ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ကျန်းမာရေး စစ်ဆေး


 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ဒီနေ့ မနက်က ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့တယ်လို့   နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်  ကျန်းမာရေးကောင်းမွန်ကြောင်း လွန်ခဲ့တဲ့ နှစ်ရက်က နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ သတင်းထောက်တွေကို ပြောထားပြီဖြစ်တယ်၊ ဒီနေ့ ဆေးရုံသွားရောက်ခြင်းဟာ   ပုံမှန်လုပ်နေကျ ကျန်းမာရေးစစ်ဆေးမှုအတွက် ဖြစ်တယ်လို့  ဦးဇော်ဌေးက ပြောပါတယ်။

ကျန်းမာရေးဂရုစိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကပ်ဘေးကာလအတွင်း အလွှာအသီးသီးက ပြည်သူလူထု၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အွန်လိုင်းကနေ မကြာခဏ တွေ့ဆုံဆွေးနွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေပါတယ်။

ဇွန်လက အသက် ၇၅ နှစ် ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ခေါင်းဆောင်ပိုင်းမှာ အရေးကြီးတဲ့ ထိပ်တန်းနေရာတွေ ယူထားသလို  အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ဥက္ကဋ္ဌတာဝန် ယူထားပါတယ်။ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာလည်း နေရာဟောင်းဖြစ်တဲ့  ရန်ကုန်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နိုင်ငံရေးပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ကို အခြေခံဥပဒေမှာ ကန့်သတ်ထားပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ ဇူလိုင် ၁ ရက်နေ့ကစပြီး ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ကော်မရှင်က ကြေညာပြီး ရက်ပိုင်းအတွင်း ပြုလုပ်တဲ့ NLD ပါတီရဲ့ နေပြည်တော်ဌာနချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို  သမ္မတ ဦးဝင်းမြင့်၊   ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

RFA Burmese
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ကျန်းမာရေး စစ်ဆေး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ကျန်းမာရေး စစ်ဆေး Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.