အမေရိကန် အလုပ်လက်မဲ့ သန်း ၃၀ ကျော်ကို ထောက်ပံ့ရေး အချေအတင် ညှိနှိုင်း


ကိုရိုနာကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အမေရိကန် အလုပ်သမား သန်း ၃၀ အတွက် ဘယ်လောက်အတိုင်းအတာ အကူအညီတွေ ထပ်ပေးမလဲဆိုတာ သမ္မတ အိမ်ဖြူတော်နဲ့ ထိပ်တန်း ဒီမိုကရက်အမတ်တွေ ဆက်ဆွေးနွေးနေပြီး တနင်္ဂနွေနေ့အထိတော့ သဘောတူညီချက် မရသေးပါဘူး။

အလုပ်လက်မဲ့ အကျိုးခံစားခွင့် အရနည်းတဲ့ ပြည်နယ်တွေရဲ့ ထောက်ပံ့ကြေးအပြင် ပြည်ထောင်စုအစိုးရက ဘယ်လောက်ထပ်ပေးမလဲ ဆိုတဲ့အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ABC ရုပ်သံ This Week အစီအစဉ်ကနေ အပြန်အလှန် ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

အလုပ်လက်မဲ့တွေကို တပတ် ဒေါ်လာ ၆၀၀ အကျိုးခံစားခွင့် အပိုဆောင်းပေးတဲ့ အစီအစဉ် ပြီးခဲ့တဲ့ သောကြာနေ့က ကုန်ဆုံးသွားပါပြီ။ ဒီထောက်ပံ့ကြေးကို ၂၀၂၀ ခုနှစ်ကုန်အထိ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒီမိုကရက်တွေက ဆက်ပေးချင်ပါတယ်။

သမ္မတ Trump အစိုးရကတော့ အပိုဆောင်းပေးနေတဲ့ ထောက်ပံ့ကြေးကို တပတ် ဒေါ်လာ ၆၀၀ အစား ၂၀၀ အထိ လျှော့ချပြီး COVID-19 ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သူတွေကို အလုပ်လက်မဲ့မဖြစ်ခင် ရခဲ့တဲ့လစာရဲ့ ၇၀ ရာခိုင်နှုန်း ထောက်ပံ့ဖို့ အဆိုပြုထားပါတယ်။

အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှုတွေကို ကြားကန်ပေးနိုင်အောင် အလုပ်လက်မဲ့တွေကို ထောက်ပံ့ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ညှိနှိုင်းရာမှာ တိုးတက်မှုတွေ ရှိနေပါပြီဆိုပြီး စနေနေ့ကပဲ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi၊ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin၊ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer နဲ့ အိမ်ဖြူတော် ဝန်ထမ်းရေးရာ အရာရှိချုပ် Mark Meadows တို့က ပြောဆိုထားပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေပြီး တနင်္လာနေ့မှာ အဓိက စေ့စပ်နေသူတွေ ထပ်ပြီး တွေ့ဆုံဆွေးနွေးကြပါလိမ့်မယ်။

ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ရေး အသုံးစရိတ် ဥပဒေကြမ်းအသစ်မှာ ဒေါ်လာ ၃ ထရီလီယံ သုံးစွဲရေး ဒီမိုကရက်တွေ အဆိုပြုထားပြီး ရီပတ်ဘလစ်ကန်ဘက်ကတော့ ၁ ထရီလီယံသာ သုံးစွဲဖို့ ပြောဆိုရင်း ကွဲလွဲချက်တွေကို ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန် အလုပ်လက်မဲ့ သန်း ၃၀ ကျော်ကို ထောက်ပံ့ရေး အချေအတင် ညှိနှိုင်း အမေရိကန် အလုပ်လက်မဲ့ သန်း ၃၀ ကျော်ကို ထောက်ပံ့ရေး အချေအတင် ညှိနှိုင်း Reviewed by THITHTOOLWIN on 18:08 Rating: 5

No comments:

Powered by Blogger.