မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲမှု အမြန်ဆုံးရလဒ်သိနိုင်တဲ့နည်းနဲ့ စစ်ဆေးတော့မယ်

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုက ကျန်းမာရေးဝန်ထမ်းတဦး။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)

COVID-19 ရောဂါ ရှိမရှိ နာရီဝက်အတွင်း စစ်ဆေးသိရှိနိုင်မယ့် စမ်းသပ်ပစ္စည်းနဲ့ မကြာခင်မှာ စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ အဲဒီစမ်းသပ်ပစ္စည်းတွေကို ဆေးရုံအသီးသီးအတွက် ဖြန့်ဖြူးပေးသွားမှာဖြစ်သလို ရောဂါပိုး ကူးစက်ထားသူတွေနဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုဆိုင်ရာ မူဝါဒတွေကို ပြောင်းလဲသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို မမေခက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

COVID-19 ရောဂါရှိမရှိ အချိန်တိုတွင်း စမ်းသပ်စစ်ဆေးသိရှိနိုင်မယ့် Antigen Test Kit တွေ မကြာခင်မှာ ရောက်လာတော့မယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“တသုတ်ပြီးတသုတ် ရောက်ဖို့ရှိပါတယ်။ ရောက်တာနဲ့ စစမ်းမှာ ဖြစ်ပါတယ်။ အဲလိုစမ်းတဲ့အခါမှာ Positive Rate တွေကတော့ ပိုပြီးတော့ များလာနိုင်ပါတယ်။ အဲဒီအခါမှာ ကျမတို့အနေနဲ့ Positive ဆိုရင် Category ခွဲမှာ ဖြစ်ပါတယ်။ Positive ဖြစ်တဲ့အထဲမှာ အသက်ငယ်တယ်၊ ရောဂါလက္ခဏာ မပြဘူး၊ နောက်ခံရောဂါ မရှိဘူး၊ သူတို့ကိုကျတော့ သီးသန့်အနေနဲ့ ထားရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် တိုးချဲ့မယ့်နေရာတွေမှာ ထားမှာဖြစ်ပါတယ်။ အဲဒီမှာမှ ရောဂါလက္ခဏာပြတယ်၊ ဒါပေမယ့် အသက်ကတော့ငယ်တယ်၊ နောက်ခံရောဂါမရှိဘူး၊ ဒါမျိုးဆိုရင် ကျမတို့ တနေရာပေါ့။

“တနည်းအားဖြင့် ပြောမယ်ဆိုရင် Category ဘယ်လောက်ခွဲမလဲတော့ အခုက ဆွဲနေတုန်း ဖြစ်ပါတယ်။ NHL အနေနဲ့လည်း ဘယ်လိုလူတွေကို ဓာတ်ခွဲစမ်းသပ်မလဲပေါ့။ ဒါနဲ့ပတ်သက်လို့ Lab စစ်ဆေးဖို့အတွက်လည်း Criteria တွေလည်း ရေးဆွဲနေတာ ရှိပါတယ်။ အသက်ကလည်း ကြီးမယ်၊ နောက်ခံရောဂါကလည်း ရှိမယ်၊ လက်ရှိမှာလည်း ရောဂါလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် သေချာ စစ်ဆေးပေးဖို့ အနီးကပ်ကုသမှု ယူဖို့အတွက်တော့ တောင်ဥက္ကလာတို့ ဝေဘာဂီတို့ ဖောင်ကြီးတို့မှာ ထားမှာဖြစ်ပါတယ်။”

