ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ

ဘူးသီးတောင်မြို့နယ် စိုင်းဒင်စျေးရွာရောက် စစ်ရှောင်များ။ (ဓါတ်ပုံ -MP Oung Thaung Shway)


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ ဆက်တိုးနေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"အခုက COVID -19 ကလည်း ဖြစ်နေတယ်။ ရသေ့တောင်မြို့နယ်မှာ ဆိုရင်လည်း တချို့နေရာတွေ ဆိုရင် တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့လည်း လက်နက်ကြီးကျတယ်၊ အဲဒါမျိုးတွေလည်း တွေ့နေရပါတယ်။ အဲတော့ ဒဏ်ရာရတဲ့ လူနာတွေလည်း ရသေ့တောင်မြို့ပေါ်မှာ လာကုရတာ ရှိတယ်။ ဒီနေ့မှာလည်း စေတီပြင်မှာ လက်နက်ကြီးကျပြီးတော့ အသက် ၁၇နှစ် အရွယ်တစ်ယောက် ဒဏ်ရာရသွားတယ်။"

ရသေ့တောင်မြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ရသေ့တောင်မြို့က စစ်ရှောင် ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

"အသစ်ရောက်လာတဲ့ စစ်ရှောင်တွေကတော့ဗျာ။ ရေဇိုးချောင်းကျေးရွာက ၁၀၀ ကျော်လောက်တော့ ရှိတယ်။ ငစံဘော် ကျေးရွာကတော့ မရောက်လာသေးဘူး။ သူတို့က နီးစပ်တဲ့ကျေးရွာတွေကို ထွက်ပြေး နေကြတာ။ ကျနော်တို့လည်း လမ်းကြောင်းမကောင်းတော့ စားနပ်ရိက္ခာတွေ သွားပို့ဖို့ အခက်အခဲဖြစ်နေတယ်။ မေယုမြစ်မှာရှိတဲ့ မြန်မာ့တပ်မတော်ရေတပ်က အမြဲတမ်းပစ်ခတ်နေတော့ သွားပြီးတော့ ကူညီ ထောက်ပံ့ပေးဖို့ အခက်အခဲဖြစ်နေတယ်ဗျာ။"

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေ ထိခိုက်သေကျေမှုတွေ ရှိခဲ့တယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက ပြောပါတယ်။

"တပ်မတော်စစ်ကြောင်း တစ်ခုက ရွာထဲကနေ လမ်းမဘက်ကို တက်လာတာပေါ့နော်။ အဲဒီမှာ ကောက်စိုက်နေတဲ့ အမျိုးသမီးတစ်စုက ကြောက်လန့်ပြီးတော့ ရွာထဲကို ဝင်လာကြတဲ့အချိန် လက်နက်ကြီးကျည် ထိပြီးတော့ ၄ ယောက်လောက် ဒဏ်ရာရတယ်ဆိုပြီးတော့ ကျနော်တို့ကို ဆက်သွယ်လာတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ သေသွားတယ်လို့ကြားတယ်။ နှစ်ယောက်ပေါ့နော်၊ အပေါက်ဝက တစ်ယောက်ရယ်၊ ကျောက်တော် ချင်းရွာရပ်ကွက်က အသက် သုံးဆယ်အရွယ် မောင်နိုင်ဝင်းဆိုတဲ့ တစ်ယောက်ရယ်။"

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဓိကခံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတဲ့အထိ အန္တရာယ်ကျရောက်နေတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ လိုအပ်နေပြီလို့လည်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက တိုက်တွန်းပါတယ်။

"ရခိုင်မြောက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့နေရာတွေက တော်တော်စိန်ခေါ်မှု များတာပေါ့နော်။ ကိုယ့်အိမ်မှာ ကိုယ်နေ ရင်း အိမ်ပေါ်ကို လက်နက်ကြီး ကျည်ကျလာတာကို ရင်ဆိုင်နေရတယ်။ အခုက COVID-19 ရောဂါလည်း ကိုယ့်ရဲ့ကျေးရွာမှာ ဘယ်နေ့ရောက်လာမလဲ စစ်ရှောင်စခန်းတွေမှာ ဘယ်နေ့များ ရောက်လာမလဲဆိုပြီးတော့ စိုးရိမ်နေကြရပါတယ်။ အခုလို COVID-19 ဖြစ်နေတဲ့ ကာလမှာတော့ တိုက်ပွဲတွေကို ရပ်တန့်ထားဖို့ တိုက်တွန်းထား တာလည်း ရှိပါတယ်။ အခုလည်း တောင်းဆိုပါတယ်။"

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင် သီတင်းပတ်အနည်းငယ်ကစ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက အသွားအလာ ကန့်သတ်ထိန်းချုပ်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ညမထွက်ရအမိန့် အပါအဝင် ပြည်နယ်တခုလုံးမှာလည်း မလိုအပ်ရင် အိမ်ပြန်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။ 


သက်နိုင်/VOA (Burmese)

https://burmese.voanews.com/a/rakhine-covid/5564648.html

ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.