နိုင်ငံ့အကျပ်အတည်းတွေကို ၂၁ ပင်လုံ လမ်းကြောင်းကနေ ဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မယ့်လမ်းကြောင်းကို ၂၁ ရာစုပင်လုံညီလာခံမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က  ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ကိုးကြိမ် JICM အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။


ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ ၂၁ ရာစု ပင်လုံမှာ ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဒီထက်ပိုကောင်းမွန်ပြည့်စုံတဲ့ အချက်တွေ ပါဝင်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။


စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူညီချက် အစိတ် အပိုင်း ၃ စာချုပ်မူကြမ်းကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် JICM အစည်းအဝေး မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ အားလုံးက သဘောတူ ခဲ့ကြပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းကြောင်းဖော်ဆောင်နိုင်ခဲ့ပြီလို့ ဒီနေ့ အဖွင့် မိန့်ခွန်းမှာ ပြောကြား လိုက်ပါတယ်။


"ဒီသဘောတူစာချုပ်ဟာ ကျွန်မတို့ရင်ဆိုင်တွေ့ကြုံနေရတဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်း ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့်လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှားဖော်ပြနိုင်တော့မှာဖြစ် ပါတယ်။ ဒီစာချုပ်ဟာ ပြီးပြည့်စုံတဲ့စာချုပ်တစ်ရပ် ဖြစ်ပြီလားဆိုရင်တော့ မပြည့်စုံသေးဘူးဆိုတာကို ကျွန်မ တို့ အမှန်အတိုင်းရှုမြင်ကြဖို့၊ အမှန်အတိုင်းလက်ခံကြဖို့ လိုအပ်ပါတယ်။ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ် တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေမှာ ခေါင်းစဉ်ကြီး ရှစ်ခုကို ဖော်ထုတ်နိုင်ကြပေမယ့် အသေး စိတ် ဆက်သွားရမယ့်လုပ်ငန်းစဉ်တွေကို ကျွန်မတို့ ဆက်ပြီးဆွေးနွေးညှိနှိုင်းကြရဦးမှာဖြစ်ပါတယ်။"


ပင်လုံညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ စာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ် မဟုတ်သေးပေမယ့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြာင်းနဲ့ ချိတ်ဆက်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့တာပါ။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က အစည်းအဝေးတွေ မတက်ရောက်တော့ပဲ NCA လမ်းကြောင်း ရပ်တန့်သွားတဲ့ အခြေအနေကို ပြန်လည်အစပြုဖို့ အစိုးရ ဦးဆောင်တဲ့ NRPC က နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ရတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ဆက်ပြောခဲ့ပါတယ်။


ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နှစ်ဖက်ကိုယ်စားလှယ်တွေရဲ့ ကြိုးစားမူကို အသိအမှတ်ပြုပေမယ့် စာချုပ်မှာ ဒီထက်ပိုကောင်းမွန်တဲ့ရလဒ်တွေ ပါဝင်သင့်တယ်လို့  ထောက်ပြခဲ့ပါတယ်။


"ဒီသဘောတူညီချက်များဟာ ယခုထက်ပိုပြီးတော့ ရသင့်ကြောင်းလည်းတွေ့ရမှာဖြစ်ပါတယ်။ ခု ကိုးကြိမ် မြောက် JICM အစည်းအဝေးအတွက် အလုပ်အဖွဲ့များ ညှိုနှိုင်းဆွေးနွေးမူ လေးကြိမ် ဆောင်ရွက်ရာမှာ အချို့ အချက်များဟာ NCA မှာ အတိအကျ ဖော်ပြထားရှိပြီးဖြစ်ပါတယ်။ စာသားအဓိပ္ပါယ်အယူအဆအနက် အဓိပ္ပါယ်ကောက်မှု လွဲချော်သွားခြင်းများကြောင့် ဆွေးနွေးရမယ့် အချက်အလက်များကို မဆွေးနွေးနိုင်ဘဲ ဒီလို အယူအဆအချက်အလက်လွဲမှားနေတဲ့ သက်ဆိုင်ရာ NCA ပါ အချက်များကိုပဲ ထပ်မံဆွေးနွေးမှုကြောင့် အချိန်ကြန့်ကြာခြင်းဖြစ်ပါတယ်"


