အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ့် ၂၀၂၀ ရွေးကောက်ပွဲ

တောင်ကြီး ပြည်နယ်မဲဆန္ဒ(၁)ကဝင်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး

ရက် ပေါင်း ၄၀ ဝန်းကျင်သာ လိုတော့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ကိုယ်စားလောင်းစုစုပေါင်း ၇၀၀၀ နီးပါးဝင်ပြိုင်ကြမယ်လို့ စာရင်းပေးထားပြီးအဲဒီထဲမှာ အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ကျင်းပလာတဲ့ ရွေးကောက်ပွဲတွေတစ်လျှောက်မှာ အမျိုးသမီးတွေ အများဆုံးပါဝင် ယှဥ်ပြိုင်ကြတဲ့ အ‌ရေအတွက်လည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ အများဆုံး၀င်ပြိုင်ကြတဲ့ တိုင်းဒေသကြီးကတော့ ရန်ကုန်တိုင်းကဖြစ်ပြီး စုစုပေါင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၂၄ ဦးက လွှတ်တော် ၃ ရပ်မှာ ဝင်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။။

ရှမ်းပြည်နယ်က ဒုတိယ အများဆုံးဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း၂၀၅ ဦး ဝင်ပြိုင်ကြမှာပါ။

တစ်နိုင်ငံလုံးမှာ ၀င်ပြိုင်တဲ့ အမျိုးသမီး အရေအတွက်ဟာ ၂၀၁၀ က ဝင်ပြိုင်တဲ့ ၁၂၇ ဦးနဲ့ နှိုင်းယှဥ်ရင် တော့ အခု ၁၁၀၀ ကျော်ဟာ ၁၀ဆ လောက် များလာတယ်လို့ ဆိုနိုင်ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲ အမျိုးသမီးတွေပါဝင်မှုဟာ ၀င်ပြိုင်မယ့်ကိုယ်စားလှယ်အားလုံးစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းသာ ရှိပါသေးတယ် ။

‌ရွေးကောက်ပွဲ အပြီးမှာ အခုဝင်ပြိုင်မယ့် အမျိုးသမီးတွေထဲက ကိုယ်စားလှယ် ဘယ်နှဦး လွှတ်တော်ထဲကို ရွေးကောက်ခံအဖြစ် ရောက်လာမယ်ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အမျိုးသမီး ၈၀၀ ၀င်ပြိုင်ပြီး လွှတ်တော်ထဲကို အမျိုးသမီး ကိုယ်စားလှယ် ၁၅၀ ကျော် ရွေးကောက်ခံ အမတ် အဖြစ် ရောက်ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းကဝင်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး

မကြာခင်က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ လည်း ၂၀၂၀ ရွေး ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၁၀၄ ဝင်ပြိုင်ဖို့ စာရင်းပေးထားတာတွေ့ရလို့ အမျိုးသမီးပါဝင်မှု ၁၆ရာခိုင်နှုန်း ထိတက်လာတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း ၃၀၆၉ ယောက်မှာ အမျိုးသမီးကိုယ်စားလှယ် လောင်း ၁၂၇ ဦး ဝင်ပြိုင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ကိုယ်စားလှယ်လောင်း ၆၀၃၈ဦး မှာ အမျိုးသမီး ကိုယ်စားလှယ် လောင်း ၈၀၀ ဝင်ပြိုင်ခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတွေကို နှိုင်းယှဥ်ကြည့်ရင် အမျိုးသမီးပါဝင်မှုနှုန်းဟာ တဖြည်းဖြည်း တိုးလာခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ အမျိုးသမီးကိုယ်စားလှယ် ၄၅ ဦးပဲ အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့နဲ့ အမျိုးသမီး ကိုယ်စားလှယ် ၁၅၁ ဦးအနိုင်ရခဲ့တဲ့ အတွက် လွှတ်တော်ထဲ အမျိုးသမီးတွေ ရောက်ရှိလာမှုဟာလည်း သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။

အခုလို မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှု သိသိသာသာတိုး လာတာက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကစပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ပြိုင်ခဲ့တာနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။