COVID-19 ရှိမရှိကို မြန်မြန်ဆန်ဆန် စစ်နိုင်တဲ့ ကိရိယာ အခုရေ ၁ သိန်း တောင်ကိုရီးယားနိုင်ငံကနေ မှာယူထားပြီး တောင်ကိုရီးယား အစိုးရကလည်း ဒေါ်လာ ၅ သိန်းဖိုး လှူမယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အခုစမ်းသပ်ပစ္စည်းဟာ ပိုးရှိမရှိ မိနစ် ၃၀ အတွင်း အတိအကျသိနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထိရောက်တဲ့ ကုသမှုတွေပေးနိုင်ဖို့၊ ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကို မြန်မြန်ဆန်ဆန်ရှာနိုင်ဖို့၊ အရေအတွက်များများ စစ်ဆေးနိုင်သလို ဓာတ်ခွဲခန်း စစ်ဆေးမှုနဲ့ ပတ်သက်လို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို လျှော့ချနိုင်တာမို့ ဒီလိုစစ်ဆေးမှုက ပြည်သူအတွက်ရော အစိုးရအတွက်ပါ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒီစစ်ဆေးမှုက နှာခေါင်း အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးတာဖြစ်ပေမယ့် ကုန်ကျစရိတ် သက်သာတယ်လို့လည်း သူက ပြောပါတယ်။ ဒီစစ်ဆေးတဲ့ ပစ္စည်းပိုင်းရဲ့ တိကျမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လက်ခံထားတာဖြစ်လို့ တိကျမှုပိုင်းက မေးခွန်းထုတ်စရာ မရှိနိုင်ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သူက Swab ယူဖို့လည်း ပါတယ်လို့ ပြောတယ်။ အခုလက်ရှိ Test Kit ကကျတော့ WHO က အသိအမှတ်ပြုတဲ့ Antigen Test Kit ဖြစ်ပါတယ်။ နောက်တခုက ပိုးရှိရင် ပိုးရှိတာကို တွေ့ရှိနိုင်မှု၊ မရှိရင်လည်း မရှိကြောင်း တွေ့ရှိနိုင်မှု၊ အဲဒီနှစ်ခုလုံးက ၉၀ ရာခိုင်နှုန်းကျော်ကျော် ၁၀၀ ရာခိုင်နှုန်းနီးနီး ရှိပါတယ်။ အဲဒါကတော့ တော်တော်ကြီးကို စိတ်ချရတဲ့အဆင့်မှာ ပါပါတယ်။”

မြန်မြန်စမ်းသပ်စစ်ဆေးနိုင်တဲ့ စစ်ဆေးမှုကို ကျန်းမာရေးဝန်ကြီးဌာနအပြင် ပုဂ္ဂလိကပိုင်းမှာပါ စစ်ဆေးနိုင်ဖို့အတွက် ပုဂ္ဂလိက ဆေးရုံတွေဘက်ကလည်း ပြင်ဆင်နေတယ်လို့ ပုဂ္ဂလိကဆေးရုံအသင်း ဥက္ကဋ္ဌ ဒေါက်တာ ထင်ပေါ်က ပြောပါတယ်။

“ကိုရီးယားကနေ လှူလည်းလှူမယ်၊ ဝယ်လည်း ဝယ်မယ်၊ နိုင်ငံတော်အစိုးရကလည်း ဝယ်မယ်ပေါ့လေ။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ ပုဂ္ဂလိကကနေပြီးတော့ ပံ့ပိုးပြီးတော့ ဒီဟာတွေ ပိုပြီးတော့ စစ်လို့ရအောင် ဘယ်ပုံဘယ်နည်းပိုင်း ကူကြမလဲ ဆိုပြီးတော့ ဒီနေ့ဆွေးနွေးပြီးတော့ ဝန်ကြီးဌာနကို ကျနော်တို့ တင်ပြလိုက်ပါပြီ။ တရားဝင် တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းတွေ ရှိပါတယ်။ Class ပေါ့၊ Sample ယူမယ့် ကျန်းမာရေးဝန်ထမ်းတွေက PPE တွေ ဝတ်ရပါတယ်။ PPE တွေဝတ်တာရယ် သူ့ရဲ့ Overhigh Charges လေးတွေ ရှိပါတယ်။ အဲဒါလေးတွေ ပေါင်းပြီးရင် ငွေ ၂၀,၀၀၀ ပတ်ဝန်းကျင်လောက်တော့ ဖြစ်သွားမယ်ထင်တယ်။ လက်ရှိဈေးနှုန်းပေါ့။ အဲဒီဟာတွေက အများကြီး မြတ်ဖို့ဆိုပြီးတော့ မစဉ်းစားထားပါဘူး။”

ဒီ Antigen Test Kit တွေကို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တောင်ကိုရီးယားက မြန်မာကို လှူခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု နေ့စဉ်လို တိုးလာနေတာနဲ့အမျှ လက်ရှိ ဓာတ်ခွဲခန်းတွေက စမ်းသပ်စစ်ဆေးနိုင်တဲ့ အရေအတွက်ထက် ပိုများလာနေတာပါ။ ဒါကြောင့်လည်း အခုလို အရေအတွက်များများနဲ့ မြန်မြန်စစ်ဆေးနိုင်မယ့် နည်းလမ်းကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။


မေခ/VOA (Burmese)

https://burmese.voanews.com/a/covid-test-kit/5598813.html

မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲမှု အမြန်ဆုံးရလဒ်သိနိုင်တဲ့နည်းနဲ့ စစ်ဆေးတော့မယ် မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲမှု အမြန်ဆုံးရလဒ်သိနိုင်တဲ့နည်းနဲ့ စစ်ဆေးတော့မယ် Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.