တမန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ ပို့စ်ကြောင့် ဖြစ်တဲ့ အိန္ဒိယ အဓိကရုဏ်းမှာ သုံးဦးသေဆုံး

ဆန္ဒပြလူအုပ်ဟာ ကားတွေကို မီးရှိ့ခဲ့

အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့မှာ အစ္စလမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ ဖေ့စ်ဘွတ် ပို့စ်တခုနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကို ရဲက သေနတ်နဲ့ ပစ်ခတ်ပြီး လူ သုံးဦး သေဆုံးခဲ့ပါတယ်။


တမန်တော် မိုဟာမက်ကို စော်ကားခဲ့တဲ့ ပို့စ်တခု တင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူနဲ့ ဆွေမျိုးတော်စပ်သူ ဒေသဆိုင်ရာ နိုင်ငံရေးသမားတယောက်အိမ်အပြင်မှာ လူအုပ်က စုဝေးခဲ့ကြတာပါ။


သူတို့ဟာ ကားတွေကို မီးရှို့ခဲ့ကြသလို အဲဒီနေရာကို ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျောက်တုံးတွေနဲ့ ပစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီ ဟင်ဒီဌာနကို ပြောပါတယ်။


ရဲတွေဟာ အဲဒီပို့စ်တင်တဲ့သူကိုလည်းဖမ်းဆီးလိုက်သလို ဆန္ဒပြတဲ့ လူအုပ်ထဲက လူ ၁၁၀ ကိုလည်း ဖမ်းထားပါတယ်။


အင်္ဂါနေ့ညကဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် ရဲအရာရှိတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဘန်ကလောမြို့ ရဲတပ်ဖွဲ့ ကော်မရှင်နာ ကာမဲလ် ပန့်က ပြောပါတယ်။


ဘန်ဂလောမြို့ထဲက နယ်မြေနှစ်ခုကိုလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ သူက ဆိုပါတယ်။


ဒီကာလအတောအတွင်းမှာပဲ ဘန်ဂလောမြို့ ရဲတပ်ဖွဲ့ကလည်း အခြေအနေတွေ တည်ငြိမ်သွားပြီလို့ တွစ်တာမှာ ရေးသားထားပါတယ်။


ရဲဝန်ထမ်းတွေဟာ လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အရင်သုံးပြီးတဲ့နောက်ပိုင်းမှသာ သေနတ်ပစ်လူစုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။


ဘန်ဂလောဟာ ကာနတက်ကာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အဲဒီပြည်နယ်ရဲ့ ပြည်ထဲရေးဝန်ကြီး က လူသေဆုံးမှုတွေကိုအတည်ပြုပြောပါတယ်။


အဲဒီ ဖေ့ဘွတ်ပို့စ်ကို တွေ့ရှိပြီးနောက်ပိုင်း ရဲစခန်းကိုရော နိုင်ငံရေးသမားရဲ့ အိမ်အပြင်ဘက်မှာပါ ဆန္ဒပြသမား အများအပြား စုဝေးခဲ့ကြပြီးတဲ့နောက် အခုလို အဓိကရုဏ်း ပေါ်ပေါက်ခဲ့တာပါ။


ဆန္ဒပြပွဲတွေဖြစ်လာချိန်မှာ ဖေ့ဘွတ်ပို့စ်ကို ဖြုတ်ချသွားတဲ့အကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ပြောပါတယ်။


ဆန္ဒပြသမားတွေ ဒေါသထွက်ခဲ့ကြတဲ့ ဝန်ကြီး အာခ်ဟန်ဒါ ဆီရီနီဗက်စ် မာသီ (Akhanda Srinivas Murthy ) ကလည်း ဆန္ဒပြသမားတွေကို ဗီဒီယိုကနေတဆင့် စိတ်အေးအေးထားပေးကြဖို့ မေတ္တာရပ်ခံကာ တရားဥပဒေအတိုင်း ဖြစ်စေရမယ်လို့ ကတိပေးခဲ့ပါတယ်။


"တစုံတယောက်က တရားဥပဒေကို ချိုးဖောက်တဲ့ အရေးနဲ့ ပတ်သက်ပြီး တယောက်နဲ့တယောက် ခိုက်ရန်မဖြစ်ကြဖို့ ကျွန်တော့်ရဲ့ မွတ်ဆလင်ညီအကိုတွေကို မေတ္တာရပ်ခံချင်ပါတယ်။


ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေပါ။ ဒါမျိုး ဘယ်သူပဲ လုပ်ခဲ့လုပ်ခဲ့ အဲဒီသူကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်သွားမှာပါ။ ကျွန်တော် ခင်ဗျားတို့အားလုံးနဲ့ အတူရှိနေပါတယ်" လို့လည်း သူက အဲဒီဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-53752726

တမန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ ပို့စ်ကြောင့် ဖြစ်တဲ့ အိန္ဒိယ အဓိကရုဏ်းမှာ သုံးဦးသေဆုံး  တမန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ ပို့စ်ကြောင့် ဖြစ်တဲ့ အိန္ဒိယ အဓိကရုဏ်းမှာ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.