လွှတ်တော်ထဲရောက် ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်များ

"၂၀၂၀ရွေးကောက်ပွဲအတွက် ပါတီတွေက အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အရင်ကထက် ပိုရွေးလာတာကို အထူးပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါက ကျားမ တန်းတူညီမျှရေးအတွက် ကောင်းမွန်တဲ့ ကြိုးစားမှုတခုဖြစ်လို့ သက်ဆိုင်ရာ ပါတီက လူကြီးတွေကိုရော အားလုံးကို ကျေးဇူးတင်တယ်။

ကျွန်မတို့ အမျိုးသမီးတွေကို အခုလိုမျိုး ကိုယ်စားလှယ်လောင်း ရွေးချယ်ရုံတင်မက ကိုယ်စားလှယ်အဖြစ် တင်မြှောက်ပေးနိုင်အောင်လည်း ပြည်သူလူထုက မဲပေးဖို့ လိုပါတယ်။ ဒါမှ လွှတ်တော်အသီးသီးမှာ အမျိုးသမီးကိုယ်စားပြု တာဝန်ထမ်းဆောင်ရင်း တန်းတူညီမျှမှုနဲ့ အမျိုးသမီးများ‌ရဲ့ဘဝ လူနေမှုမြှင့် တင်ရေး ကို ပိုလုပ်လာနိုင်မယ်လို့ ထင်တယ် " လို့ အမျိုးသမီးရေးလှုပ်ရှားသူ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။

မြန်မာအမျိုးသမီးတွေ တရားဝင်မဲပေးခွင့်ရခဲ့တာ ၁၉၃၅ ခုနှစ်က စခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ၁၉၃၂ က စပြီး မဲပေးခွင့်ရခဲ့ပြီး အမျိုးသမီးမဲပေးခွင့် နောက် အကျဆုံးရခဲ့တဲ့ အာဆီယံ နိုင်ငံကတော့ ၁၉၅၈ ခုနှစ် မှစပြီးရခဲ့တဲ့ လာအိုနိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လွှတ်တော် အမတ်အဖြစ် အရွေးခံခွင့်ကို ၁၉၄၆ ခုနှစ်က စရခဲ့တယ် လို့ သိရပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေလုပ်ကြံခံ ရပြီးနောက်ပိုင်း ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းကတော် ‌ဒေါ်ခင်ကြည်၊ ဦးရာဇတ် ဇနီး‌ဒေါ်ခင်ခင်၊ ဦးဘချိုရဲ့သမီး ဒေါ်ခင်နု၊ သခင်မြရဲ့ ဇနီး ဒေါ်ခင်ညွန့်တို့ ရွေးကောက်ပွဲဝင်ပြီး အရွေးခံခဲ့ရတဲ့သမိုင်းလည်း ရှိခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း မြန်မာ့ နိုင်ငံရေးနဲ့လွှတ်တော်မှာ အမျိုးသမီးတွေ ပါဝင်လာမှုက၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းကစပြီး သိသိသာသာ ပြောင်းလဲ တိုးတက်လာတယ်လို့လည်း ပြောနိုင်ပါတယ်။

ရန်ကုန်တိုင်း အလုံမြို့နယ်က ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းများ

NLDပါတီရဲ့ အမျိုးသမီးပါဝင်မှု

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် လူဟောင်း ၈၀ ရာခိုင်နှုန်း ၊ လူသစ်၂၀ရာခိုင်နှုန်း ၊ အမျိုးသမီး ၂၀ရာခိုင်နှုန်း ရွေးချယ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၄၃ ယောက်စာရင်းမှာ အမျိုးသမီးက၂၁၃ ဦးဆိုတော့ ၁၉ ရာခိုင်နှုန်းနီးပါးပဲ ရှိသေးတာကို တွေ့ရပါတယ်။

တခြားပါတီတွေနဲ့ မတူတဲ့ NLD ပါတီရဲ့ ထူးခြားချက်က ပါတီရဲ့ထိပ်ဆုံး ခေါင်းဆောင်က အမျိုးသမီးဖြစ်သလို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါက်တာမေဝင်းမြင့်၊ ‌ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင်တို့လို ဝါရင့်အမတ်တွေ ဆက်ရှိနေတာပါ။ သူတို့ ၃ ယောက်လုံး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်မှာဖြစ်လို့ နိုင်ခဲ့ရင် ရွေးကောက်ပွဲ ၄ ပွဲ အနိုင်ရတဲ့ အမျိုးသမီးအမတ်တွေ ဖြစ်လာမှာပါ။

၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အနိုင်ရထားတဲ့ မဇင်မာအောင်နဲ့ မဖြူဖြူသင်းတို့ အပြင် အသက်၃၀ အောက် လူသစ်တွေ အနေနဲ့ မြောက်ဒဂုံက ဝင်ပြိုင်မယ့် မမြသီတာနဲ့ မင်္ဂလာတောင်ညွန့်က ဝင်ပြိုင်မယ့် မသက်ထားစုကြည်တို့လို နိုင်ငံခြားမှာ ပညာသင်ယူခဲ့သူ လူငယ်တွေကိုလည်း ရွေးထားတာကို တွေ့ရပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မမြသီတာက အမျိုးသမီးများ နှင့်သက်ဆိုင်သော ဥပဒေများကို ပြဌာန်းရာမှာ ပါဝင်ဆောင်ရွက်လိုပါတယ်။ လူငယ်တစ်ယောက် အနေနဲ့လည်း နိုင်ငံရေးကဏ္ဍမှာ ကိုယ်စားပြုပါဝင်ပြီး တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်ရာမှာ ပါဝင်ဆောင်ရွက်ချင်ပါတယ်။ ကိုယ်သင်ယူထားတဲ့ ပညာတွေနဲ့ တိုင်းပြည်အတွက် အကျိုးပြုချင်တဲ့အတွက်၊ ပါတီကလည်း တာဝန်ပေးအပ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ အမျိုးသမီးအမတ်လောင်း ၁၆၇ ယောက်နဲ့ ယှဥ်လိုက်ရင်တော့ ၂၀၂၀ အမျိုးသမီး အမတ်လောင်းအရေအတွက် ၂၁၃ ဦး က အမျိုးသမီး ကိုယ်စားလှယ် ၅၀ နီးပါးပဲ တိုးလာတာ တွေ့ ရပါတယ်။

ပြည်ခိုင်ဖြိုး ကိုယ်စားပြုဝင်ပြိုင်မယ့် ဒေါ်ခင်ဝိုင်းကြည်

အမျိုးသမီး ၁၀ရာခိုင်နှုန်းဝင်ပြိုင်မယ့် ပြည်ခိုင်ဖြိုး

၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရပါတီ ဖြစ်ခဲ့ပြီး ၂၀၁၅ မှာ အဓိက အတိုက်အခံ ဖြစ်လာတဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ အခုလာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁,၁၂၉ ဦး စာရင်းပေးထားပြီး မျက်နှာသစ်ကိုယ်စား လှယ်လောင်း ထက်ဝက်ကျော်ပါလာတယ်လို့ ဆိုပါတယ်။

မျက်နှာသစ် ၅၆ ရာခိုင်နှုန်းကျော် ပါဝင်လာတယ်လို့ ဆိုပေမယ့် အမျိုးသမီးအမတ်လောင်း အ‌ရေအတွက်ကတော့ ၁၁၁ ယောက်ပဲ ရှိတာ တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ အမျိုးသမီး ပါဝင်ယှဥ်ပြိုင်မှုက ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅တုန်းက အမျိုးသမီးအမတ်လောင်း ၆၉ ဦးပဲ ဝင်ပြိုင်ခဲ့တာနဲ့ ယှဥ်လိုက်ရင်တော့ အခု ၂၀၂၀ရွေးကောက်ပွဲက ပိုများလာတယ်လို့တော့ ပြောနိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၁၁၃၀ ဦး ဝင်ပြိုင်ခဲ့ပြီး လွှတ်တော် ၃ ရပ်မှာ ၁၁၇ ဦး ပဲ ပြည်ခိုင်ဖြိုး က အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်တဲ့ အ‌ရေအတွက်မှာလည်း ပြည်ခိုင်ဖြိုးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြိုင်တဲ့ ၁၅ ရာခိုင်နှုန်းထက် လျော့နည်းခဲ့ပြီး ၇ ရာခိုင်နှုန်းသာ ဝင်ပြိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ၁၃၂ ယောက် ဝင်ပြိုင်မယ့် SNLD ပါတီက အမျိုး သမီးလွှတ်တော် ကိုယ်စားလှယ်လောင်း၃၇ဦးရွေးထားတာဆိုတော့ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းရှိပါတယ်။

