တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံ



Share/Bookmark
တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံ (ဓါတ်ပုံ www.seniorgeneralminaunghlaing.com)

အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခု က ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်သူတွေက ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ မမျှတတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ ယူဆတဲ့ ကိစ္စတွေကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြခဲ့ကြောင်း လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်းကပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သတ်လို့ကျနော်တို့ ပါတီကနေ ဖြစ်ချင်တာတွေ၊ ဘာဘဲတင်ပြ ပယ်ခံရတယ်၊ တွေ့ခွင့်တောင်းလဲ မတွေ့ဘူး။ အဲလိုမျိုး။ ဘက်လိုက်နေတာတွေကို တော်တော်များများပါတီတွေ တင်ပြကြတယ်။ ကျနော်တို့ အဓိကက ရှေ့လုပ်ငန်းစဉ်တွေပေါ့လေ။ ရွေးကောက်ပွဲဖြတ်သန်းတာ ဘယ်လိုဖြတ်သန်းမလဲ။ ကာချုပ်ကလည်း ရွေးကောက်ပွဲပြီးရင် ဘယ်လို လုပ်ကြမလဲ အဲလိုလေးတွေ ဆွေးနွေးကြတာပါ”

တွေ့ဆုံမှုအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်ဖို့၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ လဲလှယ်ဖို့ ကိစ္စတွေကိုလည်း နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တချို့က တင်ပြခဲ့တယ်လို့ တက်ရောက်သူ တချို့က ပြောပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ရွေးကောက်ပွဲ မျှမျှတတ ကျင်းပနိုင်ရေး အကူအညီပေးဖို့ ကတိပြုခဲ့ကြောင်းလည်း ဦးပါစီပြည်ဟိန်းက ပြောပါတယ်။

“သူကတော့ရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ကိုကြိုဆိုရမယ်ဆိုတဲ့ အကြောင်း၊ အခြေခံ လူတန်းစားတွေအတွက် ပါတီတွေဘက်က ကူညီပေးဖို့၊ ကျန်းမာရေး လူမှုရေးကိစ္စ ပြောပါတယ်။”

တပ်မတော်အကြီးအကဲနဲ့ တွေ့ဆုံဖို့ နိုင်ငံရေးပါတီတွေက တင်ပြခဲ့ပြီးနောက် တွေ့ဆုံဖြစ်ခဲ့တာလို့လည်း တက်ရောက်သူ တချို့က ပြောပါတယ်။ တွေ့ဆုံမှုမှာတော့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပြင် အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တချိန်က တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေ ပါဝင်တာတော့ မတွေ့ရပါဘူး။ NLD ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ကတော့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ အများစုဟာ စစ်တပ်နဲ့ နီးစပ်တဲ့ အင်အားစုတွေဖြစ်တယ်လို့ ပြောပါတယ်။

“တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ တွေ ဖြစ်တယ်။ ကျနော်တို့နဲ့ကတော့ ပူးပေါင်းမဆောင်ရွက်ဘူး လို့ ပြောတာ မဟုတ်ဘူးနော်။ ကျနော်တိုနဲ့က ဆက်ဆံရေး နွေးထွေးမှုမရှိဘူးပေါ့။ အဲဒါကြောင့်မဖိတ်တာလို့ထင်ပါတယ်။ ခေါ်တွေ့တဲ့ လူတော်တော် များများက လွှတ်တော်ထဲမှာဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပမှာဖြစ်ဖြစ် NLD နဲ့ ဒီမိုကရက်တစ် အဖွဲ့တွေနဲ့ နွေးထွေးမှု မရှိတဲ့ အဖွဲ့တွေများပါတယ်”

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အနေဟာ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကလည်း နိုင်ငံရေးပါတီ ၃၂ ခု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အခြေခံ ဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ဖူး ပါတယ် အခုနောက်ဆုံး တွေ့ဆုံမှု အပေါ်မှာတော့ နိုင်ငံရေးလေ့ လာသုံးသပ်သူဦးမင်းခင်ကတော့ အခုလို သုံးသပ်ပါတယ်။

“စစ်တပ်ကနိုင်ငံရေးထဲ ဆက်ပါဖို့ ဖြစ်နိုင်တဲ့ လမ်းအားလုံးကိုဖွင့်ပြီး စဉ်းစားတယ်လို့ ယူဆတယ်။ ဟိုတလောကလည်း ပါတီတွေကိုရွေးကောက်ပွဲမှာ မဲပေးတဲ့ အရေအတွက်နည်းလာတယ်တို့ ထောက် ပြတာ၊ ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာ လည်းပြောတယ်။ ဆိုတော့ အခြေအနေတခုကို အခွင့်အရေးပေါ်ရင် လျှောက်ဖို့ အတွက် သိုင်းဝိုင်းပြင်ဆင်နေပုံဘဲ ။”

တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲမှာ မျှတမှုမရှိခဲ့ရင် တပ်မတော်အကြီးအကဲ တဦးအနေနဲ့ ဖြေရှင်းပေးနိုင်မလားဆ ိုတာကိုလည်း နိုင်ငံရေးပါတီတွေက မေးမြန်းခဲ့ကြတယ်လို့ တက်ရောက်သူ တချို့က ပြောပါတယ်။ ဒါပေမဲ့လည်း စစ်တပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်တာမျိုးကို လျှော့ဖို့လိုပြီလို့ နိုင်ငံရေးလေ့ လာသုံးသပ်သူဦးမင်းခင်က မြင်ပါတယ်။

“တပ်အနေနဲ့ တကယ့်အကျိုးစီးပွားစစ်စစ်က ဘာလဲဆိုတာတော့ မြင်ဖို့သင့်ပြီထင်တယ်။ အခြေအနေတွေလည်း အများကြီးပြောင်းလဲလာတယ်။ နောင်လည်း ပြောင်းလဲဦးမယ်။တပ်မတော် အကျိုးစီးပွား စစ်စစ်ပေါ်မှာ ရပ်တည်ဖို့ကြိုးစားသင့်ပြီ။ အဲဒါကိုလည်း တိုင်းပြည်က နိုင်ငံရေး ခေါင်းဆောင်တွေ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ သေချာညှိုနှိုင်း ဆွေးနွေးပြီးသွားဖို့ကောင်းပြီ။ ခုက အကျပ်အတည်း တခုဆီကို သွားနေတယ်။ ဒါကိုသဘောပေါက်သင့်ပြီလို့ ယူဆတယ်”

တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ သိရှိသင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ အမြင်ဖလှယ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။

မေခ  / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-election-more-than-30-parties-meet-with-senior-general-min-aung-hlaing-/5544168.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