ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံဘက် ဝင်ရောက်နေဆဲ



Share/Bookmark

ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - Thai Official)

ပိတ်ဆို့ဖမ်းဆီးနေတဲ့ကြားက ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာ ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားတွေ အများအပြား ဝင်ရောက်လာနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းမြောက်ပိုင်း ဖန်ခရိုင် ဒွိုင်အန်ခန်ဒေသမှာ အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့တဲ့ အနက်ရောင် တိုယိုတာ ကားတစီးပေါ်မှာ စိတ်ကြွဆေးပြား ခြောက်သိန်းနဲ့အတူ တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသား ၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID ကာလ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးထုတ်လုပ်မှု တိုး

သြဂုတ်လ ၇ ရက်နေ့မှာတော့ မြန်မာဘက် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ စိတ်ကြွဆေးပြား ၆ သန်းခွဲ ဖမ်းမိသလို လာအိုနိုင်ငံမှာလည်း စိတ်ကြွဆေးပြားတွေ အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တဲ့ သတင်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေက ထုတ်ပြန်ထားပါတယ်။

အခုလို ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားတွေ သန်းနဲ့ချီ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အန္တရာယ်ကို ထိန်းချုပ်နိုင်ငံဖို့ the United Nations Drug and Crime Office (UNODC) ကုလသမဂ္ဂ မူးယစ်ထိန်းချုပ်ရေး ထိုင်းနိုင်ငံ ဌာနေကိုယ်စားလှယ် Mrs. Kita Subbabal နဲ့အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ကို လာရောက်ပြီး နယ်မြေအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသ မူးယစ်ဆေး ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးညှိနှိုင်း မေးမြန်းသွားခဲ့ပါတယ်။

“UNODC အနေနဲ့က ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းတွေကို ကူညီပေးသွားပါမယ်။ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးတွေကို ထိုင်းဘက်ကနေ ဘယ်လိုတားဆီးနေသလဲ၊ ဘယ်လိုနည်းပညာတွေ သုံးပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေသလဲ ဆိုတာတွေကိုလည်း မေးမြန်းသွားခဲ့ပါတယ်။”

စိတ်ကြွဆေးပြား အန္တရာယ်ကို နိုင်ငံတကာ ပူးပေါင်းဖြေရှင်းနိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ရွှေတြိဂံဒေသကနေ ဝင်လာတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံအတွင်း ဝင်ရောက်မလာနိုင်အောင် ထိုင်း-မလေးရှား နယ်စပ်မှာလည်း မလေးရှားဘက်က သံဆူးကြိုးတွေ ကာရံနေပြီး နယ်ခြားစောင့်ကြည့်ရေးတပ်ဖွဲ့တွေ တိုးမြှင့် ချထားနေကြောင်း မလေးရှားနိုင်ငံ သတင်းတွေမှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်း ထိုင်း၊ မြန်မာ၊ လာအိုဆုံရာ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာ မူးယစ်ဆေးဝါး တန်နဲ့ချီပြီး အမြောက်အမြား ထုတ်လုပ်နေကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရိုက ပြီးခဲ့တဲ့လကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း မဲခေါင်မြစ်ဝှမ်းတလျှောက်မှာ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား ရွှေတြိဂံစစ်ဆင်ရေး ၁၅၁၁ လို့ခေါ်တဲ့ ခြောက်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေးကာလမှာ စိတ်ကြွဆေးပြား သန်းပေါင်း ၃၀၀ ကျော်၊ ICE မူးယစ်ဆေး ၁၃ တန်နဲ့ ဘိန်းဖြူတတန်ခွဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 မအေးအေးမာ/VOA (Burmese)


Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