ဝတပ်ဖွဲ့ ဦးဆောင်တဲ့ လက်နက်ကိုင်ခြောက်ဖွဲ့ ပင်လုံညီလာခံမတက်ဖို့ ဆုံးဖြတ်

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို တွေ့ရစဉ် / Photo: FPNCC Facebook

နေပြည်တော်မှာ ပြုလုပ်တော့မယ့် စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)  က ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ‌ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


FPNCC ရဲ့ကြေညာချက်မှာ... ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေချိန် နယ်စပ်ဒေသတွေရဲ့ ဆေးဝါးကုသမှု အခက်အခဲနဲ့ ခရီးသွားလာရေး အခက်အခဲတွေဟာ FPNCC အဖွဲ့ဝင်ခြောက်ဖွဲ့ ညီလာခံ မတက်‌ရောက်နိုင်တဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင့်တပ်တော် (AA) ကို အစိုးရက ညီလာခံတက်ဖို့ မဖိတ်ကြားတဲ့အ‌ပေါ် များစွာစိတ်မကောင်း ဖြစ်မိကြောင်းလည်း ပြောပါတယ်။


FPNCC အဖွဲ့ဝင် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့... ရခိုင့်တပ်တော် AA ကို ပင်လုံညီလာခံ တက်ရောက်ဖို့ မဖိတ်ကြားတဲ့အတွက် FPNCC အနေနဲ့ ဒီလို ဆုံးဖြတ်လိုက်တာလို့   RFA ကို ပြောပါတယ်။


မကြာသေးခင်က အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြချိန်မှာ ညီလာခံသွားတက်ရင် မဟာမိတ်အချင်းချင်း ညီညွှတ်ရေးမှာ ထိခိုက်နိုင်တာကြောင့် မတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် စတုတ္တအကြိမ်မြောက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အပစ်မရပ်သေးတဲ့ အဖွဲ့တွေထဲက မတရားသင်း အဖြစ်ကြေညာခံထားရတဲ့ AA အဖွဲ့ကလွဲရင် ကျန်တဲ့အဖွဲ့တွေကို ညီလာခံဖွင့်ပွဲအခမ်းအနား တက်ကြဖို့ ဖိတ်ကြားထားတာပါ။


အစိုးရရဲ့ NCA လမ်းကြောင်းကို လက်မခံတဲ့ UWSA ၀ အဖွဲ့ ဦးဆောင်တဲ့ FPNCC မှာ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့  (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရခိုင့်တပ်တော် (AA) တို့ ပါဝင်တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/fpncc-21-panglong-08132020091024.html

ဝတပ်ဖွဲ့ ဦးဆောင်တဲ့ လက်နက်ကိုင်ခြောက်ဖွဲ့ ပင်လုံညီလာခံမတက်ဖို့ ဆုံးဖြတ်  ဝတပ်ဖွဲ့ ဦးဆောင်တဲ့ လက်နက်ကိုင်ခြောက်ဖွဲ့ ပင်လုံညီလာခံမတက်ဖို့ ဆုံးဖြတ် Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.