ကိုဗစ်ကာလ ရန်ကုန်ကို ကိုင်တွယ်စီမံမှု၊ ဒေသတွင်းနိုင်ငံတချို့ရဲ့လော့ခ်ဒေါင်း အတွေ့အကြုံအပါအဝင် တစ်ပတ်အတွင်း သတင်းမြင်ကွင်း

ရန်ကုန်မှာ စက်တင်ဘာ ၂၆ ရက်ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ထောင်ကျော်နဲ့ သေဆုံးသူအများဆုံးရှိနေပါတယ်။

ကိုဗစ် ကူးစက်မှုတွေ နေ့စဉ်များပြားနေတဲ့ ရန်ကုန်တိုင်းမှာ ကူးစက်မှု လျှော့ချဖို့ အရင်ထက် ပိုတဲ့ တင်းကျပ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်က စပြီး အာဏာပိုင်တွေက လုပ်လာခဲ့ပါတယ်။

လူ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်ကို လော့ခ်ဒေါင်းချဖို့ ဆုံးဖြတ်ဆောင်ရွက်တဲ့ အခါလိုအပ်ချက်တွေရှိခဲ့တယ်လို့လည်းဝေဖန်ကြတာတွေ ရှိပါတယ်။

ကိုဗစ်ကူးစက်မှုမြင့်တက်လာတဲ့အချိန်မှာ လော့ခ်ဒေါင်းချပိတ်ဆို့တဲ့ အရေးယူဆောင်ရွက်ချက်မျိုး နိုင်ငံတကာမှာဆောင်ရွက်ကြတာတွေလည်းရှိပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆောင်ရွက်ပုံချင်းကတော့မတူညီကြပါဘူး။

ရန်ကုန်ကို လော့ခ်ဒေါင်းချဖို့ နှောင်းနှေးခဲ့သလား

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ခြောက်လပြည့်ခဲ့ပါပြီ။

ကိုဗစ်ဒုတိယလှိုင်းကိုပါ ကြုံနေရပြီး နေ့စဉ် ကူးစက်သူအသစ် ထောင်ချီဖြစ်လာခဲ့ပါပြီ။ ကိုဗစ်လူနာတွေထဲ သေဆုံးသူဟာလည်း တစ်လအတွင်း ရာကျော်သွားခဲ့ပြီး နေ့စဉ် သေဆုံးမှု စာရင်းက ဆယ်ဂဏန်းအထက် ဖြစ်လာနေပါတယ်။

အများစုဟာ ရန်ကုန်ကပဲ ဖြစ်နေပါတယ်။

ဒါကြောင့် ကူးစက်မှုလမ်းကြောင်း လျှော့ချဖြတ်တောက်ဖို့ ရန်ကုန်မြို့ခံတွေကို စက်တင်ဘာ ၂၁ ရက်က စပြီး အိမ်ထဲမှာနေကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ ပါတယ်။ တကယ်တော့ အဲဒီမတိုင်ခင်တည်းက ရန်ကုန်ကို နှစ်ပတ်ခန့် လော့ဒေါင်းလုပ်ဖို့ ရန်ကုန် ပြည်သူတွေကြား တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ရန်ကုန်ကို လော့ခ်ဒေါင်းလုပ်ပေးဖို့ ရန်ကုန်ပြည်သူတွေထဲ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် တကယ်တမ်း ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်လာတဲ့အခါ ကြိုဆိုသူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရတာတွေ လည်း ရှိခဲ့ပါတယ်။

တင်းကျပ်မှုတွေစလုပ်လိုက်တဲ့အချိန်ဟာ လစာထုတ်ရမယ့် ကာလနဲ့တိုက်နေတာကြောင့် မမျှော်လင့်ထားတဲ့ အခက်ခဲတချို့ရှိသွားတယ်လို့ ရွှေသဇင်အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ မစိုးစိုးမူက ပြောပါတယ်။

ပုံမှန်ဆိုရင်တောင် လကုန်ပြီး ၅ ရက်နေ့မှ လစာကို ရရှိတာဖြစ်ပြီး ခု စက်ရုံတွေကို အောက်တိုဘာ ၇ ရက်အထိ အစိုးရက ပိတ်ခိုင်းထားတာကြောင့် စက်ရုံဘက်က လစာကို အောက်တိုဘာ ၁၀ ရက်မှသာ ထုတ်ပေးမယ်လို့ ကြေညာထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဒါကြောင့် လစာကြိုထုတ်ပေးဖို့ စက်ရုံဘက်ကို အလုပ်သမားတွေက တောင်းဆိုခဲ့ပေမယ့် အလုပ်သမား ၈၀၀ ကျော်ရှိတဲ့ သူတို့စက်ရုံအတွက် လစာတွေကြိုထုတ်ပေးဖို့လည်း အဆင်မပြေတဲ့အတွက် စက်ရုံဘက်က လစာထဲကနေ ကျပ် သုံးသောင်းကို ကြိုထုတ်ပေးခဲ့တာ ရှိတယ်လို့ မစိုးစိုးမူက ပြောပါတယ်။

