ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတလောင်းအဖြစ် လူမည်းအမျိုးသမီးကိုရွေး

Kamala Harris standing in front of an American flag

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သူနဲ့အတူတွဲဖက်အရွေးခံမယ့် ဒုတိယသမ္မတလောင်းအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်က ဆိနိတ်အထက်လွှတ်တော်အမတ် အမျိုးသမီး ကာမလာဟဲရစ်ကို ရွေးလိုက်ပါတယ်။


ဒါဟာ လူမည်းအမျိုးသမီးတွေအထဲက ပထမဆုံး ဒုတိယသမ္မတလောင်းအဖြစ် ရွေးခံရတာ ဖြစ်ပါတယ်။


မစ္စဟဲရစ်ဟာ သူကိုယ်တိုင်က သမ္မတအဖြစ်အရွေးခံဖို့အထိ ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ သူဟာ အိန္ဒိယနဲ့ ဂျမေကန်နွယ်ဖွားဖြစ်ပြီး ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံရမယ်လို့ အစောကြီးကတည်းက တစ်ပြေးနေသူပါ။


သူဟာ ကယ်လီဖိုးနီးယေားပြည်နယ်ရဲ့ ရှေ့နေချုပ်လည်း လုပ်ခဲ့ဖူးပြီး အမေရိကန်မှာ လူမျိုးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအရှိန်မြင့်နေချိန်မှာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တိုက်တွန်းနှိုးဆော်နေခဲ့သူ ဖြစ်ပါတယ်။


ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ရီပတ်ဘလီကန်ပါတီအတွက်တော့ လက်ရှိ ဒုတိယသမ္မတ မိုက်ပင့်စ်ကပဲ ဒုတိယသမ္မတနေရာအတွက် ဆက်အရွေးခံမှာ ဖြစ်ပါတယ်။


အမေရိကန် ရွေးကောက်ပွဲသမိုင်းမှာ အရင်က နှစ်ကြိမ်ပဲ အမျိုးသမီးတွေ ဒုတိယသမ္မတလောင်းအဖြစ် ဝင်အရွေးခံခဲ့ဖူးပါတယ်။ ၂၀၀၈ မှာ ဆာရာပေလင်က ရီပတ်ဘလီကန်ပါတီက ဝင်အရွေးခံပြီး ၁၉၈၄ တုန်းက ဂျယ်ရယ်ဒင်း ဖာရာရိုက ဒီမိုကရက်တစ်ပါတီက ဝင်အရွေးခံခဲ့ပါတယ်။ နှစ်ယောက်စလုံး အရွေးမခံခဲ့ရပါဘူး။


အမေရိကန်ရဲ့ အဓိက ပါတီကြီး နှစ်ခုစလုံး အရင်က တစ်ခါမှာ လူမည်းအမျိုးသမီး ဒါမှမဟုတ် လူဖြူမဟုတ်သူ အမျိုးသမီး တစ်ဦးဦးကို သမ္မတရော ဒုတိယသမ္မတရာထူးအတွက်ပါ ဝင်အရွေးခံဖို့ မရွေးချယ်ခဲ့ဖူးပါဘူး။


အမေရိကန်သမိုင်းမှာ အမျိုးသမီး သမ္မတလည်း တစ်ကြိမ်မှ မရှိခဲ့ဖူးသေးပါဘူး။

ဂျိုးဘိုင်ဒန်က ဘာပြောပါလဲ။

ကိုယ်တိုင် သမ္မတလောင်းအဖြစ် ဆက်မပြိုင်တော့ပဲ ဘိုင်ဒန်ကို ထောက်ခံခဲ့သူ


မစ္စတာဘိုင်ဒန်ကတော့ မစ္စဟဲရစ်ကို သူနဲ့အတူတွဲပြီး သမ္မတရွေးပွဲဝင်ဖို့ ဂုဏ်ယူစွာ အမည်စာရင်းတင်ခဲ့ပါတယ်လို့ တွစ်တာကနေ ရေးပါတယ်။


မစ္စဟဲရစ်ဟာ အားနည်းသူတွေအတွက် ကြောက်ရွံ့စိတ်ကင်းစွာ တိုက်ခိုက်ပေးတတ်သူတစ်ယောက်၊ နိုင်ငံအတွက် အကောင်းဆုံး အတော်ဆုံး အလုပ်အကျွေးပြုသူတစ်ယောက်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။


မစ္စဟဲရစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ်တာဝန်ယူစဉ်က ဂျိုးဘိုင်ဒန်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သား ဘိုးနဲ့အတူ ရင်းရင်းနှီးနှီး အလုပ်လုပ်ခဲ့တာကို အမှတ်ရနေတယ်လို့ မစ္စတာဘိုင်ဒန်က ပြောပါတယ်။


