ကော့မှူးမှာ ဒေါ်စုနဲ့ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အလားအလာ

ဒေါ်အောင်ဆန်းစုကြည် (၂၀၁၅ နိုဝင်ဘာလ ၁၆ ရက်နေ့)
ဒေါ်အောင်ဆန်းစုကြည် (၂၀၁၅ နိုဝင်ဘာလ ၁၆ ရက်နေ့)

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲကို ရောက်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးကိစ္စကို အဓိက ဦးစားပေး အကောင်ထည်ဖေါ်သွားမယ်လို့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်မယ့် UNDP ပါတီဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရပါ့မလားဆိုတဲ့အပေါ်မှာ သံသယ ဝင်နေသူတွေလည်း ရှိတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သူ့ကို ရွေးချယ် တာဝန်ပေးခဲ့တာ ဖြစ်တယ်လို့ UNDP ဥက္ကဌ ဦးဒေးဗစ်လှမြင့်က VOA ကိုရှင်းပြပါတယ်။

UNDP ဥက္ကဌ ဦးဒေးဗစ်လှမြင့် (ဓါတ်ပုံ-UNDP)

" ကော့မှူးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ အကြောင်းရင်းကတော့ ကော့မှူးဒေသ ပြည်သူတွေကလည်း လက်ရှိအခြေအနေပေါ်မှာ သူတို့ အားမရတဲ့အကြောင်းတွေရှိတယ်၊ သူတို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အတိုင်းအတာတွေ ရှိလာတဲ့အခါကျတော့ ဒီအနေအထားပေါ်မှာ အခြားသော နိုင်ငံရေးအင်အားစုတွေကို မျှော်လင့်နေတဲ့ အပိုင်းတွေရှိတယ်။ ရှိတဲ့အတွက် ကျနော်တို့က ပြည်သူလူထု လိုလားတဲ့နေရာတခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်တော့ ကိုယ့်အတွက် နိုင်ငံရေးအရ အများကြီးအားသာချက် ရှိလာမယ်ဆိုတဲ့ ကျနော်တို့ပါတီ CEC က သုံးသပ်ပြီးတော့၊ နောက်ဆုံးမှာ ကော့မှူးကို သွားပြိုင်ပါဆိုပြီး ကျနော့်ကို ရွေးလိုက်တာပဲ။ ဒါကြောင့် ကျနော် ကော့မှူးကနေ ဝင်ပြိုင်မှာပါခင်ဗျ။ "

တကယ်တော့ ကော့မှူးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာရော ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာပါ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ NLD အစိုးရရဲ့ သက်တမ်းအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရေးနဲ့ ငြိမ်းချမ်းရေး လိုကိစ္စ တွေမှာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့တာကို အားမရလို့ ကိုယ်တိုင်က ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့အထိ ဖြစ်လာရတာလို့ UNDP ဥက္ကဌ ဦးဒေးဗစ်လှမြင့်က သူ့ခံယူချက်ကို ပြောပါတယ်။

" အရေးကြီးတဲ့အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စပဲဗျ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ကျနော်တို့နိုင်ငံရဲ့ တိုးတက်ရေးကိစ္စ ပြောင်းလဲရေးကိစ္စမှာ အဓိက အဟန့်အတားပဲ။ အခုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ပဲသွားနေတာ တွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သွားနေတဲ့ ကာလပတ်လုံး ကျနော်တို့ လိုချင်တဲ့ နိုင်ငံမျိုး စနစ်မျိုးကို ဘယ်တော့မှ ရောက်စရာအကြောင်း မရှိဘူး။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုကို အသစ်ပြန်လည်ရေးဆွဲလိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီလို လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို တာဝန်ရှိသူတွေက မလုပ်နိုင်တဲ့အခါကျတော့ ကျနော်တို့ကိုယ်တိုင်ပဲ ဝင်လုပ်တော့မယ် ဆိုပြီးတော့၊ လွှတ်တော်အခင်းအကျင်းကို ကျနော်တို့ အခုလို ဝင်ရောက်လာခြင်း ဖြစ်တယ်။ နောက်တခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ၊ ကျနော်တို့ ကြိုတင်ကန့်သတ်ချက် မရှိပဲနဲ့ ပွင့်လင်းမြင်သာပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးညှိနှိုင်းတဲ့ ငြိမ်းချမ်းရေးမျိုးကိုပဲ ကျနော်တို့သွားစေချင်တယ် ဆွေးနွေးပွဲတွေ ဖြစ်စေချင်တယ် ။ ဒါမှလည်းပဲ တဖက်နဲ့တဖက် အပေးအယူတွေ ညှိနှိုင်းမှုတွေ လုပ်လို့ရတယ်။ "

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးမယ်ဆိုရင် ဒီ ၂၀၀၈ ဥပဒေကို စတင်ရေးဆွဲခဲ့တဲ့ တပ်မတော် အင်အားစုနဲ့ ထိပ်တိုက် ဖြစ်လာနိုင်စရာအကြောင်း ရှိနိုင်ပေမဲ့ ဒါကို ရင်ဆိုင် ကျော်လွှားသွားမယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

" ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ့် ပုဂ္ဂိုလ်များနဲ့တော့ ထိပ်တိုက် တွေ့နိုင်တာပေါ့ဗျာ။ သို့ပေမယ့် ကျနော်တို့က လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ရမှာ။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာကို ထိပ်တိုက် တွေ့မှာစိုးလို့ ရှောင်မယ်ဆိုရင် ကျနော်တို့ ဒီအဝန်းအဝိုင်းထဲ လာစရာအကြောင်း မရှိတော့ဘူး၊ ပြည်သူလူထုအကျိုး တိုင်းပြည် အကျိုးအတွက် ဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ရင်ဆိုင်ရမှာပဲ၊ ရှောင်လွှဲသွားလို့ မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့နယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ အောင်နိုင်စရာ အခြေအနေတွေ ရှိတာကြောင့်လည်း ဒီမြို့နယ်ကို ရွေးချယ် ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဦးဒေးဗစ်လှမြင့်က တွက်ပြပါတယ်။

" ကျနော်တို့ကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်တယ်ဆိုကတည်းက ရွေးကောက်ပွဲကို တကယ်ပဲ အနိုင်ရရှိအောင် ဆောင်ရွယ်မယ်ဆိုပြီးတော့ ကျနော်တို့ ဝင်လာတာဗျ ပေါ့ပေါ့ဆဆနဲ့ ဝင်ပြိုင်ခြင်း မဟုတ်ဘူးပေါ့နော်။ ကော့မှူးမြို့နယ်နဲ့ ကျနော်တို့နဲ့ကတော့ ပါတီထောင်မှ ရွေးကောက်ပွဲဝင်မှ ထိတွေ့တာ မဟုတ်ဘူးခင်ဗျ။ အဲဒီ ကော့မှူးမြို့နယ်မှာ ကျနော်တို့က ဘာတွေလုပ်ထားလဲဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက် ကတည်းက မြို့နယ်အဆင့် ရပ်/ကျေးအဆင့် အဖွဲ့တွေ ကျနော်တို့ တည်ဆောက်ပြီးသားရှိတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ကိစ္စတွေကို လိုက်လံ ဖြေရှင်းပေးတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံ မြေသိမ်းခံ ကိစ္စတွေကို လိုက်လံဖြေရှင်းပေးတဲ့ ကိစ္စတွေက ကော့မှူးမြို့နယ်မှာ အကုန်လုံး ကျနော်တို့က အဆင့်ဆင့်တည်ဆောက်ထားပြီးသား ဖြစ်တဲ့အတွက် ကော့မှူးဒေသနဲ့ ကျနော်တို့က လုံးဝ မစိမ်းဘူးပေါ့နော်။ ကျနော်တို့ လုပ်ဆောင်ချက်တွေကိုလည်း ကော့မှူးဒေသက အတော်များများသိတယ်။ ဟိုး ရွာတွေအထိ သိတယ်။ အဲဒီတော့ ကျနော်တို့ခုလို ရွေးကောက်ပွဲ ဝင်လာတဲ့အခါကျတော့ လူထုထောက်ခံမှုလည်း ရနိုင်တယ်၊ နိုင်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်မှုရှိတယ်။ အဲဒီယုံကြည်မှုအတိုင်းပဲ ကျနော် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။"

UNDP ပါတီဥက္ကဌ တဦးအနေနဲ့ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင် အနိုင်ရဖို့ အလားအလာက ဘယ်လို ရှိမှာပါလဲ ။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်က နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ တင်ဆွေက ခုလို မြင်ပါတယ်။

" ပွင့်ပွင့်လင်းလင်း အားမနာတမ်း တည့်တည့် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နိုင်စရာ ဘယ်ကိုယ်စားလှယ်လောင်းမှ မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ။ ခုတင်ပြတဲ့ ကိုယ်စားလှယ် တွေထက် ပိုပြီးကြီးကျယ်တဲ့ ပိုပြီးချမ်းသာတဲ့ ပိုပြီးလူသိများတဲ့ လူတွေလာပြိုင်လည်း နိုင်နိုင်မယ်လို့ ကျနော်ကတော့ မထင်ဘူးပေါ့နော်။ ဘာ့ကြောင့်လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါဟာ ဒီကနေ့အချိန်ထိ ကျမသွားပဲနဲ့ အရင်ထက်တော့ မလျော့ဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် ဒီနေ့ကာလမှာတော့ သူ့ထက်ကျော်အောင် လုပ်နိုင်မယ်ဆိုပြီး မဲဆန္ဒရှင်တွေက ယုံမယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ "

ဦးဒေးဗစ်လှမြင့်ဟာ NLD ပါတီဝင်ဟောင်းတဦး ဖြစ်ပြီး ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ငပုတောမြို့နယ်ကနေ အရွေးချယ်ခံခဲ့ရတဲ့ အမတ်ဟောင်း တဦးလည်းဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ကော့မှူးမြို့နယ်မှာ ယှဉ်ပြိုင်ခွင့်ရှိတာက ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ (၁)နေရာ ၊ အမျိုးသားလွှတ်တော်အတွက် (၁)နေရာနဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် (၂)နေရာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်၊ UNDP ပါတီက ဦးဒေးဗစ်လှမြင့်နဲ့ Orchid Hotel စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်တို့ ဝင်ပြိုင်မှာဖြစ်ပြီး ၊ စစ်အစိုးရလက်ထက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လက်ရှိမှာ လယ်သမားအရေးဆောင်ရွက်နေတဲ့ မစုစုနွေးကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

ကိုဉာဏ်ဝင်းအောင်/VOA (Burmese)
ကော့မှူးမှာ ဒေါ်စုနဲ့ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အလားအလာ ကော့မှူးမှာ ဒေါ်စုနဲ့ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အလားအလာ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.