ရခိုင်ဒုက္ခသည်တွေကို ရေဒီယိုအသံဖမ်းစက်များပေးပို့ ကူညီ

REC အဖွဲ့က ရခိုင်စစ်ရှောင်ပြည်သူတွေ သတင်းအချက်အလက် ရရှိရေး စခန်းတွေမှာ ရေဒီယိုတွေ လှူဒါန်းပေး( ဓာတ်ပုံ - Rakhine Ethnics Congress)

ကပ်ရောဂါ ကိုဗစ် ၁၉ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေချိန် အချိန်နဲ့တပြေးညီ သတင်း အချက်အလက်တွေ နားစွင့်နိုင်ဖို့ ရေဒီယိုအသံဖမ်းစက်တွေ- ဒုက္ခသည်စခန်းတွေဆီ ရခိုင်ကူညီရေးအဖွဲ့တွေက အရောက်ပေးပို့နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြည်တွင်းကူးစက်မှုတွေက ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မြောက်ဦးမြို့နယ်နဲ့ တခြားမြို့နယ်တွေမှာ ကူးစက်သူ ရာဂဏန်း ရှိလာချိန်မှာပဲ အထူးသဖြင့် စစ်ဘေးနဲ့ ရင်ဆိုင်ပြီး အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ ၁၀၀,၀၀၀ ကျော်တဲ့ ရခိုင်ဒုက္ခသည်တွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ အမိန့်ကြေညာချက်တွေ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် ထုတ်ပြန်ချက်တွေရော ဆေးပညာရှင်တွေရဲ့ ဆောင်ရန်-ရှောင်ရန် ပညာပေးအစီအစဉ်တွေနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ရေးက အရေးကြီးလာနေတာပါ။

ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်လူမှုအဖွဲ့နဲ့ အလှူရှင်တွေဘက်က ဒုက္ခသည်စခန်းတွေဆီကို ရေဒီယိုအသံဖမ်းစက်တွေ အရောက် ပေးပို့နိုင်အောင် စီစဉ်နေကြပါတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းတွေအထိကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။

"ဒါတွေက ကောလဟာလတွေပါလို့လဲ ပြောနေကြတယ်ပေါ့။ သတင်းအချက်အလက်တွေ မရရှိကြတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုကြားမှာ မမှန်သတင်းတွေ မပြည့်စုံတဲ့သတင်းတွေ အများကြီးဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီသတင်းအချက်အလက်တွေကို သိရှိနေဖို့အတွက် အရေးကြီးတာပေါ့လေ။ ဒါကြောင့် ကျနော်တို့ကတော့ အင်တာနက် 4G နဲ့ သတင်းအချက်အလက်ရရှိနိုင်တဲ့ Connection အတိုင်းအတာတခုတော့ လိုချင်တာပေါ့လေ။ ဒါပေမဲ့ လောလောဆယ်မှာ သက်ဆိုင်ရာ အစိုးရတွေဘက်က မလုပ်ပေးနိုင်သေးတဲ့အခါကျတော့- ကျနော်တို့က ဘာပဲဖြစ်ဖြစ် ရှိနေတဲ့အခြေအနေ အနေအထားနဲ့ ကြိုးစားကြမယ်ဆိုပြီးတော့မှ ဒီ RADIO- Right to Information အစီအစဉ်ကို လုပ်ဖြစ်တာပါ။

