ငြိမ်းချမ်းရေးအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

၂၀၂၀၊ သြဂုတ် ၁၉ ရက်နေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် / ဓာတ်ပုံ - သက်စုအောင်/ RFA


"ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လက်နက်အားကိုးပြီး အင်အားသုံးမှ ထိရောက်မယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးနဲ့ ဒီစိတ်ဓာတ်ကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကို နိဂုံးချုပ်ဖြတ်တောက်ဖို့အထိ၊ ရည်ရွယ် ဆောင်ရွက်နေကြောင်း" နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့  ၂၁ ရာစု ပင်လုံညီလာခံမှာ  ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ လက်နက်ကိုင်ပဋိပက္ခတွေဟာ တပ်မတော်ကြောင့်လို့ စွပ်စွဲနေတာတွေကို ငြင်းပယ်လိုက်ပြီး၊ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က အယူအဆတွေနဲ့  တပ်မတော်ကို ပြောဆိုတာတွေဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ ကြိုးစားနေတာလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

NLD အစိုးရလက်ထက်နောက်ဆုံး အကြိမ်ဖြစ်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေး ပထမနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ နိုင်ငံရေးပါတီတွေဘက်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  SNLD ဒုတိယ ဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်တို့က အဖွင့် မိန်းခွန်းပြောကြားခဲ့ပါတယ်။

စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြောင့် အခွင့်အလမ်းပိတ်ဆို့ရတာတွေ ရှိတဲ့အတွက် တပ်မတော်အပါအဝင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေလုပ်ငန်းစဉ်က ထွက်ပေါ်လာမယ့် အခွင့်အလမ်းကောင်းတွေကို လက်မလွတ်ဘဲ မိမိရရ ဆုပ်ကိုင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်အားကိုးပြီး အင်အားကို အသုံးချနိုင်မှ ထိရောက်မယ်၊ အောင်မြင်မယ်ဆိုတဲ့ ဓလေ့ဆိုးကို ဖြတ်တောက် နိဂုံးချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ပြောပါတယ်။

"လက်နက်ကို အားကိုးမှ၊ အင်အားကိုအသုံးချမှ ထိရောက်မှုရှိမယ်၊ အရာဝင်မယ် အလေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေး ဓလေ့ဆိုးကို ဖြစ်ပေါ်စေခဲ့တဲ့ အဇ္ဈတ္တစိတ်သဏ္ဍန်ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့အထိ အဓိက ရည်ရွယ်တာပါ။ ဒါဟာငြိမ်းချမ်းရေးတည်ဆောက်သူတွေရဲ့အန္တိမ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှလည်း ကျွန်မတို့အားလုံး တာဝန်ကျေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ လက်နက်အားကိုးမှ အင်အားသုံးမှ ထိရောက်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးနဲ့ ဒီဓလေ့ဆိုးကို ဖန်တီးပေးလိုက်တဲ့ အရင်းခံစိတ်ဓာတ်တွေကို နိဂုံးကမ္ပတ်အဆုံးသတ်အောင်  စွမ်းဆောင်ပေးနိုင်မှသာ တကယ့်ငြိမ်းချမ်းရေးတည်ဆောက်သူလို့ သတ်မှတ်နိုင်မှာပါ။"

ပြည်နယ်အခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းပေါ်မှာ မတူညီတဲ့အမြင်ရှိတဲ့အတွက် ၂၁ ပင်လုံမှာ ချုပ်ဆိုမယ့် စာချုပ်ထဲမှာ မထည့်သွင်းနိုင်ခဲ့တာဟာ ယုံကြည်မူအားနည်းတယ်ဆိုတာကို မြင်တွေ့နိုင်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ က ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်နဲ့ပဲ သက်ဆိုင်တယ်၊ နိုင်ငံတော် တာဝန်တွေကို ယူထားရတဲ့ အစိုးရ နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်သွားပါတယ်။

"တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါ။ တက်လာတဲ့အစိုးရတွေကို ဆန့်ကျင်တာပါ။ ဒါကြောင့် နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်နေတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဓမ္မဓိဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်၊ ၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ်အယူအဆတွေနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်မောင်းနှင်လိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ပဲ ပြောလိုပါတယ်၊ အဲဒီခေတ်က  ခေတ်စားခဲ့တဲ့စကားနဲ့ပဲပြန်ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ပဲ ဆိုချင်ပါတယ်။"

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ရင် တချို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ရဲ့ ၁၉၅၅ ခုနှစ် လမ်းစဉ်အတိုင်း ဖဆပလ အစိုးရနေရာမှာ တပ်မတော်ကို အစားထိုးပြီး သမိုင်းလုပ်ကြံနေတယ်လို့ သူက ပြောခဲ့တာပါ။

