ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတင်းကြပ်

ကမ်ချနဘူရီခရိုင်မှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေ တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံနယ်စပ်တွေမှာ လုံခြုံရေးတိုးမြှင့် စောင့်ကြည့်နေချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးမိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကစလို့ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေထံက ရောဂါပိုးပျံ့နှံ့မှာကို စိုးရိမ်တာကြောင့် ထိုင်းအစိုးရရ နယ်စပ်တွေမှာ ပိတ်ဆို့တားမြစ်တာ အပါအဝင် လုံခြုံရေးတွေ တင်းကြပ်ထားပေမဲ့ နည်းမျိုးစုံနဲ့ ဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့တုန်းကလည်း ၂ နိုင်ငံကြားက သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ မြန်မာနိုင်ငံသား တချို့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး၊ ဒီအထဲမှာ ကိုယ်ပူချိန်မြင့်တဲ့သူ ၂ ဦး ပါနေတာ စစ်ဆေးတွေ့ရှိတဲ့အတွက် ဆေးရုံပို့ပေးခဲ့ကြောင်းလည်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့ဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ဒီရက်ပိုင်းမှာကျနော်တို့ မြန်မာပြည်ဘက်မှာ ကိုဗစ် ကူးစက်မှုတွေက မြင့်တက်နေတယ်။ ထိုင်းဘက်ကလည်း ဒီသတင်းတွေကို သိနေကြတယ်။ အခု တာ့ခရိုင်မဲဆောက်တကြောမှာလည်း နယ်စပ်လမ်းတွေကို ပိတ်ဆို့ထားတယ်။ မနေ့ကပဲ သောင်ရင်းမြစ်အနီး ထဆိုင်လွတ်ကမ်းနား မဲဆောက်မြဝတီ ထိစပ်နေတဲ့ သောင်ရင်းမြစ်ကမ်းနားမှာ မြန်မာနိုင်ငံသား ၈ ယောက် ခိုးဝင်တယ်။ ထိုင်းဘက်က စောင့်ကြည့်နေတော့ ဖမ်းမိတယ်။ ထူးခြားတာက အဲဒီထဲက ၂ ဦးက ကိုယ်အပူချိန်မြှင့်တက်နေလို့ မဲဆောက်ဆေးရုံကြီးကို ပိုပြီးကုသနေတယ်လို့ သိရပါတယ်။"

နောက်ဆက်တွဲသတင်းအရ သောင်ရင်းမြစ်ကို လက်ပစ်ကူးသူတွေရော၊ လှေငယ်လေးတွေနဲ့ လာသူပါ ဆိုရင် ၁၁ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက ထိုင်းနိုင်ငံက နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ အသွားအလာတွေကို ကန့်သတ်တားမြစ်လိုက်သလို လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို တားဆီးဖို့ ထိုင်းတပ်ဖွဲ့တွေ လုံခြံုရေးတိုးမြှင့်ထားပေမဲ့ ပစ်ခတ်ဖမ်းဆီးတဲ့အထိ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတကတော့ မမှန်ဘူးလို့လည်း ကိုရဲမင်းကပြောပါတယ်။

"ထိုင်းဘက်က နယ်မြေလုံခြုံရေးအတွက်ပဲ စောင့်ကြပ်ဖို့ပဲပြောတဲ့အတိုင်းမှာ ပစ်မိန့်ပေးတယ်တို့ ဘာတို့ ကောလဟာလတွေ၊ သတင်းတွေ ထွက်တာကြောင့် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းအာဏာပိုင်တွေကြားမှာ မုန်းတီးမှုတွေ ဖြစ်စေနိုင်တယ်။ ထိုင်းနဲ့ မြန်မာကြားမှာလည်း အဖုအထစ်တွေဖြစ်လာနိုင်တယ်။ မဟုတ်မမှန်သတင်းတွေကို ဆင်ခြင်သင့်တယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့ မရှယ်သင့်ဘူး၊ ဒါမျိုးတွေမလုပ်ဖို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုလည်း ဦးစားပေးပြောချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်မြင့်တက်နေချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကလည်း ကမ်ချနဘူရီခရိုင်ဘက်က နယ်စပ်တွေကိုပါ ပိတ်ထားဖို့ ညွန်ကြားလိုက်ပါတယ်။ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်တွေကနေ အပြန်အလှန် တင်ပို့ခွင့်ရှိမှာ ဖြစ်ပေမဲ့ လူကိုယ်တိုင် ဝင်ထွက်ပြီး ပို့ဆောင်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြထားပါတယ်။ 


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-covid/5564639.html

ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတင်းကြပ် ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတင်းကြပ် Reviewed by THITHTOOLWIN on 02:14 Rating: 5

No comments:

Powered by Blogger.