ဒီရေဒီယိုမှာက FM လည်းပါတယ်။ AM လည်းပါတယ်။ ပြည်တွင်းက ထုတ်လွှင့်တဲ့ဟာတွေရော ပြည်ပက ထုတ်လွှင့်တဲ့ဟာတွေရော သုံးနိုင်အောင် ကွာလတီကောင်းတဲ့ စက်လေးတွေ ရှာကြံပြီး ပို့ပေးတာပေါ့လေ။ အဲ့ဒီ့အခါကျတော့ သူတို့အနေနဲ့ ကောလဟာလသတင်းတွေထက်စာရင် ဒီရေဒီယိုတွေက ရရှိတဲ့သတင်းတွေကို ဒီ Mainstream Media ကဖြစ်ဖြစ် Broadcasting Media တွေကသော်လည်းကောင်း သတင်းအချက်အလက်တွေရရှိပြီး စဉ်းစားလို့ရအောင်ပေါ့လေ။ အထူးသဖြင့် အမတို့ VOA၊ BBC၊ RFA တို့ပေါ့လေ ကျနော်တို့ဆီမှာ နားထောင်ကြတဲ့သူများပါတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့က ဘာတခု Request လုပ်ချင်တာက ဒီ COVID နဲ့ပတ်သက်တဲ့ ဒုတိယလှိုင်းနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့သတင်း လိုက်နာရမယ့် ပညာပေးအချက်အလက်တွေကို အကြိမ်ရေများများ ထုတ်လွှင့်ပေးစေချင်ပါတယ်ခင်ဗျာ။"

ဒုက္ခသည်စခန်းတွေနဲ့ ဒေသခံပြည်သူတွေဆီကို ဒီလိုရေဒီယိုအသံလွှင့်ချက်တွေအပြင် တယ်လီဖုန်းတွေနဲ့ပါ ဆက်သွယ်ပြီးလည်း သတင်းအချက်အလက် မတ်ဆေ့တွေပေးပို့နိုင်အောင် ရခိုင်လူငယ်တွေနဲ့ ရခိုင်လူမှုအဖွဲ့တွေဘက်က ဘက်ပေါင်းစုံကနေ ကြိုးစားပေးနေကြဆဲအချိန် ကပ်ဘေး စစ်ဘေးနဲ့ ရာသီဥတုဘေး စတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကိုဇော်ဇော်ထွန်းကပြောပြပါတယ်။

"တဘက်မှာလည်း ကျနော်တို့က IDP ကမ့်တွေကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဒီလက်ရှိအခြေအနေလေးတွေ ပြောပြနေတာ ရှိပါတယ်။ ဘက်စုံထောင့်စုံကပေါ့နော် တဘက်ကလည်း ဖုန်းတွေနဲ့ လှမ်းပြော တဘက်ကလည်း ရေဒီယိုကနေ နားထောင် ဒီဘက်ကလည်း အင်တာနက် 4G ရရှိဖို့ ကိစ္စတွေကို ဆက်ပြီးကြိုးစားကြပေါ့ ဘက်စုံကပေါ့နော်။ သတင်းအချက်အလက်ရရှိနိုင်အောင် ကြိုးစားနေကြပါတယ်။ လောလောဆယ်အထိ ကျနော်တို့အစီအစဉ်မှာက ရေဒီယိုအလုံး ၁,၀၀၀ ပေါ့၊ စစ်ဘေးရှောင်စခန်း ၁၀၀ လောက်မှာ စခန်းတခု အနည်းဆုံး ၁၀ လုံးလောက်အထိ ရကြဖို့ ကျနော်တို့ စီစဉ်နေတာဖြစ်ပါတယ်။ လောလောဆယ်RECရဲ့ မတည်ငွေနဲ့ အလုံး ၁၀၀ နောက်ထပ် အလှူရှင်တွေဆီက အလုံး ၃၀၀ စာရရှိထားပါတယ်။ အဲ့တာတွေကို မနက်ဖြန်၊ သဘက်ခါလောက် စစ်တွေကို ပို့မှာဖြစ်ပါတယ်။ စစ်တွေကနေတဆင့် မြို့နယ်အသီးသီးမှာရှိနေတဲ့ IDP ကမ့်တွေကို ဖြန့်ချီသွားဖို့ရှိပါတယ်။ လောလောဆယ် အလုံး (၅၀) ကတော့ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်က စခန်း ၅ ခုစီကိုရောက်ရှိသွားပြီဖြစ်ပါတယ်။

