ရခိုင်မှာ ကပ်ရောဂါကူးစက်မှု မယုံသူတွေ ရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အခက်အခဲရှိနေ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှု အပေါ် မယုံကြည်ဖြစ်နေတာကြောင့် ကာကွယ်ထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိနေပါတယ်။

ရခိုင်ဒေသခံပြည်သူတချို့ဟာ ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေတယ်ဆိုတာကို မယုံကြည်ကြဘူး ဖြစ်နေကြပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာ ဒေသခံ ဦးခင်မောင်သန်းက ဒါဟာ အစိုးရရဲ့မူဝါဒ (ပေါ်လစီ) တစ်ခုလို့ ကျေးရွာကလူတွေက ထင်နေကြောင်း ပြောပါတယ်။

“ကျေးရွာကလူတွေက  ပညာမရှိတဲ့သူတွေဆိုတော့ မယုံကြည်ကြတဲ့သူတွေက ဒါကို ပေါ်လစီတစ်ခုလို့ ပြောနေကြတယ်။ အများကြီးပဲ အဲလိုမြင်နေကြတာ ကျေးရွာထဲမှာလည်းရှိတယ်”

ဒီလိုမယုံကြည်နိုင်ဖြစ်နေရတာဟာ ဒေသခံတွေဆီကို သတင်းအချက်အလက်စီးဆင်းမှု အားနည်းပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်မှု ပျက်ပြားနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ လူမှုကူညီရေး လုပ်နေသူ တွေက ထောက်ပြကြပါတယ်။

ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မယုံကြည်ကြသူတွေ အများအပြား ရှိနေပြီး ဖုန်းနဲ့ဆက်သွယ်မေးမြန်းကြတဲ့အတွက် ဖြေရှင်းပြရကြောင်း ပြောပါတယ်။

“ပိုးတွေ့တဲ့လူတွေတောင် ပထမ လက်မခံချင်ကြဘူး စစ်တယ်ပိုးတွေ့တယ်ဆိုတာ ကျန်းမာရေးက အကြောင်း ကြားတယ် ဒါပေမဲ့ သူတို့က လက်မခံချင်ဘဲ ဖုန်းဆက်မေးလာကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ ရောဂါ လက္ခဏာမပြဘူး ဒီတိုင်းပဲ အဲတော့ သူတို့က တစ်ခုခုမဟုတ်၊ မမှန်တာလားလို့ သံသယဝင်ကြတာ ကျနော်တို့ ကို မေးလာရင်တော့ ဖြေရှင်းပြရတယ်၊အခုတော့ သဘောပေါက်သွားပြီ ဒါပေမဲ့ နယ်တွေမှာတော့ရှိနေတုန်း ပဲလို့ ကြားတယ်”

သြဂုတ် ၂၈ ရက်နေ့ မနက် ၈ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ် ကူးစက်ခံထား ရသူ ၁၄ ဦး ရှိနေပြီဖြစ်တဲ့ မြောက်ဦးမြို့မှာ ပထမဆုံး ပိုးတွေ့ရှိသူတွေ နေထိုင်တဲ့လမ်းကို ကန့်သတ်စောင့်ကြည့်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် နောက်ထပ်တွေ့ရှိသူတွေ နေထိုင်တဲ့လမ်းကို မလုပ်ဆောင်တာတွေကြောင့် ဒေသခံတွေက မကျေနပ်ကြဘဲ ကန့်သတ်စောင့်ကြည့်တာကို ပယ်ဖျက်လိုက်ကြပါတယ်။

ဗိုင်းရပ်စ်ရှိနေတယ်ဆိုတာကို မယုံကြည်တဲ့အတွက် ပိုးထိန်းချုပ်ကာကွယ်ရေးလုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ မြောက်ဦးမြို့နယ် လူမှုကူညီရေးအဖွဲ့က ကိုသန်းထွန်းက ပြောပါတယ်။

“အခက်အခဲက ကျနော်တို့ဆို မက်စ်တွေ လက်ဆေးတာတွေ ပေးဝေတယ် အခမဲ့ပေါ့ ဒါပေမဲ့ ဒီနေ့ပေးလိုက်ရင် နောက်နေ့ မတပ်လာတော့ဘူး၊ အိမ်မှပဲထားခဲ့လိုက်တယ် စိတ်လဲမကောင်းဘူး၊ ဒေါသလည်းဖြစ်တယ်၊ ဈေးထဲမှာဆိုရင် မက်စ်မတပ်ရင် ဈေးထဲပေးမဝင်ဘူး၊ အပြင်မှာတပ်တယ် ဈေးထဲရောက်တော့ ဖြုတ်ထားလိုက် တယ် အဲလိုမျိုး”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဗိုင်းရပ်စ်ကူးစက်မှုဟာ ရခိုင်ပြည်နယ်မှာ တကယ်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ နားလည်မှုမလွဲဖို့ တိုက်တွန်းလိုက်ပါတယ်။

“အစိုးရဖက်က ဘက်ပေါင်းစုံလုပ်နေတယ် လွဲမှားနေတော့ အသိပညာပေးမှုတွေကလည်း မထိရောက်ဘူးဖြစ် နေတယ်၊ ပြည်သူတွေ အထင်မြင်လွဲမှားမှုကို မလွဲမှားဖို့ပြောကြားလိုပါတယ်၊ ဒီရောဂါက အမှန်တကယ်ဖြစ် ပျက်နေတဲ့ ရောဂါဖြစ်ပါတယ်”

ပြည်သူတွေမယုံကြည်ကြတဲ့အတွက် ပိုးကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေရှိနေပြီး ကူးစက်မှုတွေ ပိုဖြစ်ပွားနေရတယ်လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။

သြဂုတ်လထဲမှာတင် ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀ ကျော်တွေ့ရှိထားပြီး ပိုးကူးစက်ခံ ရသူတွေ ဒီရက်အတွင်း နေ့တိုင်းနီးပါး ထပ်တိုးနေပါတယ်။

စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ပိုးကူးစက်ခံရသူတွေရှိထားတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/difficult-to-control-coronavirus-in-rakhine-08302020221237.html

ရခိုင်မှာ ကပ်ရောဂါကူးစက်မှု မယုံသူတွေ ရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အခက်အခဲရှိနေ  ရခိုင်မှာ ကပ်ရောဂါကူးစက်မှု မယုံသူတွေ ရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အခက်အခဲရှိနေ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.