ ဆက်သွယ်ပြီးတော ခင်ဗျားတို့ သွားတယ်၊ လာတယ်၊ တွေ့တယ် ဒီလူထွက်ဆိုထားတယ်ဆိုပြီး ဓာတ်ပုံမှတ်တမ်းတွေရှိတယ်၊ ဒီလို့အထောက်အထားတွေ ခေါ်မယ်ဆိုရင် NLD ပါတီ မသွားဘူးဆိုရင်တော့ ကျနော်တို့ဘက်က သူတို့ NLD ပါတီကို ပြောရမှာပေါ့၊ ဒါက ပါတီတခုတည်းရဲ့ အရေးကိစ္စ မဟုတ်ပါဘူးဗျ၊ ကရင်ပြည်နယ်တစ်ခုလုံးရဲ့ အရေးကိစ္စပါ၊ လူသား အားလုံးရဲ့ အရေးကိစ္စပါဗျ၊ အင်မတန်မှ အရေးကြီးတဲ့အချိန်အခါဖြစ်နေပါတယ်၊ လူမျိုးတွေ၊ ဘာသာတွေ၊ ပါတီတွေနဲ့ မဆိုင်ပါဘူးဗျ”

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့က နေရာတော်တော်များများ အနိုင်ရခဲ့ပြီး ဒေသအခြေစိုက် ကရင်ပါတီတွေကတော့ ပါတီတွေကွဲနေတာကြောင့် အနိုင်မရပါဘူး။

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကရင်ပါတီ ၄ ခုကိုပေါင်းလိုက်ပြီး ကရင်ဒီမိုကရက်တစ်ပါတီဆိုပြီး ကရင်ပြည်နယ် မြို့နယ် ၆ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီတွေ ပေါင်းထားတဲ့ KNDP ပါတီဟာ အားကောင်းလာပြီး NLD ပါတီနဲ့ အကြိတ်အနယ်ရှိလာမယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kndp-party-campaign-2020-election-09252020063053.html

ဘားအံမဲဆွယ်ပွဲမှာ ပိုးတွေ့လူနာပါဝင်ခဲ့လို့ စောင့်ကြည့်ခံနေရသူ ၅၀ နီးပါးရှိ  ဘားအံမဲဆွယ်ပွဲမှာ ပိုးတွေ့လူနာပါဝင်ခဲ့လို့ စောင့်ကြည့်ခံနေရသူ ၅၀ နီးပါးရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.