ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာတွေ့ရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)

ကိုဗစ်ရောဂါပိုးတွေ့လူနာ များလာတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်ရမယ့်သူတွေ တိုးလာတာနဲ့အမျှ သီးသန့်ထားစရာ နေရာအခက်အခဲ ရှိလာနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုဖြစ်နေတဲ့အကြောင်းပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ပိုးတွေ့လူနာ ၄,၇၀၀ ကျော်အထိ ရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါလက္ခဏာရှိသူတွေလည်း များလာနေတာကြောင့် သီးခြားထား ဓာတ်ခွဲနမူနာယူဖို့ အခက်အခဲတွေလည်း တိုးလာနေပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဖွင့်ထားတဲ့ ဖျားနာကုအခမဲ့ ဆေးခန်းတွေဆီ တနေ့ကို လူနာ ၁၀၀ ဝန်းကျင်အထိ ရောက်လာကြပြီး အများစုက ကိုဗစ်သံသယလူနာတွေဖြစ်တယ်လို့ ဆေးခန်းတာဝန်ရှိသူကပြောပါတယ်။ အခုလိုအခြေအနေမှာ ဒီလူနာတွေကို အိမ်မှာသာ သီးသန့်နေဖို့မှာထားပြီး ပြန်လွှတ်လိုက်ရတာရှိပေမဲ့ တိုင်းကျန်းမာရေးနဲ့ ပူးပေါင်းပြီး သံသယလူနာတွေကို သီးခြားထားနိုင်ဖို့ စတင်ဆောင်ရွက်နေတဲ့အကြောင်း ရန်ကုန်တိုင်းဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

“ဒီနေ့ဆိုရင် ရန်ကင်း TTC မှာ Isolation Center ပုံစံ နေရာလေး တခုလုပ်တယ်။ တိုင်းကျန်းမာရေးက လာကြည့်တယ်။ အဲမှာ ယာယီအနေနဲ့ ခဏထားမယ်၊ အနံ့ပျောက်တာတို့ ဒီသံသယလူနာကို ထားမယ့်နေရာမျိုးပေါ့နော်။ သီးခြားခွဲထားဖို့ အဲဒီလူနာကိုပြန်လည်း မလွှတ်ဘူးပေါ့နော်။ ဒါပေမဲ့ Swab ယူမယ့်ကိစ္စကတော့ အဲဒီလူတွေကို လောလောဆယ်တော့ မယူဖြစ်ဘူး ဖြစ်နေတယ်။ တကယ်တမ်းကတော့ Swab ယူရမှာပေါ့လေ။ ဒါပေမဲ့ လက်ရှိအနေအထားအရ ရောဂါပြင်းထန်ရင် အဲဒီလူနာကိုဆေးရုံပို့မယ်၊ ဆေးရုံမှာ လိုအပ်တဲ့ကိစ္စ ဆက်လုပ်မယ်။ ရောဂါမပြင်းထန်ဘူး၊ အနံ့ပျောက်တာ တခုလောက်နဲ့ ဆိုရင်တော့ အဲ့ဒီမှာပဲထားမယ်။ သီးခြားခွဲထားလိုက်တာပေါ့နော်။ ရောဂါပျောက်တဲ့အထိထားပြီး ရက်ပြည့်တဲ့နေ့ ရောဂါသက်သာတဲ့အခါကျရင် အိမ်ပြန်လွှတ်မယ်ပေါ့နော်။ အဲလိုလေးတော့ ကျနော်တို့လက်ရှိ အစီအစဉ်ဆွဲထားတယ်ပေါ့နော်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၈,၅၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၁၇၂ ဦးရှိထားပါတယ်။ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၂,၃၀၀ ကျော်ရှိထားပြီးဖြစ်ပါတယ်။ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေအပါအဝင် ရောဂါသံသယကြောင့် စောင့်ကြည့်ခံရမယ့်သူတွေကို သီးသန့်ထားဖို့ နေရာအခက်အခဲ ရှိနေတာတွေကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေတယ်လို့ စေတနာ့ဝန်ထမ်းတာဝန်ခံ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ပြန်လွှတ်ရတယ်ဆိုတဲ့ PUI လူနာတွေကို သီးသန့် Quarantine ထားမယ့် အစီအစဉ်တွေ ကျနော်တို့ဆောင်ရွက်နေတယ်ဗျ။ ဒီနေ့ ဒါမှမဟုတ်ရင် မနက်ဖြန်လောက်မှာ စထားလို့ရတော့မယ်ဗျ။ ပိုးတွေ့လူနာများများတွေ့တာလည်း ကောင်းတာပဲဗျ။ ဘာလို့လဲဆိုတော့ များများစစ်ရင် များများတွေ့မှာပဲဗျာ။ အဓိက သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူတွေကြားထဲမှာ မပြန့်သွားဖို့က အဓိကကျတာကိုး။ အဲဒါကြောင့်မို့လည်း သူတို့ကို ထားမယ့်နေရာတွေကို အစိုးရပိုင်းအနေနဲ့လည်း အသားကုန်ရှာဖွေတယ်။ ကုသရေးဆေးရုံတွေကိုလည်း ကျန်းမာရေးဘက်ကနေ အမြန်ဆောက်တာ၊ လူအင်အား အမြန်ဖြည့်ပေးထားတာတွေ လုပ်ဆောင်နေတာပါခင်ဗျ။ ဒီစင်တာတွေကလည်း လက်ရှိမှာ အသားကုန်အားခြင်းလုပ်နေရတဲ့အခါမှာလည်း တချို့က အိမ်လောက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒါလေးတွေပါ နားလည်သည်းခံပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ မေတ္တာရပ်ခံချင်တာပါ။"

ရိုးမရိပ်သာ Quarantine Center မှာလည်း မနေ့တုန်းက ရက်ပြည့်လို့အိမ်ပြန်ခွင့်ရသူ ၁,၂၀၀ နီးပါး အိမ်ပြန်သွားကြပြီးဖြစ်လို့ လက်ရှိမှာ လူ ၈၀၀ လောက် ထပ်ပြီးထည့်လို့ရတယ်လို့ သိရပါတယ်။ ထပ်တိုးချဲ့ထားတဲ့ Quarantine Center တခုဖြစ်တဲ့ အောင်မြင့်မိုရ်အိမ်ရာမှာလည်း အသွားအလာကန့်သတ်ခံရသူတွေကို သီးခြားထားဖို့ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေပြီလို့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ကိုဗစ်သံသယလူနာတွေကို ရောဂါအတည်ပြုပေးနေတဲ့ ဓာတ်ခွဲဌာနတွေမှာ စစ်ဆေးပေးနိုင်တဲ့ပမာဏထက် ကျော်လွန်ပြီးဆောင်ရွက်နေရလို့ ဓာတ်ခွဲခန်းအသစ်တခု ထပ်ပြီးဖွင့်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ဓာတ်ခွဲအတည်ပြုလူနာတွေထဲ အနံ့မရတဲ့လက္ခဏာရှိသူ ရာခိုင်နှုန်းကို ဆန်းစစ်ရမယ်လို့ ပြောထားပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid/5597486.html

ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.