အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများပိုမိုပါဝင်လာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းပါဝင်မှုဟာ အရင်(၂၀၁၅) ရွေးကောက်ပွဲကထက် အခုနှစ်ရွေးကောက်ပွဲမှာပိုတိုးလာတယ်လို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီး ရေးရာကော်မတီ အတွင်းရေးမှူး၊ ရန်ကင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကပြောပါ တယ်။

မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ကိုယ်စားလှယ်လောင်းစာရင်းတွေအပေါ် သုံးသပ်ပြောဆိုတာဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပိုတိုးလာတာနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင်ကအခုလိုပြောပါတယ်။ “အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေတိုးလာပါတယ်။ တစ်ခုရှိတာက အမျိုးသမီးတွေကို မဲပေးရွေးချယ်ဖို့လိုပါတယ်။ ပါလီမန်ထဲကို အခုပါဝင်တဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၂၀)ရာခိုင်နှုန်းကျော်ထဲက အကုန်လုံးအနိုင် ရရှိပြီးတော့ပါသွားနိုင်မယ်။ လွှတ်တော်ထဲရောက်ရှိတော့ ဒါကတစ်မျိုးပေါ့။ အခုလွှတ်တော်ထဲမှာရှိတဲ့ ရာခိုင်နှုန်း က(၁၂) (၁၃)ရာခိုင်နှုန်းရှိတယ်။ အရင်က(၇)ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ NLDပါလာပြီးတဲ့နောက်မှာ (၁၂)ရာခိုင်နှုန်း (၁၃)ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တယ်။ အခုကျွန်မတို့ကလည်းအမျိုးသမီးတွေပိုပါလာလိမ့်မယ်လို့မျှော်လင့် တယ်” လို့ဒေါ်ဇင်မာအောင်ကပြောပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပိုမိုပါဝင်လာတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပင်မတာဝန်တွေဖြစ်တဲ့ ဥပဒေပြုရေးအပြင်  အမျိုးသမီးနဲ့ကလေးသူငယ်အရေးကိစ္စတွေကို တာဝန်ယူဖြေရှင်း ပေးနိုင်မှာဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်ကအခုလိုထပ်ပြောပါတယ်။ “အကြမ်းဖျင်းအားဖြင့်ပြောမယ်ဆိုရင် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင် ကာယကံရှင်တွေ ပြည်သူလူထုတွေက သူတို့အားကိုးအားထားပြုဖို့ ချဉ်းကပ်တာဟာအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်နေတတ်ပါတယ်။ အဲဒါကိုမှကျွန်မတို့က ကိုယ်ကိုယ်တိုင်လည်းတစ်ချို့ဟာတွေမှာ ဥပဒေကြောင်းအရ ဝင်ရောက်စွက်ဖက်တာတွေ လုပ်လို့မရတဲ့အခါမှာ ကျွန်မတို့ကလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Case Managerတွေနဲ့ ကျွန်မတို့ကချိတ်ဆက်ပြီးလုပ်ပေးရတာရှိတယ်။ နောက်တစ်ခုကကျွန်မတို့က စိတ်ပိုင်းဆိုင်ရာ အရသူတို့ကိုပိုပြီးတော့ လုံခြုံမှုအားပေးမှုရစေချင်ပါတယ်”လို့ ဒေါ်ဇင်မာအောင်ကပြောပါတယ်။

အခုနှစ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းစုစုပေါင်း(၁၁၀၀)ကျော်ရွေးချယ်ထားတဲ့အထဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၂၀၀) ကျော် ၊ ရာခိုင်နှုန်းအနေနဲ့(၂၀)ရာခိုင်နှုန်းဝန်းကျင်ပါဝင်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၅)ရွေးကောက်ပွဲမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၁၂ ဒဿမ ၇)ရာခိုင်နှုန်းပဲပါဝင်ခဲ့တယ်လို့သိရပါတယ်။ 

သတင်း- သူသူထက်လွင် / ဓာတ်ပုံ - ပြည်သူ့လွှတ်တော် / One News Myanmar
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများပိုမိုပါဝင်လာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများပိုမိုပါဝင်လာ Reviewed by THITHTOOLWIN on 18:22 Rating: 5

No comments:

Powered by Blogger.