ဒီနေ့ JICM အစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေး ရှေ့ဆက်ဖို့အချက် ၇ ချက်ကို သဘောတူနိုင်ခဲ့ပြီး အဲဒီအချက်တွေထဲမှာ NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လာဖို့ ဆိုတဲ့ အချက်ပါဝင်ပါတယ်။


အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ PPST အဖွဲ့ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကလည်း နှစ်ဖက်ခေါင်းဆောင်တွေ စာချုပ်မူကြမ်း အတည်ပြုနိုင်ခဲ့တာကို  ကျေးဇူးတင် ဝမ်းမြောက် ကြောင်း၊ ဆွေးနွေးပွဲတွေမှာ  ကိုယ်လိုချင်တာကို ရာနှုန်းပြည့် မရနိုင်တဲ့အတွက် အပေးအယူ အလျှော့အတင်း လုပ်မှသာ  ငြိမ်းချမ်းရေး အောင်မြင်မှာဖြစ်ကြောင်း ပြောပါတယ်။


ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၃ မှာ ထည့်သွင်း ချုပ်ဆိုမယ့် အချက်တွေကတော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အစိုးရသစ် က်ထက်မှာ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ခေါင်းစဉ် ရှစ်ခုနဲ့  ဖက်ဒရယ် အခြေခံမူ သဘောတူညီချက် ငါးရပ်တို့ ဖြစ်ပါတယ်။


မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးက ဒေါ်အောင်ဆန်းစုကြည်  လမ်းညွှန်ခဲ့တဲ့  အခြေခံမူ ငါးချက်ထဲက ဖက်ဒရယ်မူ၊ အာဏာခွဲဝေရေး အပိုင်းတွေမှာ ရှေ့ဆက်ဆွေးနွေးဖို့ လမ်းပွင့်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


"ဒီ ငါးချက်ထဲမှာ ငါးချက်စလုံးအနေနဲ့ တိတိကျကျမရတဲ့တိုင်အောင် အကျိုးဆက်အများကြီးရခဲ့တယ်။ နောက်ထပ်ဆက်လက်ဆွေးနွေးဖို့ အများကြီး လမ်းပွင့်သွားခဲ့တယ်။ ဥပမာဆိုရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရတယ်၊ နောက်အာဏာခွဲဝေရေးကိစ္စမှာလည်း ကျနော်တို့ရတယ်။ အဲတော့ ပြည်နယ် အချင်းချင်း လေးစားမှုရှိဖို့ကလည်း ရတယ်ခင်ဗျ။ ခုနပြောတဲ့ ပြည်နယ်ဖွဲ့စည်းပုံ ကိစ္စမှာတော့ အမည် သတ်မှတ်ချက်ကိစ္စက နည်းနည်းတူညီမှု မရှိဘူးပေါ့"


နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နောက်ပိုင်းမှာ ဆက်ဆွေးနွေးရမယ့်ကိစ္စတွေထဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေ ပါဝင်တယ်လို့ ပြောပါတယ်။


"ဘယ်ဟာမှာ ဆက်ပြီးတော့ ဆွေးနွေးရမလဲဆိုတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ ဒီအပိုင်း မှာတော့ NCA လမ်းပြမြေပုံမှာ ပါတဲ့အတိုင်းပေါ့၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ခေါင်းစဉ်အောက် မှာ ဘာတွေပါလဲဆိုတော့ နှစ်ဖက်ညှိုနိုင်းဆွေးနွေးမယ် ပြီးရင် ကြိုတင်ဆောင်ရွက်ဖွယ်ရာတွေကို ဆောင်ရွက် မယ်ဆိုတာပါတယ်၊ လမ်းပြမြေပုံ အဆင့် ၃ မှာ၊  ပြီးရင် လမ်းပြမြေပုံ အဆင့် ၇ မှာတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုတာပါတယ်။ အဲတော့ ဒီဘက်က နိုင်ငံရေးအရသွားတဲ့အဆင့်တွေနဲ့ လိုက်လျောညီထွေ ဟန်ချက်ညီဖို့ဆိုရင် ဒီဘက်က လုံခြုံရေးအရသွားတဲ့ဟာတွေ ဟန်ချက်ညီဖို့လိုတယ်။"