ဒါပေမဲ့ ရောဂါကို မထိန်းချုပ်နိုင်သေးသမျှ ခုလိုသာ စက်ရုံကိုဆက်ပိတ်ထားမယ်ဆိုရင်ရေရှည်မှာ အလုပ်အကိုင်တွေ လက်လွှတ်ဆုံးရှုံးရမလားဆိုတာ အမြဲစိတ်ပူနေရတယ်လို့ ဆက်ပြောပါတယ်။

"အဆောင်နေတဲ့သူတွေဆို ပိုဆိုးတာပေါ့နော်။ လကုန်ရင် အဆောင်လခတွေ ပေးရတော့မယ်။ အိမ်လခတွေ ဘယ်လိုပေးကြမလဲ။ အဲဒါတွေတွေးပြီး တချို့ဆို စက်ရုံကိုတောင် မပိတ်စေချင်ကြဘူး။ အလုပ်မလုပ်ဖြစ်ရင် ပိုက်ဆံမရတော့ဘူးဆိုပြီး အကုန်လုံးက ပူပန်နေကြတာ။ ရောဂါလည်းကြောက်ရ။ ပိုက်ဆံမရမှာလည်းကြောက်ရ။ ရေရှည်သာ ဒီလိုဖြစ်ရင် အလုပ်သမားတွေရဲ့ စားဝတ်နေရေး ခက်ခဲကုန်ပါလိမ့်မယ်" လို့ မစိုးစိုးမူကပြောပါတယ်။

အခုလို ကြုံရတာက မစိုးစိုးမူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

တင်းကျပ်မှုတွေ စတဲ့ ရက်မှာပဲ ရန်ကုန်ကနေ စီပီကုမ္ပဏီအတွက် ပဲခူးဘက်မှာ ကြက်တွေကို သွားယူရတဲ့အခါ ရန်ကုန်နဲ့ ပဲခူးကြားမှာ တားဆီးခံခဲ့ရတယ်လို့ ကုန်ကားယာဉ်မောင်း ကိုဇော်ဝင်းအောင်ကပြောပါတယ်။

ရန်ကုန်ကနေပဲခူးကို ဝင်ပြီး ကုန်တွေ ပြန်သယ်လာရင် ပေးမဝင်တော့မှာဖြစ်ကြောင်းနဲ့ အခု ရန်ကုန်ဘက်ကို ပြန်လှည့်ချင်ရင်လှည့်ပြန်နိုင်ကြောင်း စစ်ဆေးရေးဂိတ်ကနေ တားမြစ်ခံရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာ စတင်တင်းကျပ်စွာကိုင်တွယ်မယ်လို့ သိထားတဲ့အတွက် စီပီကုမ္ပဏီဘက်ကလည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပေးခဲ့ပြီး အဲဒီစာရွက်စာတမ်းတွေပြသပေမယ့်လည်း ခုလိုကြုံတွေ့ခဲ့ရတယ်လို့ ကိုဇော်ဝင်းအောင်ကပြောပါတယ်။

အခုလို စားသောက်ကုန်စည်တွေ သယ်ယူပို့ဆောင်မှုကို တားမြစ်တာဟာ ရန်ကုန်တိုင်းအတွက် ရေရှည်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနိုင်တယ်လို့လည်း ကိုဇော်ဝင်းအောင်ကပြောပါတယ်။

အိမ်ထဲမှာပဲနေဖို့အပါအဝင် ဒီအမိန့်ကို ထပ်တိုးတင်းကျပ်ထားတဲ့ညွှန်ကြားချက်ကို အစိုးရက ရုံးပိတ်ရက် တနင်္ဂနွေညပိုင်းမှာထုတ်ပြီး နောက်ရက်မှာ ချက်ချင်းအသက်ဝင်စေခဲ့ပါတယ်။

