စိန်ခေါ်မှုတွေ ထောက်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - Union Peace Conference - 21st Century Panglong's Facebook - သြဂုတ် ၁၉၊ ၂၀၂၀)


၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဒီကနေ့ ပထမနေ့မှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထိပ်တန်းခေါင်းဆောင်တွေ အလေးထား ပြောကြားခဲ့ကြပြီး ချဉ်းကပ်ပုံကွဲပြားမှုတွေလည်း ရှိနေတဲ့အကြောင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ်ထိုး တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်၊ နိုင်ငံရေးပါတီအစုအဖွဲ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၁ စိုင်းညွန့်လွင့် အမှာစကားပြောကြားကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အချက်အချို့ သဘောတူညီချက် မရတာဟာ စိုးရိမ်မှု၊ သံသယနဲ့ အပြန်အလှန် ယုံကြည်မှု အားနည်းတွေကြောင့်လို့ ထောက်ပြပါတယ်။

ဒါဟာ နှစ် ၇၀ ကြာ ပြည်တွင်းစစ်နဲ့ အပေး၊ အယူ၊ အလျှော့၊ အတင်းလုပ်ပြီး ညှိနှိုင်းတဲ့ ယဉ်ကျေးမှု အားနည်းမှုတွေအပေါ် အခြေခံနေတယ်လို့လည်း ထည့်သွင်းပြောကြားပါတယ်။

“စိုးရိမ်ပူပန်မှုတွေ၊ သံသယနဲ့ သုံးသပ်ပြီး မယုံမကြည်ဖြစ်နေတာတွေဟာ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ယုံကြည်မှုအားနည်းရခြင်းရဲ့ အကြောင်းတစ်ရပ်က အလျှော့-အတင်း၊ အပေး-အယူ လုပ်ချင်စိတ် မရှိတာကြောင့် ဖြစ်တတ်သလို အပေး-အယူ၊ အလျှော့-အတင်း လုပ်ပြီး ညှိနှိုင်းတတ်တဲ့ ယဉ်ကျေးမှုအားနည်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကလည်း အလျှော့-အတင်းလုပ်ခြင်းဟာ အရှုံးပေးခြင်းလို့ လွဲမှားစွာ ယူဆနေတာတွေလည်း ရှိနိုင်ပါတယ်။ အပေး-အယူလုပ်ခြင်း၊ အလျှော့-အတင်း ပြုခြင်းကြောင့် ပြည်ထောင်စု တစ်ခုလုံးအတွက် အကျိုးရှိစေတယ်ဆိုတာကို လက်တွေ့ သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။”

ဒီညီလာခံမှာ ချုပ်ဆိုမဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း၃မှာ ထည့်သွင်းမယ့် ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးကို မညှိနှိုင်းနိုင်ခဲ့တဲ့အပေါ် ထောက်ပြပြောဆိုခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရတာဟာ မရိုးသားမှု၊ အခြားကိစ္စတွေနဲ့ ချိတ်ဆက်ထားလိုမှု၊ တိကျပြတ်သားတဲ့အခြေခံမူတွေ အားနည်းမှုတွေကြောင့်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ထားလို့ မရနိုင်ကြောင်းလည်း ပြောဆိုသွားပါတယ်။

“၁၉၅ဝ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ဘဲ ကျနော်တို့ ပြောလိုပါတယ်။ အဲ့ဒီခေတ်က ခေတ်စားခဲ့တဲ့စကားနဲ့ပဲ ပြန်ပြောရရင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့။” လို့ပဲ ဆိုချင်ပါတယ်။ တပ်မတော်ဟာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ မဖြစ်သင့်မဖြစ်ထိုက်တာ တွေမဖြစ်အောင်၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေး တာဝန်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမျိုးသားအကျိုးစီးပွားအတွက် ဦးတည်ချက်ထားဖို့၊ ပုဂ္ဂလိကဆန္ဒတွေ၊ နိုင်ငံရေး လိုဘတွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားတွေကို ဦးစားမပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရတာတွေဟာ အပြန်အလှန်ယုံကြည်မှု အားနည်းတာ၊ တရားသေဆန်တာ၊ ထိုက်သင့်တဲ့ အလျှော့အတင်းမလုပ်နိုင်တာကြောင့်လို့ သုံးသပ်ကြောင်းနဲ့ ဒီအားနည်းချက်တွေကို သင်ခန်းစာယူပြီး အောင်မြင်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့တာပါ။

NCA သဘောတူညီချက်ဟာလည်း အပစ်ရပ်စာချုပ် သက်သက်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ ရည်မှန်းပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောပါတယ်။

“ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် NCA စာချုပ်မှာ လမ်းပြမြေပုံ ၇ ဆင့်ကို တိတိကျကျ သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းပြမြေပုံ ၇ ဆင့်အတိုင်း မလွဲမသွေ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၁ စိုင်းညွှန်လွင်တို့ကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အလေးထားပြောကြားပြီး ဒီလို နေထိုင်ဖို့ ဆိုရင် တန်းတူညီမျှဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။ တိုင်းပြည်တည်ဆောက်ရာမှာ အားလုံးမျှမျှတတ ပါဝင်ခွင့်ရရေးကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တစ်စု တစ်ဖွဲ့ထဲက နိုင်ငံတစ်ခုလုံးကို ကြီးစိုး ချုပ်ကိုင် ခြယ်လှယ်သွားတာမျိုးဆိုတာလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ စုဝေးနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမို့ ပိုပြီး မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ ဘယ်လိုလူမျိုးပဲ ဖြစ်ပါစေ၊ အရည်အချင်းရှိသူ ဘယ်သူမဆို ခေါင်းဆောင်ခွင့် ပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ အတူနေ တိုင်းရင်းသားအားလုံးရဲ့ အများပိုင် တိုင်းပြည်တစ်ခုအဖြစ်သာ ပုံဖော်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။”

၂၁ ရာစုပင်လုံဟာ ၁၉၄၇ ပင်လုံစာချုပ်ပါ အချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တဲ့ ညီလာခံအဖြစ် မှတ်ယူလိုကြောင်း၊ ၁၉၄၇ ပင်လုံစာချုပ်ကို လွှမ်းမိုးပယ်ဖျက်တဲ့ ညီလာခံမဖြစ်စေလိုကြောင်းနဲ့ မဖြစ်အောင် သတိပြုဖို့လိုကြောင်းလည်း တိုက်တွန်းထားပါတယ်။

ခေါင်းဆောင်တွေရဲ့ နုတ်ခွန်းဆက် အမှာစကားပြောကြားအပြီးမှာ ငြိမ်းချမ်းရေးဆောင်ရွက်မှု မှတ်တမ်းဗွီဒီယို ပြသတာ၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးတာတွေ ပြီးဆုံးတဲ့နောက် ဒီနေ့ ကျင်းပတဲ့ညီလာခံ ဖွင့်ပွဲ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။

နေ့ခင်းပိုင်းမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီက လုပ်ငန်းအစီရင်ခံစာတင်သွင်းတာနဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ပါ အချက်တွေကို အဆိုပြုလွှာတင်သွင်းတာတွေကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီနေ့ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။ 


မိုးဇော်/ ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/pin-lon-union-peace-conference/5549422.html

စိန်ခေါ်မှုတွေ ထောက်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင် စိန်ခေါ်မှုတွေ ထောက်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင် Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.