သျှမ်းရှေ့တွင် ဆုံဆို့နာရောဂါကြောင့် ကလေး ၅ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသည့် ကလေးငယ် (၅) ဦးရှိကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။

ဆုံဆို့နာ ရောဂါသည် အသက်ရှူလမ်းကြောင်း ကျဉ်းပြီး ကူးစက်နိုင်သည့် ရောဂါဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။

ဇူလိုင်လကုန်မှ ယနေ့ထိ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ (၃၆) ဦးရှိပြီး သေဆုံးသူ (၅) ဦး ရှိပြီးဖြစ်ကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ လှဌေးမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကိုဗစ်လို ကူးစက်ရောဂါ တစ်မျိုးပဲ။ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေ စပြီး ဖြစ်တာ။ ၁၀ နှစ်ကျော် အရွယ်တွေ ဖြစ်ကြတယ်။ ဆေးရုံမှာ သေဆုံးသူ ၅ ဦးရှိသွားပြီ။ ကာကွယ်ဆေးထိုးလို့ရှိရင်တော့ မဖြစ်ဘူး။” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

အဆိုပါ ဆုံဆို့နာ ရောဂါ လက္ခဏာသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း နှင့် အသက်ရှုလမ်းကြောင်း တစ်ဖြေးဖြေး ကျဉ်းသွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အထိ ဖြစ်လာနိုင်ကြောင်း ဒေါက်တာလှဌေးမင်း က ပြောသည်။

ကျိုင်းတုံ ဆေးရုံတွင် ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူများမှာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့နယ် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် တွင် နေထိုင်သူများ ဖြစ်သည်။

“ကိုဗစ်လိုပဲ လူထူထပ်တဲ့ နေရာ သွားလို့မရဘူး။ mask တပ်ရမယ်။ လက်ကိုသေချာ ဆေးရမယ်။ ပစ္စည်းတစ်ခုကိုင်ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးရမယ်” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ဆုံဆို့နာရောဂါနှင့် ပတ်သက်ပြီး လူနာ မရှိသေးကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရော လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံ သိရသည်။

ဆုံဆို့နာ ကာကွယ်ဆေးကို ကလေးအရွယ်တွင် ထိုးရကြောင်း၊ များသောအားဖြင့် ကျေးလက်ဒေသနှင့် မဖွံ့ဖြိုးသည့် ဒေသတွင် နေထိုင်သည့် သူများသည် ကာကွယ်ဆေး ထိုးခြင်း နှင့် ပတ်သက်ပြီး အသိပညာ နည်းပါးကြောင်းလည်း ကျိုင်းတုံ ဒေသခံများက ပြောသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

သျှမ်းရှေ့တွင် ဆုံဆို့နာရောဂါကြောင့် ကလေး ၅ဦးသေဆုံး သျှမ်းရှေ့တွင် ဆုံဆို့နာရောဂါကြောင့် ကလေး ၅ဦးသေဆုံး Reviewed by THITHTOOLWIN on 19:22 Rating: 5

No comments:

Powered by Blogger.