သူတို့အတူ ဘဏ်ကြီးတွေကို ထိပ်တိုက်ရင်ဆိုင်တာ၊ အလုပ်သမားတွေ ဘဝမြှင့်တင်ပေးတာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ စော်ကားနှိပ်စက်ခံရမှုက ကာကွယ်ပေးခဲ့တာတွေကို စောင့်ကြည့်ခဲ့ပါတယ်လို့ မစ္စတာဘိုင်ဒန်က ဆိုပါတယ်။


အဲဒီတုန်းကလည်း ဂုဏ်ယူခဲ့တယ်၊ အခုလည်း ဒီရွေးကောက်ပွဲမှာ အတူတွဲယှဉ်ပြိုင်ကြရမှာကို ဂုဏ်ယူမိပါတယ်လို့လည်း ဆိုပါတယ်။

ကာမလာဟဲရစ်ဆိုတာ ဘယ်သူပါလဲ။


မစ္စဟဲရစ်ဟာ ကိုယ်တိုင် သမ္မတလောင်းအဖြစ် ပါတီက အဆိုပြုခံရဖို့ ဝင်ပြိုင်နေရာက ဒီဇင်ဘာလတုန်းက ဆက်မပြိုင်တော့ပဲ နုတ်ထွက်ခဲ့ပါတယ်။ သူဟာ အသက် ၅၅ နှစ်ရှိပါပြီ။


အဲဒီလို ပြိုင်နေတုန်းကတော့ သူဟာ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲတွေမှာ အကြိတ်အနယ်အပြန်အလှန် ငြင်းခုံ ထိုးနှက်ခဲ့ပါတယ်။


သူ နုတ်ထွက်လိုက်ပြီးချိန်မှာတော့ ပါတီရဲ့ သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန်ကို ထောက်ခံခဲ့ပါတယ်။


မစ္စဟဲရစ်ကို ကယ်လီဖိုးနီးယားပြည်နယ် အုက်ကလန်မြို့မှာ နိုင်ငံခြားက ရောက်လာပြီး အခြေချသူ မိဘနှစ်ပါးက မွေးဖွားခဲ့ပါတယ်။ အိန္ဒိယမှာ မွေးဖွားခဲ့သူ မိခင်နဲ့ ဂျမေကာမှာ မွေးဖွားခဲ့သူ ဖခင်တို့ရဲ့ သမီးပါ။


သူဟာ အမေရိကန်က လူမည်းအများစုတက်ကြတဲ့ ထင်ရှားတဲ့ တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဟောင်းဝပ်တက္ကသိုလ်တက်ခဲ့ပါတယ်။

ထက်မြက်သူ၊ နိုင်ငံရေး ရည်မှန်းချက်ကြီးသူ


သူ့တက္ကသိုလ် ဘဝဟာ သူ့ဘဝအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေ ချပေးခဲ့ရာ ကာလတွေပဲလို့ သူက ပြောခဲ့ဖူးပါတယ်။


သူ့ရဲ့ ဖြစ်တည်မှုကို သူ သဘောကျလက်ခံထားပြီး သူ့ကိုယ်သူ အမေရိကန်နိုင်ငံသားတစ်ဦး အဖြစ်ပဲ ရိုးရိုးရှင်းရှင်း လက်ခံထားတယ်လို့ ပြောလေ့ရှိပါတယ်။


၂၀၁၉ မှာတုန်းက ဝါရှင်တန်ပို့စ် သတင်းစာနဲ့ အင်တာဗျူးမှာ မစ္စဟဲရစ်က နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အသားအရောင်၊ နောက်ခံသမိုင်းတွေကြောင့် ခွဲခြားသတ်မှတ်တဲ့နေရာတစ်ခုမှာ ဝင်နေရတာမျိုး မဖြစ်သင့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။


"ကျွန်မ ဆိုလိုချင်တာက ကျွန်မဟာ ကျွန်မပါပဲ၊ အဲဒီအတိုင်းပဲ ကျန်မ လက်ခံတယ်၊ နေတယ်၊ ကျင့်သုံးတယ်။ တခြားသူတွေကတော့ ကျွန်မဘာလဲလို့ သူတို့ဟာ သူတို့ တွေးတောစဉ်းစားအဖြေထုတ်လိမ့်မယ်၊ ကျွန်မအတွက်တော့ အေးဆေးပါပဲ" လို့ ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53730477

ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတလောင်းအဖြစ် လူမည်းအမျိုးသမီးကိုရွေး  ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတလောင်းအဖြစ် လူမည်းအမျိုးသမီးကိုရွေး Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.