NLD ဝင်မပြိုင်တဲ့ ကိုးကန့်မှာ ရွေးကောက်ပွဲ ဘယ်သူ အရေးသာမလဲ


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အမျိုသားလွှတ်တော် နေရာအတွက် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက် ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ် လောင်း စာရင်းမှာ လက်ရှိ ကိုယ်စားလှယ် ဦးကျော်နီနိုင် ပါဝင်လာခြင်း မရှိဘဲ သူ့နေရာမှာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ဝင်ပြိုင်မှာ ဖြစ်တယ်လို့ လောက်ကိုင်ခရိုင်၊ ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ထိန်လင်း က ဘီဘီစီကို ပြောပါတယ်။

ဦးကျော်နီနိုင်ဟာ သိပ်မကြာခင်က ပြည်ထောင်စုလွှတ်တော်မှာ မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံအစိုးရ ညှိနှိုင်းပြီး ရေရှည်အကျိုးစီးပွားအတွက် ပေါင်းစပ်ဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဦးကျော်နီနိုင် ကိုယ်စားလှယ်လောင်း စာရင်းမှာ ပြန်လည် မပါဝင်ခဲ့တာက မြစ်ဆုံ ကိစ္စ ဆွေးနွေးချက်နဲ့ မသက်ဆိုင်ဘူးလို့ ပြည်ခိုင်ဖြိုး ပါတီဘက်ကတော့ ပြောပါတယ်။

ဒီကိုးကန့် ဒေသရဲ့ မဲဆန္ဒနယ် အားလုံးမှာ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဝင်ပြိုင်မယ့် စာရင်းမှာလည်း ထည့်သွင်းထားခြင်း မရှိပါဘူး။
ဘာကြောင့်ချန်လှပ်ခံရသလဲ

ဦးကျော်နီနိုင်ဟာ အမျိုးသားညီလာခံကို ကိုးကန့်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုးကန့်ဒေသကနေ နှစ်ကြိမ် ဆက်အနိုင်ရခဲ့သူဖြစ်ပါတယ်။

အသက်(၄၅) နှစ်သာရှိသေးတဲ့ ကိုးကန့်အမတ် ဦးကျော်နီနိုင် ချန်လှပ်ခံရတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မြစ်ဆုံစီမံကိန်း ပြန်ဆောင် ရွက်ဖို့ဆွေးနွေးတာနဲ့ ပတ်သက်လိမ့်မယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပေမယ့် ကြံ့ခိုင်ရေးပါတီဘက်ကတော့ ဒါကိုငြင်းဆိုပါတယ်။

ဦးကျော်နီနိုင်ရဲ့ ဆွေးနွေးချက်ဟာ ပါတီမူဝါဒ မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ဆွေးနွေးပိုင်ခွင့်ကို အသုံးပြုခဲ့တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ကိုယ်စားလှယ်တွေကို လွတ်လပ်စွာဆွေးနွေးခွင့်ပေးထားတယ်၊ ပါတီက ကန့်သတ်ချုပ်ချယ်မှုမရှိ သလို သူ့ကို ပါတီကအရေးယူတာမရှိပါဘူး။ သူ့သဘောဆန္ဒအလျောက် မပြိုင်တာလို့ပဲ နားလည်ပါတယ်" လို့ သူကပြောပါတယ်။

ဦးကျော်နီနိုင်ကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းမှာ သူမပါလာတော့တာကိုပဲ အတည်ပြုပြီး ဘာကြောင့် မပါလာတာလဲဆိုတာကို ဖြေဖို့ ငြင်းဆိုပါတယ်။
ဦးကျော်နီနိုင်နေရာမှာ ဝင်ပြိုင်မယ့် ဒု-ဗိုလ်ချုပ်ကြီး(ငြိမ်း)

ဦးကျော်နီနိုင်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဖြစ်တဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၂) နေရာမှာ ဝင်ပြိုင်မယ့်သူကတော့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် လို့ လောက်ကိုင်ခရိုင်၊ ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ထိန်လင်းက ဘီဘီစီကို အတည်ပြု ပါတယ်။

အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ဟာ တပ်မတော်က အငြိမ်းစားယူပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လောက်ကိုင်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)ကနေ ယှဉ်ပြိုင် အနိုင်ရခဲ့လို့ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် အဲဒီတုန်း ကရေပန်းစားခဲ့သူဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာဖြစ်လို့ သူက ဝန်ကြီးချုပ်အိပ်မက် မက်လို့မရတော့ဘဲ ရွေးကောက်ပွဲ နိုင်ခဲ့ရင် သမ္မတ ရွေးချယ်ပွဲမှာ မဲပေးရမယ့်နေရာကို ရောက်ရှိလာမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်ယူစဉ် ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို တိုက်ထုတ်ခဲ့ပါတယ်။ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက် အပြည့်အဝရောက်ရှိသွားတဲ့ ကိုးကန့်ဒေသမှာ ၂၀၁ဝ နဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကပဲ မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအောက်မှာရှိတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်က မဲဆန္ဒနယ်တွေမှာ အနိုင်ရတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ ဦးအောင်သန်းထွဋ်က လွဲလို့ ကျန်သူတွေဟာ ကိုးကန့်တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။