ဒီနေ့အထိ ငြိမ်းချမ်းရေးမရသေးတာက ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မရိုးသားမှု၊ ငြိမ်းချမ်းရေးကို တခြားလုပ်ငန်းစဉ်တွေနဲ့ တွဲဆက်ထားလိုမှု၊ တိကျပြတ်သားတဲ့ အခြေခံမူအပေါ်မှာ ရပ်တည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတိတ်က ဘုရင်စနစ်တွေ၊ စော်ဘွားစနစ်တွေ၊ ပါလီမန်စတဲ့ ခေတ်တွေက ပြီးဆုံးခဲ့ပြီ၊ အတိတ်ကို တမ်းတမနေဘဲ သင်ခန်းစာသာယူဖို့နဲ့ တန်းတူညီမျှမရှိမှသာ တိုင်းရင်းသားအခွင့်အရေး ၊ လူနည်းစုအခွင့်အရေးဆိုတာတွေကို ပြောရမှာဖြစ်တယ်၊ အဲဒီ အခွင့်အရေးတွေက ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင် လေးဦးရဲ့  မိန့်ခွန်းတွေမှာ  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့၊ NCA လမ်းကြောင်းကတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ပြင်ဆင်ဖို့၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့၊ တိုင်းရင်းသားအခွင့်အရေး တန်းတူညီတူရရှိဖို့ စတဲ့ အချက်တွေကို အလေးပေးပြောဆိုတာကို တွေ့ရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည်တပ်မတော် RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က NCA စာချုပ်အရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။

"NCA စာချုပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီး တစ်ဆင့် ပြင်ဆင်ခြင်းနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်၊ နိုင်ငံရေးတိုးတက်ပြောင်းလဲလာခြင်းနဲ့အညီ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဟန်ချက်ညီညီ ဆွေးနွေးညှိနှိုင်း သဘောတူပြီး အဆင့်လိုက်  အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ပါရှိပါတယ်။"

NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက ပြည်တွင်း လက်နက်ကိုင်အရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေအပေါ် ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကို လက်မခံဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော်တို့ တိုင်းရင်းသားတွေကြောင့် ဒီပြည်တွင်းစစ်တွေ ဒီလက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်ဆိုတဲ့ သဘောမျိုးပါနေတယ်။ အဲဒါတော့ အမှန်တော့ ကျွန်တော်တို့ အခွင့်အရေးဆုံးရှုံးလို့ ဆုံးရှုံးတာကိုလည်း ဒီမိုကရေစီနည်းအရတင်ပြတာ။ အဲဒါ ဘာမှမဖြေရှင်းဘဲနဲ့ လက်နက်အားကိုးပြီးမှ ကျွန်တော်တို့ကို  အရေးယူလာလို့ မလွဲမရှောင်သာ ကျွန်တော်တို့ လက်နက်ကိုင်ရတာဖြစ်တယ် တိုင်းရင်းသားတွေဘက်က။ အမှန်တော့ ဗကပ နဲ့ ကျွန်တော်တို့နဲ့က ဘာမှမဆိုင်ဘူး။ ဗကပတွေက လူတန်းစားတွေအရေးကိုပဲ ဦးစားပေးတယ်။  သူတို့အမြင်ကတော့ လူတန်းစားအရေး ပြဿနာဖြေရှင်းပြီးသွားရင် တိုင်းရင်းသားအရေးက အလိုလို ပြေလည်သွားမယ်လို့ အမှန်ကတော့ အဲလိုမဟုတ်ဘူးဗျ။"

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုတိယ ဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်ကတော့ တန်းတူရေးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေ မရသေးတဲ့အတွက် ပဋိပက္ခ သံသရာရှည်နေတာလို့ မှတ်ချက်ပေးပါတယ်။

"မရှိသေးဘူးဗျ၊ ရှိလို့ရှိရင် ပဋိပက္ခတွေ အဲ့လောက်ဖြစ်မလာဘူး‌နော်။ နှစ်ပေါင်း ၇၀ လောက် တိုက်ပွဲတွေဆင်လာတယ်ဟေ့ဆိုတာ ဒါရှိခဲ့လို့ရှိရင် ဘာမှ ဆင်စရာအကြောင်းမရှိဘူး။ ဒီတော်လှန်ရေးကာလ နှစ် ၇၀ ဆိုတာ တစ်ယောက်တည်းလုပ်တာမဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် အမွေဆက်ခံပြီး ဝင်ကြရတာလေ၊ အသက် ၂၀ မှာ  တော်လှန်ရေးလုပ်တယ်ဆိုရင် နှစ် ၇၀ ဆိုရင် အသက် ၉၀ ထိ သေနတ်ကိုင်နေရမှာပေါ့ အဲလိုမှ မဟုတ်ဘဲ။ ဘာကြောင့်လူသစ်တွေနဲ့ လက်ဆင့်ကမ်းဆောင်ရွက်သလဲဆို ခုနပြောသလိုပေါ့၊ တန်းတူညီမျှရေးက မပေါ်လွင်လို့ပေါ့နော်။"

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီ၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ NCA လမ်းကြောင်းအတိုင်း ပါလာပြီး နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ဆက်လက်ကြိုးစားမှာဖြစ်သလို ဒီညီလာခံမှာချုပ်ဆိုမယ့် စာချုပ်ထဲမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေ မျှော်လင့်ခဲ့တဲ့ အချက်တွေ ပါလာပြီလို့ ပြောခဲ့ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ၂၁ရာစု ပင်လုံ  စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပြီး ရရှိလာမယ့် အချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းမှာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/firstday-21panglong-2020-08192020083653.html

ငြိမ်းချမ်းရေးအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  ငြိမ်းချမ်းရေးအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.