လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို အစိုးရ ငွေထုတ်ချေးမယ်

ကိုဗစ်ကာလ မန္တလေးမှာ ဈေးဆိုင်တွေကို ပါဆယ်ပဲရောင်းဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားစဥ်

နိုင်ငံတဝန်းက လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်ငယ်တွေကို ကိုဗစ်ကာလ အတွက် ငွေထုတ်ချေးဖို့ ကျပ် ၅၉ ဘီလျံ ကျော်ကို အသေးစားငွေရေးကြေးရေးအဖွဲ့တွေဆီကို အစိုးရက ချပေးလိုက်ပါတယ်။


ကျပ် သိန်း ၁၅၀ အတွင်း ရင်းနှီးမတည်ထားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေဟာ ဒီချေးငွေကို လျှောက်ထား ရယူနိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် ဒီချေးငွေကို ရယူလိုတဲ့ ဆိုင်တွေအနေနဲ့ အသေးစား ငွေရေးကြေးရေးအဖွဲ့တွေထံကတစ်ဆင့် ချေးယူရမှာ ဖြစ်ပါတယ်။


ဆိုင်အရင်းအနှီးပေါ်မူတည်ပြီး ကျပ် ၃၅ သိန်းကနေ သိန်း ၁၀၀ အထိ ချေးယူနိုင်မှာ ဖြစ်ပါတယ်။


ချေးငွေကာလသက်တမ်း တစ်နှစ် ဖြစ်ပြီး အတိုးနှုန်းက တစ်နှစ်လုံးအတွက် နှစ်ရာခိုင်နှုန်းကျသင့်မှာ ဖြစ်ပါတယ်။


ဒီချေးငွေရဖို့ဆိုရင် ဆိုင်သက်တမ်းဟာ အနည်းဆုံး တစ်နှစ်ရှိနေရမှာဖြစ်ပါတယ်။


ဒီအစီအစဥ်နဲ့ ပတ်သက်လို့ အစိုးရ ချေးငွေ ထုတ်ပေးမယ်ဆိုလို့ ဝမ်းသာပေမဲ့ ဆိုင်သက်တမ်း တစ်နှစ်မရှိလို့ ချေးငွေမရနိုင်တာကြောင့် ဒီသတ်မှတ်ချက် ပြန်ပြင်ပေးရင်ကောင်းမယ်လို့ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။


ကျပ်သိန်း ၅၀ အတွင်း ရင်းနှီးထားတဲ့ဆိုင်တွေကို ဆိုင်ငယ်အဖြစ် သတ်မှတ်ထားပြီး ကျပ် ၃၅ သိန်းအထိ ချေးငွေလျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။ သိန်း ၅၀ ကနေ သိန်း ၁၀၀ အတွင်း ရင်းနှီးထားတဲ့ဆိုင်တွေကတော့ ချေးငွေ ကျပ် သိန်း ၇၀ လျှောက်ထားနိုင်မှာပါ။ ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ အတွင်းရင်းနှီးထားတဲ့ဆိုင်တွေကတော့ ချေးငွေ ကျပ် သိန်း ၁၀၀ အထိ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။


အခုလိုချေးငွေတွေကို ချေးယူသူတွေအနေနဲ့လည်း ထိထိရောက်ရောက် စီမံခန့်ခွဲသုံးစွဲသင့်တယ်လို့ ရန်ကုန်တိုင်း ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက ဘီဘီစီကို ပြောပါတယ်။


"ထုတ်ချေးလိုက်တဲ့ ချေးငွေတွေကို နိုင်ငံရဲ့ စီးပွားရေးထဲမှာ ဝင်သွားပြီး လည်ပတ်စေချင်တာ။ ဒီလို လည်ပတ်သွားမှသာ (ကိုဗစ်ကာလ) ထိခိုက်သွားတဲ့ စီးပွားရေး အထိုက်အလျောက် ပြန်လည်ပတ်သွားရင် အသက်ရှုချောင်အောင် ဒီငွေကို ထုတ်ပေးတာ"လို့ သူက ပြောပါတယ်။


တစ်နိုင်ငံလုံးက ဆိုင်ငယ်တွေ ချေးယူနိုင်တဲ့ ဒီအစီအစဉ်မှာ ချေးငွေ ပြန်ဆပ်ရမယ့် သက်တမ်းကို ပထမ သုံးလ ဆိုင်းငံ့ပေးထားပြီး ကျန်တဲ့ ကိုးလအတွက် သုံးလတစ်ခါ အတိုးရော အရင်းပါ ပေါင်းပြီး ပြန်ပေးဆပ်ရမှာ ဖြစ်ပါတယ်။


ပြည်နယ်နဲ့ တိုင်းအလိုက် ချေးငွေလျှောက်ထားရမယ့် အသေးစားငွေရေးကြေးရေးအဖွဲ့နာမည်တွေကို သြဂုတ်လ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-53791446

လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို အစိုးရ ငွေထုတ်ချေးမယ်  လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို အစိုးရ ငွေထုတ်ချေးမယ် Reviewed by THITHTOOLWIN on 02:51 Rating: 5

No comments:

Powered by Blogger.