ခွင့်ပြုလုပ်ငန်းမှအပ တခြားလုပ်ငန်းတွေအားလုံးကို နေအိမ်ကနေ အလုပ်လုပ်ဖို့အပါအဝင် အရင်ထက် ပိုတင်းကျပ်တဲ့အမိန့်ကို အစိုးရဟာ ရုံးပိတ်ရက် တနင်္ဂနွေညပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး နောက်ရက်မှာ ချင်းချင်းပဲ စတင်အသက်ဝင်စေခဲ့ပါတယ်။

ဒါကြောင့် နောက်တစ်နေ့မနက် ရုံးဖွင့်ချိန်မှာ လုပ်ငန်းခွင်တွေ ဝင်ရမလား မဝင်ရဘူးလားဆိုတဲ့ မရေရာမှုတွေလည်း ဖြစ်ခဲ့ကြပါတယ်။

ဒါ့အပြင် Stay at home အမိန့်ထုတ်ပြီး နောက်တစ်ရက်အကြာမှာ ခြွင်းချက် နဲ့ အလုပ် တက်နိုင်မယ် ခွင့်ပြုလုပ်ငန်းတချို့ကို ဖြည့်စွက်ထုတ်ပြန်လာခဲ့ပြန်ပါတယ်။

ထုတ်ပြန်ချက်တွေဟာ ရှင်းလင်းတိကျမှုမရှိတာကြောင့် အများပြည်သူကြား မေးခွန်းထုတ်စရာ တွေလည်း များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

တစ်ပြိုင်တည်းလိုလိုမှာပဲ ရန်ကုန်က လူ ၇ သန်းအတွက် ရိက္ခာတွေ အမြန်ဆုံးဖြန့်နိုင်ဖို့ တွက်ချက်ဆောင်ရွက်တင်ပြဖို့ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာက လူမှုကွန်ရက်မှာပျံ့နှံ့လာခဲပါတယ်။

ဒီစာကြောင့် ရန်ကုန်မှာ ဒီထက်ပိုပြီးတင်းကျပ်တဲ့ အလုံးစုံပိတ်ဆို့တဲ့ လော့ဒေါင်းအခြေအနေတွေ ဖြစ်လာတော့မလား လို့ မေးခွန်းတွေလည်း ရှိလာခဲ့ပါတယ်။

တကယ်တော့ ကိုဗစ်နဲ့ပတ်သက်တဲ့ အမိန့်အများစုကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်နဲ့ ထုတ်ပြန်တာပါ။

ဒါပေမဲ့ ရန်ကုန်ကို အဓိက ကိုင်တွယ်ညွှန်ကြားတာကတော့ ဗဟိုအစိုးရဖြစ်ပြီး တိုင်းက ဗဟိုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်တွင်းမီဒီယာတချို့မှာ ဖြေကြားခဲ့ပါတယ်။

ကိုဗစ်ပထမလှိုင်း အတွေ့အကြုံရှိပြီးသား ရန်ကုန်ဟာ ခုလို ဒုတိယလှိုင်းနဲ့ ကြုံရချိန်မှာ တစ်ဆင့်ချင်း ပြင်ပြင်ဆင်ဆင် ဆောင်ရွက်နိုင်ခဲ့တာမျိုး ရှိသလားဆိုတာလည်း မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာဏာရပါတီ NLD ကအမတ်တစ်ဦးဖြစ်ပြီး ရန်ကုန်ကိုဗစ်ထိန်းချုပ်ကုသရေး မြေပြင်မှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူသင်းကတော့ တိုင်းအစိုးရဟာ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။

ရန်ကုန်ဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလို မဟုတ်ဘဲ လူဦးရေ ထူထပ်ပြီး အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းတွေ များစွာရှိတာကြောင့် လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားနဲ့ ကိုင်တွယ်သင့်ခဲ့ပြီး အခုအခြေအနေက လူတွေကူးစက်မှုတွေ အများကြီးရှိသွားချိန်ကျမှ နောက်က လိုက်လုပ်ရသလို ဖြစ်နေတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်နဲ့ပတ်သက်လို့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်တွေကို တိုင်းအစိုးရက ချက်ချင်းအကောင်အထည်ဖော်ဖို့ နှောင့်နှေးတာတွေရှိပြီး ပြည်သူတွေရဲ့အသံကို ထည့်သွင်းတွက်ချက်ဆောင်ရွက်တာကြောင့် တင်းကျပ်သင့်မယ့်အချိန်မှာ မတင်းကျပ်ဘဲ စည်းကမ်းချက်တွေကို ပြန်လျှော့ပေးခဲ့တာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် အောက်ခြေမှာ အကောင်အထည်ဖော်ရသူတွေမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခက်ခဲတွေ ကြုံခဲ့ရတယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

