ရွေးကောက်ပွဲနီးချိန် ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန်ရ

ရခိုင်နဲ့ချင်းမှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံရတာဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်ခံရမှုလည်း ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်ရှစ်ခုမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တစ်နှစ်ကျော်ကြာဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေဟာ သြဂုတ်လ ၁ ရက် ညပိုင်းမှာ ပြန်ပွင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အင်တာနက်လိုင်းတွေဟာ ပုံမှန်သုံးစွဲနိုင်တဲ့အခြေအနေမှာ ရှိမနေသေးဘူးလို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ သြဂုတ် ၁ ရက် ညပိုင်းက လိုင်းပွင့်ခဲ့ပေမယ့် သြဂုတ်လ ၂ ရက် မနက်ပိုင်းမှာတော့ ပြန်ပိတ်သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အခု ပြန်ရတဲ့ နေရာအများစုမှာ အင်တာနက်လိုင်းဟာ အရင် မပိတ်ခင်ကလို 4G ကွန်ရက် အပြည့်အဝ မရရှိဘဲ 2G အဆင့်သာ ပြန်လည် ရရှိတဲ့အတွက် သုံးစွဲသူတွေဟာ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရသလို အလုပ်မတွင်ကျယ်ဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမှာတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်တွေပဲ အဓိက အင်တာနက်လိုင်း ပြန်ရပြီး တခြားအော်ပရေတာတွေကတော့ နယ်မြေမအေးချမ်းတဲ့အတွက် မဖွင့်နိုင်သေးဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"အင်တာနက်ပိတ်မယ်တို့ ၊ အင်တာနက်ဖွင့်မယ်တို့ အဲဒီလိုမျိုးအကြာင်းကြားတာတော့ မရှိဘူးခင်ဗျာ။ နယ်မြေအေးချမ်းလာတာလည်း တစ်ပိုင်းပါလိမ့်မယ်။ အင်တာနက်ပိတ်တဲ့အတွက် ဆိုးကျိုးတွေ ပိုများလာတာ။ ဆက်သွယ်ရေးစနစ်တွေ အကုန်က လုပ်ရတာ ပိုခက်လာတယ်။ အင်တာနက်ရှိလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးခက်ရင်တောင်မှ အွန်လိုင်းပေါ်မှာ အလုပ်လုပ်လို့ အဆင်ပြေတာတွေအများကြီးရှိတယ်။ အဲ့ဒါကြောင့် လူထုအဆင်ပြေဖို့အတွက်ကို ပြန်ဖွင့်ပေးတယ်လို့ ထင်ပါတယ်" လို့ သူကပြောပါတယ်။

အေအေ နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေပြီး အင်တာနက်ကို အသုံးပြုလို့ ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေကို ချိတ်ဆက် လုပ်ဆောင် နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ထဲမှာ အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

အင်တာနက် ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ ကိုဗစ်-၁၉ အတည်ပြု လူနာတွေ ရှိနေသလို စစ်ဘေးရှောင် ပြည်သူ တစ်သိန်း ကျော်လည်း ရှိနေတဲ့အတွက် အခုလို အင်တာနက် ပိတ်ထားတာဟာ လူ့အခွင့်အရေး ကိုချိုးဖောက်သလို ဒေသခံတွေရဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးသတင်း အချက်အလက်သိပိုင်ခွင့်ကိုလည်း လျစ်လျူရှုရာရောက်တယ်ဆိုပြီး ပြည်တွင်း ပြည်ပ က ကန့်ကွက် လှုပ်ရှား မှု၊ တောင်းဆိုမှုတွေလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီလိုတောင်းဆိုဆန္ဒဖော်ထုတ်သူတွေကို ငြိမ်းစုစီဥပဒေနဲ့ အာဏာပိုင်တွေက တရားစွဲဆိုထားတာတွေလည်း ရှိထားပါတယ်။

အခုလို ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန် ဖွင့်ပေးချိန်ဟာ ဩဂုတ်လ ၉ ရက်နေ့မှာ အွန်လိုင်း က တဆင့် စတင် ထုတ်ပြန်သွားဖို့ရှိနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ချိန်နဲ့ အချိန်ကိုက် ဖြစ်နေသလို နိုဝင်ဘာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ကိုးဆယ်ကျော်ပဲ လိုတော့တဲ့အချိန် ဖြစ်ပါတယ်။

ဒါပေမဲ့ ခု ပြန်ရတဲ့အင်တာနက်လိုင်းအခြေအနေကတော့ လူမှုကွန်ရက်မှာ ဓာတ်ပုံတွေတောင် ကြည့်လို့မရတဲ့အနေအထား ဖြစ်နေတယ် ဆိုပါတယ်။ ဒါကြောင့် အောင်စာရင်းကြည့်တာနဲ့ တခြား အွန်လိုင်းကနေဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို လုပ်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ တညီတညွတ်တည်း ပြောပါတယ်။

"အင်တာနက်လိုင်းဖွင့်တာ ကျွန်တော်တို့အထင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့နီးကပ်လာတဲ့အတွက်ရယ်။ နောက်ပြီး နိုင်ငံတကာဖိအားရယ်၊ နောက်ပြီး လူထုတောင်းဆိုချက်ရယ်၊ အဲ့ဒါကိုသူတို့က နည်းနည်းပါးပါးအဖွင့်ပြတဲ့သဘော လောက်ပဲ။ ဖွင့်တော့ဖွင့်တယ်၊ ဒါပေမယ့် လူထုက ခံစားခွင့်မရဘူး။ မင်းပြားမှာတော့ ဘယ်သူတစ်ယောက်မှ မရကြဘူး။ ရနိုးနိုးနဲ့ဖွင့်ကြည့်ကြတယ်။ လိုင်းမရတော့ စိတ်ဓာတ်ကျနေကြတာပဲ။ စိတ်တော့ကုန်နေကြတာပေါ့။ မပေးရင်လည်းမပေးနဲ့ ၊ ပေးရင် အပြည့်အဝ ပေးပါလားဆိုပြီး ပြောသံတွေလည်းကြားတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ခံစားနေရတယ်" လို့ မင်းပြားဒေသခံ ဦးသိန်းဇံက ဘီဘီစီကိုပြောပါတယ်။

၂၀၁၉ ဇွန်လမှာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝ မြို့နယ် တွေမှာ အင်တာနက် စတင်ဖြတ်တောက် ခဲ့ပါတယ်။

၂၀၁၉ စက်တင်ဘာထဲမှာတော့ ရခိုင်ပြည်နယ်ထဲက ၅ မြို့နယ်မှာ အင်တာနက် ပြန် ဖွင့် ပေးခဲ့ပေမယ့် ၂၀၂၀ ဖေဖော်ဝါရီ မှာပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။

၂၀၂၀ မေလ ၃ ရက်မှာတော့ မောင်တော မြို့နယ် တစ်ခုတည်းကိုသာ အင်တာနက် ပြန်လည် ဖွင့်ပေးထားပြီး အခု သြဂုတ် ၁ ရက်မှာတော့ ကျန်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၇ မြို့နယ် နဲ့ ချင်းပြည်နယ် တောင်ပိုင်း က ပလက်ဝ မြို့နယ်တွေမှာ အင်တာနက် ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
ရွေးကောက်ပွဲနီးချိန် ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန်ရ ရွေးကောက်ပွဲနီးချိန် ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန်ရ Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.