အရင်ဆွေးနွေးပွဲတွေက မပြေလည်ခဲ့တဲ့ ခွဲမထွက်ရ ဆိုတဲ့ကိစ္စကိုတော့ ပုံစံတမျိုးနဲ့ ကျော်လွှားနိုင်ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၀ နောက်ပိုင်း အဆင့်လိုက်သွားမယ့်လုပ်ငန်းစဉ်တွေကတော့ ဘယ်အချိန်မှာ ပြည်နယ်တွေအနေနဲ့ အခြေခံဥပဒေတွေကို ရေးဆွဲကြမလဲ၊ ပြည်ထောင်စုနဲ့ပြည်နယ် အာဏာခွဲဝေမှုတွေကို ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်အဆင့်မှာ  လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လက်နက်ဖြုတ်သိမ်းရေးတွေကို လုပ်မလဲဆိုတာကို အသေးစိတ် ထပ်မံဆွေးနွေးရဦးမယ်လို့ ပြောခဲ့ပါတယ်။


နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဒီတကြိမ် ပင်လုံက အရင်ဆွေးနွေးပွဲတွေထက် ပိုအနှစ်သာရရှိမှာ သေချာပေမယ့် မူဝါဒတွေ အလုပ်ဖြစ် မဖြစ်က စောင့်ကြည့်ရဦးမယ်လို့ မှတ်ချက်ပေးပါတယ်။


"ဒီတစ်ကြိမ် ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အရင်ကထက်တော့ အဓိပ္ပါယ်ရှိလိမ့်မယ်။ သို့သော်ငြားလည်း ယေဘုယျ သဘောတူညီချက်တွေ မျှတာဖြစ်ပြီးတော့ နောင်လာမယ့် အစိုးရလက်ထက်မှာ ဘာတွေ အပြောင်း အလဲတွေဖြစ်ပြီးတော့ ဘယ်လိုအနေအထားတွေ ဖြစ်ဦးမယ်ဆိုတာ မပြောနိုင်ဘူး။ ယေဘုယျအားဖြင့်တော့ စတုတ္ထအကျော့ ပင်လုံဆွေးနွေးပွဲက ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးအတွက် ကောင်းမွန်တဲ့အခြေခံတွေ ချမှတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ မူသဘောအရသာဖြစ်ပြီးတော့ လက်တွေ့အရ ဘယ်လောက် အလုပ်ဖြစ်ပြီးတော့ ဘယ်လောက်အကျိုးရှိမယ်ဆိုတာကတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး အခြေအနေမှာ ဆက်ပြီးတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။"


NLD အစိုးရလက်ထက် နောက်ဆုံးအကြိမ် ပြုလုပ်မယ့် ပင်လုံညီလာခံဆွေးနွေးပွဲတွေကို သြဂုတ်လ ၁၉ ရက်နေ့ကနေ   သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့ အားလုံးလိုလိုကို ဖိတ်ကြားထားပါတယ်။


ဒါပေမဲ့ ဖိတ်ကြားခံရတဲ့ထဲမှာ  ရခိုင့်တပ်တော် AA ပါဝင်ခြင်းမရှိတဲ့အတွက် ကျန်တဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေလည်း  ညီလာခံ မတက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က RFA ကို ဒီကနေ့  ပြောပါတယ်။


FPNCC မှာ  ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့တွေကတော့ UWSA ၀ အဖွဲ့၊ မိုင်းလားအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော်  KIA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ  SSPP/SSA နဲ့ AA တို့ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dassk-jicm-08132020062310.html

နိုင်ငံ့အကျပ်အတည်းတွေကို ၂၁ ပင်လုံ လမ်းကြောင်းကနေ ဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော  နိုင်ငံ့အကျပ်အတည်းတွေကို ၂၁ ပင်လုံ လမ်းကြောင်းကနေ ဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.