ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ သက်တမ်းထပ်တိုးခွင့်ရ

ထိုင်းနိုင်ငံ မဟာချိုင်က ငါး၊ ပုဇွန်ထုတ်လုပ်တဲ့ အလုပ်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတချို့ကို ၂ဝ၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ် / Photo: NICOLAS ASFOURI / AFP


ကပ်ဘေးကာလ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အပါအဝင် နိုင်ငံခြား သား ရွှေ့ပြောင်းအလုပ်သမားတွေ  ဆက်လက် နေထိုင်ခွင့်ရဖို့ သက်တမ်းတိုးပေးမယ်လို့ ထိုင်းအစိုးရက မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။


မြန်မာအလုပ်သမားအရေး လုပ်ဆောင်နေသူတွေကတော့ အလုပ်သမားတွေဟာ လုပ်အားခ သက်သာပြီး ကျွမ်းကျင်လုပ်သားတွေဖြစ်နေတာကြောင့် ဒီလို ဆက်လက် နေထိုင်ခွင့်ပေးတာဟာ အားလုံးအတွက် အကျိုးဖြစ်စေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြပါတယ်။


ထိုင်းမှာ အလုပ်ဆက်လုပ်လိုတဲ့ အလုပ်သမားတွေကို ဒီနှစ်  နိုဝင်ဘာ  ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေ ပေးသွားမှာ ဖြစ်ပါတယ်။


ကပ်ဘေးကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်လောက် နေရပ်ပြန်သွားချိန်မှာ ထိုင်း အစိုးရကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်စရာမလိုဘဲ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရအောင် သက်တမ်းတိုးပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံထဲမှာ နေထိုင်နေတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမားတွေကို နေထိုင် ခွင့် ဗီဇာနဲ့ အလုပ်ဆက်လုပ်ခွင့်ရဖို့ တစ်နှစ်ကျော် ထပ်မံတိုးပေးမယ်လို့ သြဂုတ် ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်း အစိုးရ ဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


သြဂုတ် ၁၇ ရက်နေ့ကစပြီး အောက်တိုဘာ ၃၁ ရက်ထိ ထိုင်းအလုပ်ရှင်ကိုယ်တိုင် သက်ဆိုင်ရာ ခရိုင်အလုပ်သမား နေရာချထားရေးရုံးတွေမှာ အလုပ်သမားတွေရဲ့ အမည်စာရင်းတွေကို ပေးသွင်းရမှာ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းနေချိန်မှာ အလုပ်သမားလိုအပ်ချက်ရှိတာကြောင့် အခုလို သက်တမ်းတိုးပေးတာက ထိုင်းအစိုးရအနေနဲ့ အလုပ်ကျွမ်းကျင်တဲ့ မြန်မာလုပ်သားတွေကို လက်မလွှတ်ချင်တာလည်း အဓိက ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။


“အကြောင်းအချက်ကတော့ အများကြီးရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ထိုင်းအစိုးရက မိမိရင်ခွင်ထဲမှာ ရောက်နှင့်နေပြီးသား၊ ရှိနှင့်နေပြီးသား ကျွမ်းကျင်ရွှေ့ပြောင်းအလုပ်သမားတွေကို လက်မလွတ်ချင်တဲ့ သဘောပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေ အများစုက မြန်မာတွေဖြစ်ပြီးတော့ လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်တို့လည်း ပါတာပေါ့။ သူတို့တွေက ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေပြီ။ ထိုင်းနိုင်ငံမှာ အခုလို ကိုဗစ်အကြပ်အတည်းကာလမှာ အလုပ်ပုံမှန်မရှိလို့၊ အလုပ်ရှင်ကနေ ဒေဝါလီခံလို့ အလုပ်ပြုပ်သွားတာ။ အလုပ်လက်မဲ့ဖြစ်သွားတာတွေ၊ အလုပ်ရှိတလှည့်၊ မရှိတလှည့် ဖြစ်နေတဲ့ အနေအထားတွေကို ထိုင်းအစိုးရက သဘောပေါက်တယ်။ အဲတော့ ဒီဈေးပေါတဲ့ ကျွမ်းကျင် လုပ်သားတွေကို လက်မလွတ်အောင် တစ်ခါတည်း ထိန်းချုပ်လိုက်တဲ့ သဘောပဲ”


ဒီလို သက်တမ်း ၁ နှစ်ခွဲ ဝန်းကျင် တိုးပေးလိုက်တဲ့အတွက် ထိုင်းအစိုးရ၊ လုပ်ငန်းရှင်တို့လည်း အကျိုးရှိသလို အလုပ်သမားတွေလည်း အကျိုးရှိတယ်လို့ ဦးမိုးကြိုးက သုံးသပ်ပါတယ်။