အမျိုးသမီးကိုယ်စားလှယ်လောင်းတွေများလာတဲ့ SNLD

ပြီးခဲ့တဲ့ ၂၀၁၅ မှာ မြန်မာတစ်နိုင်ငံလုံးမှာ စတုတ္ထ အများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဟာ ၂၀၂၀ မှာတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှု ရာခိုင်နှုန်းများလာတဲ့ပါတီလည်း ဖြစ်လာပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ၁၃၂ ယောက် ဝင်ပြိုင်မယ့် ( SNLD) ပါတီက အမျိုး သမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၇ ဦးရွေးထားတာဆိုတော့ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်း ရှိပါတယ်။

SNLD က တောင်ကြီးမြို့နယ် တစ်မြို့နယ်ထဲမှာတင် အသက် ၃၀ နဲ့ ၃၀ အောက် အမျိုးသမီးလူငယ် ကိုယ်စားလှယ်လောင်း နန်းယမင်း၊ နန်းဖူးတစ်နဲ့ နန်းလွင်ခမ်းတို့ ၃ဦး ဝင်ပြိုင်ဖို့ အားဖြည့် ထားပါတယ်။

နန်းယမင်းက တောင်ကြီးနည်းပညာတက္ကသိုလ်က ဘွဲ့ရတယောက်ဖြစ်ပြီး နန်းလွင်ခမ်းနဲ့ နန်းဖူးတစ်တို့ကတော့ LLB ဘွဲ့ရ ရှေ့နေတွေ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်အတွင်း ပါတီအသီးသီးက ဝင်ရာက်ယှဉ်ပြိုင်မယ့် အမျိုး သမီး ကိုယ်စားလှယ်လောင်း၂၀၅ ဦးရှိပြီး ရာခိုင်နှုန်းအရ ၂၀ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရန်ကုန်ပြီးရင် အမျိုး သမီး ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဖြစ်ပါတယ်။

၂၀၁၅ တုန်းကလည်း ရှမ်းပြည်နယ်မှာ အမျိုးသမီးအမတ်လောင်း ၁၃၅ ဦးဝင်ပြိုင်ခဲ့ကြလို့ ၁၄၄ ဦး ဝင်ပြိုင်ခဲ့ တဲ့ ရန်ကုန်ပြီးရင် အမျိုးသမီးအမတ်လောင်း ဒုတိယအများဆုံး ပြိုင်ခဲ့တဲ့ နေရာလည်း ဖြစ်ခဲ့ပါတယ်။

ဒေါက်တာ ဒေါ်တင်မာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး တောင်ကုတ်က ပြိုင်မယ်

ရခိုင်ပါတီတွေရဲ့ အမျိုးသမီးပါဝင်မှု

အမတ်နေရာ ၄၅ နေရာနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP) ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ တတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီပါ။ သူတို့ပါတီထဲကနေ ၂၀၂၀မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နဲ့ တချို့သူတွေ ခွဲထွက်တာရှိလို့ အခြေအနေတွေက တစ်မျိုးပြောင်းလာပါတယ်။

၂၀၁၅တုန်းက ၇၇ နေရာ ဝင်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီမှာ အမျိုးသမီး ကိုယ်စားလှယ် ၄ဦး ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကတော့ ၆၆ဦး ပြိုင်ဖို့ စာရင်း‌‌ပေးထားပြီး အမျိုးသမီးအမတ်လောင်း၆ဦး ပါဝင်ပါတယ်။

၂၀၁၅ တုန်းက ရခိုင်အမျိုးသားပါတီကနေ ဝင်ပြိုင် အနိုင်ရခဲ့တဲ့ ‌ဒေါ်ထုမေကတော့ ပါတီက နုတ်ထွက်ခွင့်တောင်းပြီး ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားဝန်ကြီး နေရာကို တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