ကိုးကန့်ခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲ

တရုတ် နယ်စပ်မှာတည်ရှိတဲ့ ကိုးကန့်ဒေသဟာ ကာစီနိုရုံတွေ၊ ခေတ်မီ အဆောက်အအုံ အများအပြားနဲ့ စီးပွားရေးကောင်းတဲ့ ဒေသဖြစ်ပြီး အမြင့်ဆုံး အုပ်ချုပ်ရေး အဖွဲ့အစည်းဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ပဲဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရဲ့ ပထမဆုံး ဥက္ကဌက ဦးပယ်စောက်ချိန်ဖြစ်ပါတယ်။ သူ့ရဲ့သား ဖြစ်သူ ဦးခင်မောင်လွင်ဟာ ၂၀၁၅ တုန်းက ကြံ့ခိုင်ရေး ပါတီကနေ လောက်ကိုင် အမှတ် (၂) မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူပါ။ အခု ၂၀၂၀ မှာလည်း ဒီမဲဆန္ဒနယ်ကနေပဲ ဝင်ပြိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ လောက်ကိုင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလျှူတယ်ဟုန်ကတော့ လောက်ကိုင်၊ အမှတ်(၁) မဲဆန္ဒနယ်ကို ပြည်နယ်အမတ်အဖြစ် ပြောင်းလဲ ယှဉ်ပြိုင်မှာပါ။

သူဟာ ကိုးကန့်ကာကွယ်ရေးတပ်က ဦးလျှူကွယ်ရှိ ရဲ့သား ဖြစ်ပါတယ်။ ဦးလျှူကွယ်ရိုဟာ အမျိုးသားညီလာခံ တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုးကန့်ဒေသရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ကုန်းကြမ်းပြည်သူ့လွှတ်တော်အမတ် ဦးလီကျိန်းဖူ(ဦးမြင့်ဆွေ)က ကုန်းကြမ်း၊အမှတ်(၁) မဲဆန္ဒနယ်ကနေ ပြည်နယ်အမတ်အဖြစ် ပြောင်းလဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကုန်းကြမ်း၊ အမှတ်(၁) ပြည်နယ်အမတ် ဦးဝေစန်းက ကုန်းကြမ်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ပြိုင်မှာပါ။ လောက်ကိုင်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးမောင်မောင်ကတော့ ကုန်းကြမ်းအမှတ်(၂) အမတ်နေရာကို ဝင်ပြိုင်မှာပါ။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာကျင်းပတဲ့ရွေးကောက်ပွဲ ၂ ကြိမ်လုံး ကြံ့ခိုင်ရေးက နိုင်ထားပါတယ်။

ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နေရာကို ရွေးကောက်ပွဲမှာ အနိုင်ရမယ့် ပြည်နယ်အမတ် ၄ ယောက်ထဲက တစ်ယောက်က တာဝန်ယူရမှာဖြစ်ပါတယ်။ လက်ရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် ကတော့ လောက်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ပြိုင်မှာဖြစ်လို့ ကိုးကန့် အုပ်ချုပ်ရေးပိုင်းမှာ ခေါင်းဆောင်သစ် မြင်ရဖို့ရှိနေပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လူစာရင်းမှာ ဦးကျော်နီနိုင်ကလွဲလို့ ၂၀၁၅ က အနိုင်ရလူစာရင်းကို အပြောင်းအလဲအများကြီးမလုပ်ဘဲ လူဟောင်းတွေကို မဲဆန္ဒနယ်ပြောင်းပြီး ယှဉ်ပြိုင်စေတာကို ဘီဘီစီက လက်ခံရရှိထားတဲ့ ပြည်ခိုင်ဖြိုးရဲ့ ကိုးကန့် ဒေသ ကိုယ်စားလှယ်လောင်း စာရင်းအရ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် စာရင်းကိုတော့ လာမယ့် သြဂုတ် ၁၀ ရက် ဝန်းကျင်မှာ ထုတ်ပြန်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှာ ဝင်မပြိုင်ခဲ့သလို လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းစာရင်းမှာ လည်း ကိုးကန့်ဒေသမှာပြိုင်ဖို့ ရွေးချယ်ထားတာ မတွေ့ရပါဘူး။

ဒါကြောင့် ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲနှစ်ကြိမ် ဆက်တိုက် အနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီကိုပဲ အဓိကထား ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ 

BBC Burmese
NLD ဝင်မပြိုင်တဲ့ ကိုးကန့်မှာ ရွေးကောက်ပွဲ ဘယ်သူ အရေးသာမလဲ NLD ဝင်မပြိုင်တဲ့ ကိုးကန့်မှာ ရွေးကောက်ပွဲ ဘယ်သူ အရေးသာမလဲ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.