ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ နေပြည်တော်က လူ ၇၀ ကျော်ကို စောင့်ကြည့်နေ

နေပြည်တော် စီလမ်းဆုံ အဝင်ဂိတ်မှာ နေပြည်တော်ကို ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ၂၀၂၀၊ ဧပြီ ၁၄ ရက်နေ့က ကျန်းမာရေး စစ်ဆေးပေးနေစဉ် / ဓာတ်ပုံ - သက်စုအောင်/ RFA


လူနာနံပါတ် ၆၅၉ ဟာ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်ကနေတဆင့် နေပြည်တော်ကို လာရောက်ခဲ့ဖူးတဲ့အတွက်၊ အဲဒီလူနာနဲ့ ဆက်စပ်သူ ၇၀ ကျော်ကို ကျန်းမာရေးစစ်ဆေးတာ၊ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေ တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည် က RFA ကိုပြောပါတယ်။

လူနာနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ငါးယောက်ကို အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးရာမှာ သုံးဦးမှာ ပိုးမတွေ့ရကြောင်းနဲ့ နှစ်ဦးရဲ့ အဖြေကိုစောင့်ဆိုင်းနေဆဲလို့ ဒေါက်တာ မျိုးစုကြည်က ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် လူနာနံပါတ် ၆၅၉ ဟာ သူနေထိုင်ရာ ရခိုင်ပြည်နယ် အမ်းမြို့ကနေ နေပြည်တော်ကို သြဂုတ်လ  ၁၉ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အိမ်တစ်အိမ်မှာ တည်းခိုခဲ့ပါတယ်။

၂၂ ရက်နေ့မှာ တော့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကလုပ်တဲ့ ရာထူးဝင် စာမေးပွဲကို သွားရောက်ဖြေဆိုခဲ့ပြီး အဲဒီနေ့မှာပဲ အမ်းမြို့ကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နေပြည်တော်ရောက်တုန်းမှာ သူတည်းခဲ့တဲ့နေအိမ်က မိသားစုဝင် သုံးဦး၊ ကားမောင်းလိုက်ပို့ခဲ့သူ တစ်ဦး၊ အဲဒီကားသမားနဲ့ တစ်ခန်းတည်း နေထိုင်သူတစ်ဦး စုစုပေါင်း ငါးဦးကို အသွားအလာ ကန့်သတ်စောင့် ကြည့်ပြီး သြဂုတ်လ ၃၀ ရက်က အာခေါင်တို့ဖတ်ယူကာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ငါးဦးထဲက လူနာနံပါတ် ၆၅၉ တည်းခိုခဲ့တဲ့ အိမ်ကမိသားစုဝင် သုံးဦးလုံးမှာ ပိုးမတွေ့ရကြောင်းနဲ့ ကျန်နှစ်ဦးကတော့ အဖြေမရသေးကြောင်း ဒေါက်တာမျိုးစုကြည်က ရှင်းပြပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၆၅၉ နဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှာ စာမေးပွဲအတူတူဖြေဆိုသူ ၄၈ ဦး ရှိခဲ့ပြီး အဲဒီထဲက ခြောက်ဦးဟာ နေပြည်တော်က ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတေ့ာ တိုင်းနဲ့ ပြည်နယ် နယ်စုံက ဖြစ်တဲ့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို အကြောင်းကြားထားတယ်လို့လည်း ဒေါက်တာ မျိုးစုကြည်က ပြောပါတယ်။

စာမေးပွဲဖြေဆိုရာမှာ MASK တပ်တာ၊ Face Shield အသုံးပြုပြီး အကာအကွယ်တွေနဲ့ ဆောင်ရွက်ခဲ့တာကြောင့် သူနဲ့အတူ စာမေးပွဲဖြေဆိုခဲ့သူတွေနဲ့ စာမေးပွဲမှာ ကြီးကြပ်ဆောင်ရွက်ခဲ့တဲ့ ဝန်ထမ်း ၂၃ ဦးတို့ကိုတော့ သူတို့ရဲ့ နေအိမ်တွေမှာပဲ အသွားအလာ ကန့်သတ်စောင့်ကြည့်နေတယ်လို့ ဒေါက်တာ မျိုးစုကြည်က ရှင်းပြပါတယ်။

ဒီနေ့ထိတော့ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ မရှိသေးဘူးလို့ ဒေါက်တာမျိုးစုကြည်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကစပြီး ရခိုင်ကနေ နေပြည်တော်ကို လာတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာက စီစဉ်ထားတဲ့ နေရာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှာဖြစ်ကြောင်း နေပြည်တော်ကောင်စီက ညွှန်ကြားချက်ထုတ် ထားပြီး၊ သြဂုတ် ၃၀ ညအထိ ရခိုင်ကနေ နေပြည်တော်ကိုလာတဲ့သူ စုစုပေါင်း အယောက် ၈၀ ကျော်ရှိတယ် လို့လည်း နေပြည်တော်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေတဆင့် စုံစမ်းသိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/coronavirus-in-myanmar-08312020045309.html

ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ နေပြည်တော်က လူ ၇၀ ကျော်ကို စောင့်ကြည့်နေ  ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ နေပြည်တော်က လူ ၇၀ ကျော်ကို စောင့်ကြည့်နေ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.