ကွမ်းခြံကုန်းတွင်ဖမ်းမိသည့် ကျပ်(၈၀)ဘီလီယံခန့် မူးယစ်ဆေးဝါးများကို ဧရာဝတီတိုင်းသို့ သယ်ဆောင်ဖို့ စီစဉ်ထားခြင်းဖြစ်


ကွမ်းခြံကုန်းမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေမှာဖမ်းမိခဲ့တဲ့ ကျပ်(၈၀) ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက ဖမ်းမိသူကို ကနဦးစစ်ဆေးချက်အရ ဧရာဝတီတိုင်းဒေသကြီးကို သယ်ဆောင်ဖို့ဖြစ်တယ်လို့လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှူးရဲအုပ်ကျော်သူကပြောပါတယ်။

အဲဒီ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မူးယစ်ရဲတပ်ဖွဲ့က နောက်ကွယ်မှာ ပါဝင်တဲ့ကွင်းဆက်တွေကို ဖော်ထုတ်နေတယ်လို့လည်း ရဲအုပ်ကျော်သူကပြောပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူနဲ့ ပါဝင်သူအမျိုးသား(၂)ဦးကို ဖမ်းမိထားတယ်လို့သိရပါတယ်။

အခုဖမ်းမိတဲ့နေရာဟာ နိုင်ငံတကာရေကြောင်းထွက်ပေါက်ကသွားနိုင်သလို၊ ရခိုင်နဲ့ ပဲခူးဘက်ကို သွားနိုင်တယ်လို့လည်း ကွမ်းခြံကုန်းမြို့နယ်      တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းကပြောပါတယ်။

အမှုကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ၊ ဆယ်အိမ်တန်းကျေးရွာရဲ့ ပင်လယ်ကမ်းခြေအနီး ဇူလိုင်(၃၁)ရက်၊ ည(၁၁)နာရီကျော်ခန့်က ယာဉ်(၁)စီးကနေ ပစ္စည်းတွေကို အမြန်ရေယာဉ်ပေါ်  ပြောင်းတင်နေစဉ် မသင်္ကာဖွယ်တွေ့ရှိတာကြောင့် ပတ်ဝန်းကျင်နေ ရွာသားတွေက သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာပါ။

ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ ပစ္စည်းတွေဟာ ဆန်အိတ်တွေနဲ့ဝှက်ပြီး သယ်လာတဲ့ ကျပ်(၈၀)ဘီလီယံခန့်တန်ဖိုးရှိ   မက်သာအဖက်တမင်း (ICE) မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ အခုနှစ်(၂၀၂၀)အတွင်း မူးယစ်ဆေးဝါးတန်ဖိုး အများဆုံးဖမ်းမိတဲ့ပမာဏာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအများအပြား ဖမ်းမိတာနဲ့ပတ်သက်ပြီး ကွမ်းခြံကုန်းမြို့နယ် ၊ လက်ခုပ်ကုန်းနယ်မြေ ရဲစခန်းမှာမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း- ဝေယံထက်ဝင်း / Photo - Tint Wai / One News Myanmar
ကွမ်းခြံကုန်းတွင်ဖမ်းမိသည့် ကျပ်(၈၀)ဘီလီယံခန့် မူးယစ်ဆေးဝါးများကို ဧရာဝတီတိုင်းသို့ သယ်ဆောင်ဖို့ စီစဉ်ထားခြင်းဖြစ် ကွမ်းခြံကုန်းတွင်ဖမ်းမိသည့် ကျပ်(၈၀)ဘီလီယံခန့် မူးယစ်ဆေးဝါးများကို ဧရာဝတီတိုင်းသို့ သယ်ဆောင်ဖို့ စီစဉ်ထားခြင်းဖြစ် Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.