ဗီဂျာယာဝါဒါမြို့က ကိုဗစ် လူနာဆောင် မီးစွဲလောင်မှုအတွင်း အနည်းဆုံး ၁၀ဦး သေဆုံးခဲ့

ကိုဗစ်လူနာဆောင်အဖြစ် ယာယီ အသုံးပြုနေတဲ့ ဟိုတယ်တစ်ခုမှာ မီးစွဲလောင်ခဲ့

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း ဗီဂျာယာဝါဒါမြို့က ကိုဗစ် ယာယီလူနာဆောင်တစ်ခုမှာ မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူနာ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ကိုဗစ်လူနာတွေကို ယာယီထားဖို့ အသုံးပြုနေတဲ့ ဆွာနာ နန်းတော် ဟိုတယ်မှာ တနင်္ဂနွေနေ့ မနက်က မီးစွဲလောင်ခဲ့တာပါ။

နာရီဝက်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးဘေးက လွတ်ခဲ့တဲ့ လူနာတွေ အားလုံးကို အဲဒီမြို့က တခြားဆေးရုံတစ်ခုဆီ ပြောင်းရွှေ့ထားတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဒုတိယမြောက် ကိုဗစ်လူနာဆောင်တစ်ခု မီးထပ်လောင်ခဲ့တဲ့အတွက် အကြီးအကျယ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်လင်းအားကြီး ၅ နာရီကျော်လောက်မှာ မီးစတင် လောင်ကျွမ်းခဲ့တာပါ။

လူ ၂၀ကျော်လောက် ဒဏ်ရာရခဲ့ကြပါတယ်။ သူတို့ကို မြို့ထဲက နောက်ဆေးရုံတစ်ခုကို ခေါ်သွားပြီး ဆေးကုသပေးနေပါတယ်။

ဘာ့ကြောင့် မီးလောင်ခဲ့တာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါပြီ။

သေဆုံး ဒဏ်ရာရခဲ့သူတွေအတွက် ထပ်တူ ဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးထားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေ ပေါင်စတာလင် ၅၁၀၀၀ ပေးမယ်လို့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ဝန်ကြီးချုပ် ဝိုင်အက်စ် ဂျာဂန် မိုဟန် ရက်ဒီက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းကလည်း အာမက်ဒါဘာ့ဒ် မြို့က ကိုဗစ်ဆေးရုံ အထူးကြပ်မတ်ဆောင်တစ်ခုရဲ့ အပြင်ဘက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနာ ၈ ဦး သေဆုံးခဲ့ပါတယ်။

လျှပ်စစ်ကြိုး အပြစ်ဖြစ်တဲ့မီးက ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ PPE အကာအကွယ် ဝတ်စုံကို မီးစွဲခဲ့ရာကနေ မီးလောင်မှု ဖြစ်ခဲ့တာလို့ မီးသတ်ဌာန ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘီဘီစီ ဂူဂျာရက်သီ ဌာနကို ပြောပြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသူပေါင်း ၂ ဒဿမ ၁ သန်းကျော် ရှိပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။ ဂျွန် ဟော့ပ်ကင်စ် တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၃၀၀၀ ရှိတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်း ရောဂါကူးစက်သူပေါင်း ၆၄၀၀၀ စံချိန်တင် ရှိခဲ့ပါတယ်။

BBC Burmese

https://www.bbc.com/burmese/world-53715879

ဗီဂျာယာဝါဒါမြို့က ကိုဗစ် လူနာဆောင် မီးစွဲလောင်မှုအတွင်း အနည်းဆုံး ၁၀ဦး သေဆုံးခဲ့  ဗီဂျာယာဝါဒါမြို့က ကိုဗစ် လူနာဆောင် မီးစွဲလောင်မှုအတွင်း အနည်းဆုံး ၁၀ဦး သေဆုံးခဲ့ Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.