ထိုင်းအစိုးရက ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းကုန်သူ၊ အလုပ်လုပ်ခွင့် သက်တမ်း ကုန်သူတွေကို ဇူလိုင်လကုန်ထိ နေထိုင်ခွင့်ပြုထားခဲ့ရာကနေ အခုထပ်မံ တိုးပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားရှားပါးမှုပြဿနာ အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ ထိုင်းစီးပွားရေးကို မြှင့်တင်တဲ့ သဘောသက်ရောက်တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ AAC ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။


“ထိုင်းလုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို ဖြေရှင်းတယ်လို့ ကျနော်တို့ မြင်တာပေါ့နော်။ ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားရှားပါးမှု ပြဿနာကို ဖြေရှင်းတဲ့နည်းကတော့ နိုင်ငံခြားက အလုပ်သမားတွေ ရုတ်တရက် ဝင်လာဖို့အခက်အခဲဖြစ်တဲ့အတွက် ထိုင်းမှာရှိနေတဲ့ တရားမဝင်ရှိနေတဲ့ အလုပ်သမားတွေ၊ ကျနော်တို့ ဗီဇာရှိရုံနဲ့ အလုပ်လုပ်ရတာ မဟုတ်ဘူး။ အလုပ်လုပ်ခွင့်ရှိမှာ အလုပ်လုပ်ရတာ။ ဒီမှာ စမွတ်စခွန်ခရိုင်က အလုပ်သမား တစ်သိန်းခွဲလောက်ရှိတယ်။ အဲဒီဟာကို ပြန်လုပ်ပေးမှာ။ စီးပွားရေးမြင့်တင်တဲ့သဘောလည်း သက်ရောက်တယ်။ ကျနော်တို့ အလုပ်လက်မဲ့ အလုပ်သမားတွေကိုလည်း အလုပ်ရသွားအောင် လုပ်တဲ့ သဘောသက်ရောက်တဲ့အတွက် ကောင်းတယ်”


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေထဲက ၄ နှစ်ပြည့်ပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ အလုပ်လုပ်နေတဲ့ MOU အလုပ်သမားတွေ၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားပြနိုင်တဲ့စာအုပ် CI ကိုင်ဆောင်ထားသူတွေ၊ နယ်စပ်မှာ အလုပ်လုပ်နိုင်တဲ့ အပိုင်း ၆၄ စာအုပ်ကိုင်ဆောင်တဲ့ ရာသီအလိုက် ကာလတို အလုပ်လုပ်သူတွေနဲ့ နယ်စပ်ဖြတ်ခွင့် လက်မှတ် Border Pass နဲ့ အလုပ်လုပ်သူတွေကို သက်တမ်းတိုးပေးသွားမှာ ဖြစ်ပါတယ်။


လက်ရှိ သက်တမ်းတိုးပေးတဲ့သူတွေကို ဇူလိုင်လ ၃၁ ရက်နေ့ထိ နေထိုင်ခွင့်ပေးခဲ့ရာကနေ အခုတစ်ခါ အောက်တိုဘာလ ၃၁ ရက်နေ့ထိ သက်တမ်းတိုးမှု အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် မတ်လထိ နေထိုင်အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။


ကိုဗစ်ကပ်ရောဂါ အန္တရာယ်ရှိနေပြီး ထိုင်းနိုင်ငံက အလုပ်ရုံတွေ ရပ်နားလိုက်တာကြောင့် မြန်မာ အလုပ်သမားတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အခုထိ နေ့စဉ် နေရပ်ပြန်နေဆဲ ဖြစ်ပါတယ်။


သြဂုတ်လလယ်ထိ နေရပ်ပြန် မြန်မာလုပ်သမား တစ်သိန်း တစ်သောင်းကျော်လောက် ရှိနေပါပြီ။


အလုပ်သမားလိုအပ်ချက်တွေကြောင့် ရွှေ့ပြောင်းလုပ်သား တစ်သိန်း တစ်သောင်းကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့် ပြုမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့အတွက် ပြန်လည်ဝင်ရောက်ဖို့ စီစဉ်နေတဲ့ အလုပ်သမားတွေလည်း ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-workers-in-thai-08122020082743.html

ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ သက်တမ်းထပ်တိုးခွင့်ရ  ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ သက်တမ်းထပ်တိုးခွင့်ရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.