လာစားသူတွေကို ပေါင်ချိန်ခိုင်းတဲ့ တရုတ်စားသောက်ဆိုင် ပြန်တောင်းပန်

တရုတ်ရိုးရာ ခေါက်ဆွဲ

စားသောက်ဆိုင်ကတော့ လာစားသူတွေကို အတင်းအကျပ် ပေါင်ချိန်မခိုင်းခဲ့ပါဘူးလို့ဆိုပါတယ်။


တရုတ်နိုင်ငံအလယ်ပိုင်း ချင်းရှာမြို့က စားသောက်ဆိုင်တစ်ခုဟာ လာရောက်စားသောက်သူတွေကို ကိုယ်အလေးချိန် ချိန်ခိုင်းပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မျှတမယ့် အစားအသောက် ပမာဏကိုပဲ မှာခိုင်းခဲ့ပြီးတဲ့နောက်မှာ သူတို့ လုပ်ရပ်အတွက် တေင်းပန်ခဲ့ပါတယ်။


အစိုးရက ဦးစီးပြီး အစားအသောက်တွေ လေလွင့် ပြုန်းတီးနေတာကို တိုက်ဖျက်ဖို့ နိုင်ငံအဝန်းလှုံ့ဆော်လှုပ်ရှားမှုတွေ စတင်ခဲ့ချိန်မှာ ဒီစားသောက်ဆိုင်က အခုလို လုပ်လာခဲ့တာပါ။


အမဲသားကို အဓိကရောင်းတဲ့ ဒီစားသောက်ဆိုင်ဟာ ဆိုင်အဝင်ဝမှာ အလေးချိန်တိုင်းတဲ့ ပေါင်ချိန်စက်ကြီး နှစ်ခုကို ချထားပါတယ်။


လာစားသူတွေကို ပေါင်ချိန်စေပြီး ကိုယ့်အလေးချိန်ကို အက်ပ်ထဲထည့်လိုက်ရင် အက်ပ်က သူတို့မှာနိုင်မယ့် မီနျူးစားစရာစာရင်းကို ထုတ်ပေးပါတယ်။


"သတိထား၊ ချွေတာပြီး ပန်းကန်လွတ်တွေများပါစေ" တို့"ပန်းကန်လွတ် စစ်ဆင်ရေး" ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဆိုင်ထဲမှာ ကပ်ထားတာတွေ့ရပါတယ်။


အခုလို လာစားသူတွေကို ပေါင်ချိန်ခိုင်းတဲ့ မူကို တရုတ်ဆိုရှယ်မီဒီယာတွေမှာ အပြင်းအထန် ဝေဖန်ကြပါတယ်။


တရုတ်မှာ သုံးတဲ့ ဝေဘိုချက်အက်ပ်မှာ အဲဒီစားသောက်ဆိုင်နာမည်နဲ့ ဟက်ရှ်တက်# တွဲပြီး ရေးတင်တာကို အကြိမ် သန်း ၃၀၀ ကျော် လူတွေကြည့်ခဲ့ကြပါတယ်။


အဲဒီနောက်မှာတော့ စားသောက်ဆိုင်က "နိုင်ငံတော်ရဲ့ ပန်းကန်သန့်စင်ရေးစီမံချက်" ကို သူတို့ အဓိပ္ပါယ်ကောက်တာ လွဲခဲ့တဲ့အတွက် "အထူးဝမ်းနည်းပါတယ်" လို့ ဆိုပါတယ်။


မိမိတို့ရဲ့ မူလရည်ရွယ်ချက်က အစားအသောက်ပြုန်းတီးမှုကို ရပ်တန့်အောင်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်အစားအသောက်တွေ မှာယူစားသောက်ကြဖို့ကို လှုံ့ဆော်လိုရင်း ဖြစ်တယ်၊ လာစားသူတွေကို အတင်းအကျပ် ကိုယ်အလေးချိန် မချိန်ခိုင်းခဲ့ပါဘူးလို့ ဆိုင်က အွန်လိုင်းမှာ တင်ပြီး တောင်းပန်ခဲ့ပါတယ်။


အစားအစာတွေ ပြုန်းတီးမှုဟာ တစ်နိုင်ငံလုံး အနေနဲ့ ကြည့်ရင် ထိတ်လန့် စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်နေတယ် ဆိုပြီး သမ္မတရှီကျင့်ဖျင်က ဒီအပတ်ထဲမှာပဲ အစားအသောက် ချွေတာရေး စီမံချက်ကို စတင်လိုက်တာပါ။


သမ္မတရဲ့ သတင်းစကားထုတ်ပြန်အပြီးမှာပဲ ဝူဟန်က အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းအသင်းက မြို့ထဲက စားသောက်ဆိုင်တွေကို တိုက်တွန်းချက် ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ လာစားသူတွေကို တစ်အုပ်စုလာရင် သူတို့အုပ်စုမှာ ပါလာသူ အရေအတွက်ထက် ဟင်းတစ်ခွက်လျှော့ပြီးမှာဖို့ ဖြစ်ပါတယ်။


စားသောက်ဆိုင်တွေမှာ လာစားကြသူတွေထဲက အလျှံပယ်မှာပြီး စားပြ၊ အဲဒီလို စားတာကို အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာက လိုက်ဖ်လွှင့်ပြ လုပ်သူတွေကိုလည်း နိုင်ငံပိုင်ရုပ်သံက ဝေဖန်ခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-53795379

လာစားသူတွေကို ပေါင်ချိန်ခိုင်းတဲ့ တရုတ်စားသောက်ဆိုင် ပြန်တောင်းပန်  လာစားသူတွေကို ပေါင်ချိန်ခိုင်းတဲ့ တရုတ်စားသောက်ဆိုင် ပြန်တောင်းပန် Reviewed by THITHTOOLWIN on 02:53 Rating: 5

No comments:

Powered by Blogger.