၂၀၂၀ ရွေးကာက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ပြိုင်ဖို့ရှိ

လွှတ်တော် သုံးရပ်လုံးမှာ ၂၀၁၅ ကထက် ဝင်ပြိုင်သူ ရာဂဏန်း တိုးလာ

လာမယ့် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ( ၇၀၂၃) ဦးအထိ အမည်စာရင်းတင်သွင်းခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမည်စာရင်း ပြန်လည်ရုပ်သိမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ အရည်းအချင်း မပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတချို့ ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်း ၇၀၀၀ ဝန်းကျင်ရှိနေတာပါ။

ဒါက ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ရွေးကောက်ပွဲဝင်ပြိုင်သူတွေ ပိုများလာတာလည်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်း ၆၀၃၈ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း (၁၉၄၅) ဦး၊ အမျိုးသားလွှတ်တော်အတွက် (၉၈၆) ဦး၊ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် (၃၈၇၈) ဦး နဲ့ တိုင်းရင်းသား လူမျိုးများမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ (၂၁၄) ဦး အထိရှိခဲ့ပါတယ်။ ဒီအထဲမှာ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း အမည်စာရင်းတင်သွင်းသူက (၂၈၂) ဦး ရှိခဲ့ပါတယ်။

ပါတီအသစ် တွေ၂၀၂၀ မှာ ပါဝင်လာကြ

လူဟောင်းတွေရဲ့ ပါတီသစ်တွေ

ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် သုံးရပ်လုံးမှာ ၂၀၁၅ ကထက် ဝင်ပြိုင်သူ ရာဂဏန်း တိုးလာခဲ့တာတွေ့ရပါတယ်။

ဒီလို ကိုယ်စားလှယ်လောင်းတွေ ပိုများလာတာဟာ အကြောင်းအရာမျိုးစုံရှိတဲ့အနက် အားကောင်းတဲ့ ပါတီသစ်တွေ ပေါ်ထွက်လာတာက အဓိက အကြောင်းအရင်းလို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတည်ထောင်သူ ဦးမြတ်သူ ဘီဘီစီကိုပြောပါတယ်။

'ကိုကိုကြီးတို့ဆို political capital ရှိတယ်။ ဒေါ်သက်သက်ခိုင်တို့ ဦးရွှေမန်းတို့ ဆို ပိုက်ဆံရှိတယ်။'လို့ သူက ကိုယ်စားလှယ်လောင်း အရေအတွက်များလာရခြင်း အကြောင်းကို သုံးသပ်ပြပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်စီနဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပါတီသစ်တွေထဲမှာဆိုရင် သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ က ကိုယ်စားလှယ်လောင်း ကိုးရာကျော်နဲ့ အများဆုံးဝင်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၅၂ ဦး နဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်

ရှမ်းပြည်နယ်က ကိုယ်စားလှယ်အများဆုံးဖြစ်

တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်က ကိုယ်စားလှယ်လောင်း အများဆုံးဝင်ပြိုင်ကြမှာဖြစ်ပြီး မဲဆန္ဒနယ် (၁၆၉) ခုမှာ ကိုယ်စားလှယ်လောင်း (၁၀၁၈) ဦးအထိ ဝင်ပြိုင်ကြမယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ဘီဘီစီကိုပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက မြို့နယ်(၄) ခု နဲ့ မိုင်းလားမြို့နယ်တို့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သူ မရှိတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မထုတ်ပြန်သေးပေ့မဲ့ အဲ့ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလ ၃၀ ကျော် နဲ့ နိုင်ငံရေးပါတီ ၄၃ ခုက ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေ ဒုတိယအများဆုံးဝင်ပြိုင်ကြမှာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုယ်စားလှယ်လောင်း ၆၈၅ ဦးဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး တတိယ အများဆုံးဝင်ပြိုင်ကြတဲ့ တိုင်းဒေသကြီးဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့် လည်းဝင်ပြိုင်မယ်

တစ်သီးပုဂ္ဂလတွေ အခြေလှနိုင်မလား

ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ဒီရက်ပိုင်းမှာ စတင်ကြေညာနေပါပြီ။

လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့်သူက ၂၀၁၅ ရွေးကောက်ပွဲကထက် နည်းသွားခဲ့ပါတယ်။ ၂၀၁၅ တုန်းက တစ်သီးပုဂ္ဂလ ဝင်ပြိုင်သူ ၃၁၀ ဦးအထိဝင်ပြိုင်ခဲ့ပြီး ၅ ယောက်ပဲ အနိုင်ရခဲ့တာပါ။

လာမယ့်ရွေးကောက်ပွဲမှာတော့ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့်သူတွေထဲမှာ လူသိများကြသူတွေဖြစ်တဲ့ ရန်ကုန်တိုင်း အမတ်ဟောင်း ဒေါက်တာညိုညိုသင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး၊ ဂျာနယ်လစ်ဟောင်း ကိုမင်းနိုင်စိုး၊ ရိုက်တာအမှုနဲ့ လူသိများတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့လို ပုဂ္ဂိုလ်တွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/53973401

၂၀၂၀ ရွေးကာက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ပြိုင်ဖို့ရှိ  ၂၀၂၀ ရွေးကာက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ပြိုင်ဖို့ရှိ Reviewed by THITHTOOLWIN on 02:18 Rating: 5

No comments:

Powered by Blogger.