နောက်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကလည်း ဝင်ပြိုင်ဖို့ ၂၄ ယောက် စာရင်းပေးထားပေမယ့် ‌အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်တင်မာအောင်နဲ့ ‌ဒေါ်မေနွယ်စိုးတို့ ၂ ယောက် ပဲပါတာ တွေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အမျိုးသမီးအမတ်လောင်း ၂၁ ဦး ပဲ ဝင်ပြိုင်ခဲ့လို့ အမျိုးသမီးအမတ်လောင်း အနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလာမယ့် ရွေး ကောက်ပွဲ အတွက် အမျိုးသမီးအမတ်လောင်း ၃၃ဦး ဝင်ပြိုင်ဖို့ စာရင်းပေးထားလို့ ၁၈ဦးပဲ ဝင်ပြိုင်ဖို့ စာရင်းပေးထားတဲ့ ချင်းပြည်နယ်ထက်တော့ ပို များနေပါ တယ်။

အမျိုးသမီး ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီ

အခြားပါတီတွေရဲ့ အမျိုးသမီးပါဝင်မှု

ပြည်သူ့ရှေ့ဆောင်ပါတီ PPPကိုယ်စားလှယ်လောင်း ၂၃၉ ဦးမှာ အမျိုးသမီး၅၀ ဖြစ်လို့ ၂၁ ရာခိုင်နှုန်း ပါ။ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ၁၅၂ဦးမှာ အမျိုးသမီး ၁၉ ဦး ဖြစ်လို့ ၁၂ ရာခိုင်နှုန်းခန့်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၁၆ ဦးမှာ အမျိုးသမီး ၈ ဦး ၅၀ရာခိုင်နှုန်း စာရင်းသွင်းထားတာ တွေ့ရပါတယ်။

မွတ်ဆလင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဝင်းမြမြနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဒေါက်တာ ဒေါ်လွင်မာထွန်းတို့ ဝင်ပြိုင်ဖို့ ရှိပါတယ်။

အမျိုးသမီးပါဝင်မှု အနာဂတ်အလားအလာ

၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီကြီးတွေရဲ့ ပြင်ဆင်မှုနဲ့ ပါတီအသစ်တွေရဲ့ လူစာရင်းအရ ဆိုရင်တော့ အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှု တိုးလာတယ်လို့ ပြောနိုင်ပေမဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဥ် ကြည့်လိုက်ရင် အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်းက လျော့နည်းနေဆဲ ဖြစ်ပါတယ်။

လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းကလည်း ၁၃ ရာခိုင်နှုန်းပဲ ရှိနေသေးလို့ ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံမှာ အဆင့် ၁၅၉ ပဲ ရှိသေးတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူသိများတဲ့ ဒေါက်တာ သက်သက်ခိုင်တို့လို ပါတီတွေကို အမျိုးသမီးဥက္ကဋ္ဌတွေက ဦးဆောင်နေတာကလည်း မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုပါဝင်လာနိုင်ဖို့ အလားအလာ ကောင်းတွေလို့လည်း ပြောနိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ဝင်ပြိုင်ခဲ့ပြီး ၂၀၂၀ရွေး ကောက် ပွဲမှာ အမျိုးသမီး ၁၁၀၄ ဦး ဝင်ပြိုင်ဖို့ စာရင်းပေးထားတဲ့အတွက် အမျိုးသမီးပါဝင်မှု ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ပြောရပါမယ်။

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ရည်မှန်းချက်၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဥပဒေပြုခွင့်ရှိသူ အမျိုးသမီးကိုယ် စားလှယ် ၃၀ရာခိုင်နှုန်းအထိ ရောက်လာအောင်လုပ်ဖို့ သဘောတူထားတဲ့ ၁၉၉၅ ခုနှစ် ‌ဘေဂျင်းလုပ်ငန်းလမ်းညွှန်ချက်တွေ အရတော့ အဲ့ဒီအခြေနေရောက်ဖို့ အချိန်ယူ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

၁၉၈၈နောက်ပိုင်း‌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရမှု

    ၁၉၉၀ ရွေးကောက်ပွဲ - ၁၅ဦး

    ၂၀၁၀ ရွေးကောက်ပွဲ - ၄၅ဦး

    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ - ၁၃ဦး

    ၂၀၁၅ ရွေးကောက်ပွဲ - ၁၅၁ဦး

    ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ - ၂ဦး 


BBC Burmese

https://www.bbc.com/burmese/burma-54228029

အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ့် ၂၀၂၀ ရွေးကောက်ပွဲ  အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ့် ၂၀၂၀ ရွေးကောက်ပွဲ Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.