မွန်ပြည်သစ်ပါတီနယ်မြေတချို့ ရောဂါကူးစက်မှုကြောင့် မဲဆွယ်စည်းရုံးခွင့်ကန့်သတ်ထား

 

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ ကရင် ပြည်နယ် ဘုရားသုံးဆူမြို့တွေက စုစုပေါင်း ကျေးရွာ ၄၀ ဝန်းကျင်မှာ ကပ်ဘေးကာလအတွင်း အသွားအလာ ကန့်သတ်ထားတာကြောင့် ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသတွေက ကျေးရွာပေါင်း (၄၀) ဝန်းကျင်မှာ စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးခွင့် ကန့်သတ်လိုက်တာပါ။

အိမ်ထောင်စု ငါးထောင်ကျော်၊ လူဦးရေ နှစ်သောင်းကျော်နေထိုင်တဲ့ အဲဒီဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ကန့်သတ်ထားတာလို့ မွန်ပြည်သစ်ပါတီရဲ့ ပြည်တွင်းတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

“တကယ်လို့ ဒီကိုဗစ်ကူးစက်မြန်ရောဂါ အတော်အသင့် ထိန်းချုပ်နိုင်ရင်တော့ ဝယ်ပေါင်၊ ဝယ်ဇင်၊ ဖလံချောင်းဝ နေရာတဝိုက်မှာ မဲဆွယ်ခွင့် တဆင့်ချင်းပေးသွားဖို့ရှိတယ်။ ဘုရားသုံးဆူကားလမ်းကနေ ကျုံထောအထိကို မဲဆွယ်ခွင့်တော့ ပေးထားမယ်။ ဒါပေမဲ့ ဘုရားသုံးဆူမြို့နယ်။ ဗလိုက်ဒုန်း ဖိုက်တို့ ဂျပန်ရေတွင်းတို့ ခလောက်ခနီတို့မှာ ကျွန်တော်တို့ လုံခြုံရေးအရရော ကိုဗစ်ကူးစက်မှု ထိန်းချုပ်ဖို့အတွက် ဆက်လက်ကန့်သတ်ထားမယ်”

ဒီလို ကန့်သတ်ဖို့ စက်တင်ဘာ ၁၁ ရက်နေ့က ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ ဒေသခံမဟုတ်တဲ့ ပါတီတွေကို မဲဆွယ်ခွင့် မပြုပါဘူး။  မွန်ပြည်သစ်ပါတီက ဖွဲ့စည်းထားတဲ့ ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်နဲ့အညီ ဒေသခံပါတီဝင်တွေကိုသာ ဗီနိုင်းစိုက်ထူခွင့် ပြုထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မဲဆွယ်စည်းရုံးခွင့်ပြုတဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ အမတ်လောင်းတွေက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြတာပါ။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုနယ်မြေတွေမှာလည်း အဲဒီကာလက လွတ်လပ်စွာမဲဆွယ်ခွင့်ပြုခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကို ထိန်းချုပ်ဖို့ ဒီကျေးရွာ ၄၀ ဝန်းကျင်မှာ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ခဲ့ပါတယ်။ ဒီလိုကန့်သတ်လိုက်ရတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကူးစက်မှု အတော်အသင့် ပြန်လည်ထိန်းချုပ်နိုင်တဲ့အခါ ကန့်သတ်ထားတဲ့ ဧရိယာတွေမှာ မဲဆွယ်ခွင့် ပြန်ပေးမယ်လို့လည်း မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ဒီလိုကန့်သတ်လိုက်တဲ့အတွက် မဲဆွယ်စည်းရုံးရမယ့် ကိုယ်စားလှယ် လောင်းတွေ အခက်အခဲဖြစ်နေတယ်လို့ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ အဲဒီဘက်အပိုင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားအပိုင်းပေါ့နော်၊ ရေးချောင်းဖျားအပိုင်းလည်းရှိတယ်။ နောက် ဟိုအောက်ဘက်က တစ်ရွာ နှစ်ရွာလောက် ရှိတယ်။ အဲဒီမှာနေကြတဲ့သူတွေက မွန်အများစုပေါ့၊ အခု သူတို့က ပိတ်ထားတဲ့အခါကျတော့ ကျွန်တော်တို့က အဲဒီကို သွားမရဘူးပေါ့။ သွားမရဘူးဆိုတော့ ရှင်းရှင်းပြောရရင် မဲသွားဆွယ်လို့ မရဘူး။ နောက်ပြီးတော့ ပြည်သူတွေကို ကျွန်တော်တို့ ပေးချင်တဲ့ Message တွေ ပေးလို့မရဘူးပေါ့နော်”

မွန်ညီညွတ်ရေးပါတီရဲ့ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မင်းအောင်ထူးကတော့ ဗီနိုင်းတွေ လက်ကမ်းစာစောင်တွေကို ကျေးရွာဒေသခံ ပါတီဝင်တွေကနေတဆင့် ပေးပို့ပြီး မဲဆွယ်နေပါတယ်။

“ကျွန်တော်တို့က အဲဒီဒေသမှာ မဲဆန္ဒရှင်တွေက အသစ်ဖြစ်တာများနေတော့ သူတို့ဆီကို ကျွန်တော်တို့ မရောက်နိုင်တဲ့ အခါကျတော့ နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့လေ။ ဒါပေမဲ့ အဲဒီဒေသမှာရှိတဲ့ ပါတီဝင် အောက်ခြေက အမာခံ တာဝန်ရှိတဲ့သူတွေကို ဗီနိုင်း၊ လက်ကမ်းစာစောင်တွေပေါ့နော် အဲဒါတွေကို လက်ဆင့်ကမ်းပေးပြီးတော့မှ အဆင်ပြေသလိုပဲ လုပ်ကြတာပေါ့”

၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ ရွေးကောက်ပွဲ ကျင်းပခွင့် မရခဲ့ပါဘူး။ မွန်ပြည်သစ်ပါတီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့်  ၂၀၂၀ ရွေးကောက်ပွဲမှာမှ မွန်ပြည်သစ်ပါတီ ထိန်း ချုပ်နယ်မြေထဲ  ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဧရိယာမှာ အကျုံးဝင်တဲ့ မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေထဲမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nmsp-party-campaign-2020-election-09252020052852.html

မွန်ပြည်သစ်ပါတီနယ်မြေတချို့ ရောဂါကူးစက်မှုကြောင့် မဲဆွယ်စည်းရုံးခွင့်ကန့်သတ်ထား  မွန်ပြည်သစ်ပါတီနယ်မြေတချို့ ရောဂါကူးစက်မှုကြောင့် မဲဆွယ်စည်းရုံးခွင့်ကန့်သတ်ထား Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.