အခုလိုရခိုင်ပြည်နယ်မှာ လူပေါင်းများစွာအတွက် အသက်အန္တရာယ်ရှိတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်နေချိန်မို့ အစိုးရအာဘော် မဟုတ်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စနစ်ကျတဲ့ ကူးစက်မှု ကာကွယ်ရေး ပညာပေးအကြံပေးချက်တွေကို ပြည်သူအများ လေ့လာသိရှိနိုင်အောင်အတွက်က အင်တာနက်လိုင်းကို အဓိကထားဖွင့်လှစ်ပေးပါလို့-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အသံ)အဖွဲ့ရဲ့သုတေသနရေးရာမှူး ကိုရဲဝေဖြိုးအောင်က တောင်းဆိုပါတယ်။

"နံပတ် ၁ ကတော့ အရေးကြီးဆုံးက အင်တာနက်ကို ဖွင့်ပေးဖို့လိုအပ်ပါတယ်။ အင်တာနက်ကို ဖွင့်ပေးခြင်းအားဖြင့် ပြည်သူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို မီဒီယာတွေကနေ လွယ်လွယ်ကူကူရှာလို့ရမယ်။ အင်တာနက် ဖုန်းလိုင်းကောင်းလာပြီဆိုရင် Viber တို့ဘာတို့ကနေ ကျန်းမာရေးဝန်ကြီးဌာနကတို့ အစိုးရဌာနတို့ကနေ သတင်းအချက်အလက်တွေ ပို့ပေးနေတာရှိပါတယ်။ စစ်တွေမဟုတ်တဲ့ ရခိုင်ပြည်နယ်ရဲ့နယ်ဘက်တွေ ရခိုင်ပြည်သူတွေ ပြီးတော့ ချင်းပြည်နယ် ပလက်ဝမှာ ရှိတဲ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေအတွက်ပါ မဖြစ်မနေအခြေခံအကျဆုံးအရာဖြစ်တယ် ပြည်သူတွေအနေနဲ့က အင်တာနက်လိုမျိုး ပုဂ္ဂလိက သတင်းမီဒီယာချယ်နယ်တွေရှိတဲ့ အင်တာနက်က တခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်။ အင်တာနက်မှာသာလျှင် အမှီအခိုကင်းတဲ့ သတင်းအချက်တွေကို ရှာပြီးတော့ ဖတ်လို့ရပါမယ်။ အဲ့ဒီ့အခါမှသာ ပြည်သူတွေအနေနဲ့ သတင်းတွေကို မှန်မှန်ကန်ကန် မျှမျှတတ စဉ်းစားဆုံးဖြတ်လို့ရမယ် ထင်ပါတယ်။"

ရခိုင်ပြည်နယ်တွင်းမှာ အထူးသဖြင့် စစ်တွေမြို့ထဲ သြဂုတ်လ ၁၆ ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက်ဆိုသလို လူတွေအများအပြား ကူးစက်ခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တဲ့အတွက် ညမထွက်ရ အရေးပေါ် အမိန့်ထုတ်ပြန်လိုက်ပြီး နေအိမ်တွေထဲမှာပဲ ပြည်သူတွေနေကြဖို့ Stay at Home ညွှန်ကြားချက် ထုတ်တာ နောက် မြို့အဝင်အထွက်တွေ ကို ပိတ်ပြီး ကျန်းမာရေး စစ်ဆေးတာ အသွားအလာ ကန့်သတ်တာတွေ အပြင် ရခိုင်ပြည်နယ်ကို ဒီသီတင်းပတ်တွေထဲ ခရီးအသွားအလာရှိခဲ့သူတွေဆီမှာ ရောဂါပိုးရှိ-မရှိ စစ်ဆေးတာလိုမျိုး ပြည်သူအများကြား ထပ်ပြီး ရောဂါပိုးကူးစက်မှု မပြန့်ပွားရအောင် သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် အစီအမံတွေနဲ့ဆောင်ရွက်နေပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/right-information-in-rakhine/5564754.html

ရခိုင်ဒုက္ခသည်တွေကို ရေဒီယိုအသံဖမ်းစက်များပေးပို့ ကူညီ ရခိုင်ဒုက္ခသည်တွေကို ရေဒီယိုအသံဖမ်းစက်များပေးပို့ ကူညီ Reviewed by THITHTOOLWIN on 02:12 Rating: 5

No comments:

Powered by Blogger.