ဗဟိုအစိုးရဟာလည်း ပြည်သူအတွက် စဉ်းစားပြီးလုပ်ဆောင်တာဖြစ်ပြီး တစ်ခါတလေမှာ ပြည်သူအတွက်ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ ကြိုကြိုတင်တင်လုပ်ထားသင့်တယ်လို့ ယူဆကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ကို စားနပ်ရိက္ခာဖြန့်ဖြူးဖို့ ပြင်နေတယ်ဆိုတဲ့ ကြေညာချက်ကိုလည်း သတင်းတွေမှာသာ ဖတ်ရသလောက်သိရပြီး ချက်ချင်း ဖြန့်ဖြူးမှာလား။ ဒါမှမဟုတ်နောက်ထပ် ဒီထက်တင်းကျပ်တဲ့ အခြေအနေအတွက် ကြိုပြင်တာလားဆိုတာလည်း လွှတ်တော်အမတ်ဖြစ်တဲ့ သူကိုယ်တိုင်မသိရှိဘူးလို့ ပြောပါတယ်။

"ခုအခြေအနေကလည်း ဒါ Semi Lockdown ပုံစံတင်းကျပ်ထားတာလို့ မြင်တယ်။ ဒီထက်အခြေအနေတွေ ပိုဆိုးလာပြီး လော့ခ်ဒေါင်းလုပ်ရမယ်ဆိုရင်တော့ ပညာရှင်တွေရဲ့အသံ အကြံဉာဏ်ယူပြီး လုပ်ဖို့ တိုက်တွန်းပါတယ်" လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း အခြေခံစားကုန်တွေကို ရာရှင်စနစ်နဲ့ ဖြန့်ဝေမယ်ဆိုတဲ့ကိစ္စဟာ လိုအပ်လာမှသာ ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ရွှေလီမြို့လော့ခ်ဒေါင်းကို ဘယ်လိုပြင်ဆင်ခဲ့ကြလဲ

တကယ်တော့နောက်ဆုံးပေါ် ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဟာ ကြိုတင်မျှော်လင့်မထားတဲ့အချိန်မှာ အားလုံး ရင်ဆိုင်တွေ့ကြုံလိုက်ရတဲ့ကပ်ရောဂါကြီးပါ။ ကူးစက်မှုအလွန်မြန်ပြီး ခုထိ ကာကွယ်ဆေးလည်း မရနိုင်သေးလို ကိုင်တွယ်ရလည်း အလွန်ခက်ခဲတဲ့ ပြဿနာကြီးတစ်ရပ်လည်း ဖြစ်နေပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကိုပဲအကောင်းဆုံး တုံ့ပြန်စဉ်းစားပြီး ပြင်ဆင်သွားနိုင်တဲ့ဒေသတွင်း နိုင်ငံတချို့လည်း ရှိနေပါတယ်။

အနီးစပ်ဆုံးဥပမာတစ်ခုကတော့ တရုတ်မြန်မာနယ်စပ်မြို့ ရွှေလီမှာ စက်တင်ဘာ လလယ်ပိုင်းက ကိုဗစ်ပိုးကူးစက်ခံရသူ နှစ်ဦးကို စတင်တွေ့ခဲ့တဲ့နောက် တစ်မြို့လုံးကို လော့ဒေါင်းချလိုက်ပြီး ပိုးကူးစက်ရာလမ်းကြောင်းတွေကို အချိန်တိုအတွင်းမြန်မြန်ဆန်ဆန် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

လော့ခ်ဒေါင်းလုပ်ထားတဲ့ရွှေလီမြို့ ညမြင်ကွင်း

ဒါကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကျတဲ့ စီးပွားရေးမြို့တော် ရွှေလီရဲ့လော့ဒေါင်းဟာ အချိန်အားဖြင့် ၇ ရက်ပဲကြာခဲ့ပါတယ်။

ရွှေလီမှာ ကိုဗစ်လူနာနှစ်ဦးတွေ့ချိန်မှာ အစိုးရက သတင်းစာရှင်းလင်းပွဲ ချက်ချင်းပြုလုပ်ခဲ့ပြီး သိသင့်သိထိုက်တဲ့ကြေညာ ချက်တွေချက်ချင်းထုတ်ပြန်ခဲ့တယ်လို့ ရွှေလီမြို့အခြေစိုက် ရွှေမြန်မာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

ရွှေလီကို လော့ခ်ဒေါင်းပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာတစ်ပတ်စာ ကြိုတင်ဝယ်ထားဖို့၊ အဲဒီလိုမဝယ်နိုင်သူတွေ တစ်အိမ်ကို တစ်ယောက်က အာဏာပိုင်တွေထံ ခွင့်ပြုချက်နဲ့ ဈေးထွက်ဝယ်ဖို့၊ ဆေးဝါးနဲ့စားသောက်ကုန်ကလွဲပြီး ကျောင်း၊ ရုံး၊ စက်ရုံအပါအဝင် အားလုံးပိတ်ထားဖို့ စတာတွေကို အသိပေးခဲ့ပါတယ်။ မီဒီယာတွေကနေတစ်ဆင့်လည်း သတင်းထုတ်ပြန်သလို တရုတ်မှာအသုံးများတဲ့ we chat ကနေလည်း ကြေညာခဲ့ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ စားဝတ်နေရေးမပြေလည်တဲ့အိမ်ထောင်စုတွေကိုတော့ အစိုးရက နေအိမ်အရောက် စားနပ်ရိက္ခာတွေကို ရဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားနဲ့ လိုက်လံ ဖြန့်ဖြူးခဲ့ပါတယ်။

အဲဒီနောက် ပိုးစတွေ့တဲ့နေရာကိုလော့ခ်ဒေါင်းလုပ်၊ အဲဒီနေရာအပါအဝင် တမြို့လုံးကို သတ်မှတ်ရက်အတွင်းဆေးအခမဲ့စစ်ပေးခဲ့ပြီး ပိုးမတွေ့တဲ့နေရာတွေအားလုံးကို ပိတ်ဆို့ကန့်သတ်မှုတွေ ပြန်ဖွင့်ပေးခဲ့တယ်လို့ ကိုချမ်းမြေ့က ရွှေလီမြို့အခြေအနေကို ပြောပြပါတယ်။

စားသောက်ကုန်ကလွဲပြီး စာသင်ကျောင်း၊ ရုံး၊ ကုမ္ပဏီ အပါအဝင် အားလုံး ရွှေလီလော့ခ်ဒေါင်းမှာ ပိတ်ထားကြရပါတယ်။

"ဒီဘက်က လော့ဒေါင်းနဲ့ မြန်မာပြည်ကစတေးဟုမ်းက မတူဘူး။ ဒီမှာက အကုန်ကိုပိတ်ချလိုက်ပြီး စိတ်ချရပြီဆိုတာနဲ့ အကုန်ပြန်ဖွင့်ပေးတာ။ မြန်မာကတော့ အိမ်မှာနေခိုင်းပေမယ့် အလုပ်တော့ သွားလို့ရနေသေးတယ်။ အပြင်ထွက်သူတစ်ယောက်မှာ ပိုးရှိရင် တစ်အိမ်လုံးကူးမှာလေ။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်မြန်မာကိုလည်း ဒီလိုအတုယူလုပ်စေချင်တယ်" လို့ သူက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအကုန်လုံးကတော့ မကြုံစဖူး ကပ်ရောဂါဆိုးကြီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်နေရချိန်ပါ။ ဒါပေမဲ့ ဖြစ်လာနိုင်ခြေရှိတာတွေကို ကြိုတင်တွေးတောတွက်ဆပြီး ပြင်ဆင်ထားနိုင်မယ်ဆိုရင် ထိခိုက်နစ်နာမှုနည်းနိုင်တာတင်မက ရောဂါထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်တွေကို အသိပေးရှင်းလင်းမှုအားကောင်းရင် လူထုကလည်း လိုက်နာဆောင်ရွက်ဖို့ လွယ်ကူထိရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54308399

ကိုဗစ်ကာလ ရန်ကုန်ကို ကိုင်တွယ်စီမံမှု၊ ဒေသတွင်းနိုင်ငံတချို့ရဲ့လော့ခ်ဒေါင်း အတွေ့အကြုံအပါအဝင် တစ်ပတ်အတွင်း သတင်းမြင်ကွင်း  ကိုဗစ်ကာလ ရန်ကုန်ကို ကိုင်တွယ်စီမံမှု၊ ဒေသတွင်းနိုင်ငံတချို့ရဲ့လော့ခ်ဒေါင်း အတွေ့အကြုံအပါအဝင် တစ်ပတ်အတွင်း သတင်းမြင်ကွင်း Reviewed by THITHTOOLWIN on 00:02 Rating: 5

No comments:

Powered by Blogger.