အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သမ္မတ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲ


အမေရိကန်ပြည်သူတွေ သမ္မတ တယောက် ရွေးချယ်ဖို့အတွက် နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲဆန္ဒ ပေးကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီဘက်က စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ Joe Biden တို့ နှစ်ဦးဟာ အုပ်စုတွေ ကွဲပြားနေတဲ့ မဲဆန္ဒရှင်တွေနဲ့ တွေ့ကြရပါလိမ့်မယ်။ ဒီအခြေအနေမှာ လက်ရှိသမ္မတ Donald Trump က ပြည်သူတွေကို ဘယ်ပုံဘယ်နည်း စည်းရုံး မဲဆွယ်လာမလဲ ဆိုတာကို ဗွီအိုအေသတင်းထောက် Mike O’Sullivan ရေးတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။

Donald Trump ဟာ နိုင်ငံရေး အညစ်အကြေးတွေကို ဖောက်ထုတ်နေတာ၊ နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်နေတာ၊ မေ့ဖျောက်ခံနေရတဲ့ အမေရိကန်တို့ရဲ့ အိပ်မက်တွေကို ပြန်လည်ဆန်းသစ်နေတာလို့ သူ့ကို ထောက်ခံသူတွေက မြင်နေကြပါတယ်။

“ကိုယ်စားလှယ်လောင်းတွေ ဒီလောက်ကွဲပြားနေတာ လုံးဝ မကြုံဘူးသလောက်ပါပဲ။ ကျနော်တို့က တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို လိုချင်ပါတယ်။ သူတို့က အဲဒါကို မလိုချင်ပါဘူး။ ကျနော်တို့က လုံခြံုတဲ့နယ်စပ်ကို လိုချင်ပြီး လူတွေ အရည်အသွေးအတိုင်း ဥပဒေနဲ့အညီ ဝင်လာစေချင်ပါတယ်” လို့ Donald Trump ပြောသွားတာပါ။

ကျန်တဲ့သူတွေရဲ့ အမြင်ကို ကြည့်ကြရမယ်ဆိုရင်တော့ Donald Trump ဟာ ရာထူးနဲ့ မထိုက်တန်ဘူးလို့ Joe Biden က ဆိုပါတယ်။

“ကျနော့်အမြင်မှာတော့ ကမ္ဘာကို ခေါင်းဆောင်တဲ့ နေရာမှာရော နိုင်ငံကို ခေါင်းဆောင်တဲ့ နေရာမှာပါ Trump ရဲ့ အရည်အသွေး ကင်းမဲ့မှုက အန္တရာယ် ဖြစ်လောက်အောင်ပါပဲ” လို့ Joe Biden က ပြောသွားတာပါ။

Trump ဟာ အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးတဦး၊ Reality ရုပ်မြင်သံကြားမှာ သရုပ်ဆောင်တဦး ဖြစ်ပြီးတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာလိုက်တော့ ဖြစ်ပါ့မလားဆိုတဲ့ သံသယ အမြင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန် သန်းပေါင်းများစွာတို့ကို ထိတွေ့ ဆက်သွယ်ပြီးတော့ ဒီမိုကရက်ပါတီဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို အနိုင်ရရှိလိုက်တဲ့အတွက် လူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဗာဂျီးနီးယား တက္ကသိုလ်က Larry Sabato က Skype ကနေတဆင့် အခုလို ပြောပါတယ်။

“ကော်လာပြာ အလုပ်သမားတွေ၊ တက္ကသိုလ်ပညာ လုံးဝမတတ်တဲ့သူတွေ အများအပြား ရှိပါတယ်။ သူတို့ဟာ Trump ကိုပဲ စွဲစွဲမြဲမြဲ သစ္စာရှိကြပါတယ်။”

Trump ဟာ ယူကရိန်းနိုင်ငံကို ပေးမယ့် အမေရိကန်ရဲ့ ပြည်ပအထောက်အပံ့ကို သူ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အလဲအလှယ် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်ရဲ့ လုပ်ရပ်တွေကို ဟန့်တား ပိတ်ဆို့မှုနဲ့ အောက်လွှတ်တော်ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က သူ့ကို စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ပြီးတဲ့နောက် ဒီ တရားစွဲဆိုမှုဟာ သူ့ကို သက်သက်မဲ့ အပြစ်ရှာတဲ့ ကိစ္စသာ ဖြစ်တယ် ဆိုပြီးတော့ သူက ကင်းကင်းရှင်းရှင်း ရပ်တည်လာခဲ့တာပါ။

အခုအချိန်မှာ နောက်ထပ် စိန်ခေါ်မှုတခုနဲ့ သူ ကြုံရပြန်ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို ကျနော်တို့နိုင်ငံက မကြုံစဘူး ဘယ်လို ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်လိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော် ဒီကနေ့ ပြောချင်ပါတယ်” လို့ Donald Trump က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကူးစက်မှု၊ လူသေဆုံးမှုတွေ များပြားလာတာနဲ့အမျှ စစ်တမ်းတွေမှာ Donald Trump ကို ထောက်ခံတဲ့သူ အရေအတွက် တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်တွေ ရဲလက်ထဲမှာ သေဆုံးရတဲ့ ကိစ္စတွေကို မြို့ကြီးတချို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ၊ ဒါတွေကို နှိမ်နင်းဖို့အတွက် Trump က ပြည်ထောင်စုတပ်ဖွဲ့တွေကို အသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေး အငြင်းပွားမှုတွေ ပိုမို ပြင်းထန်လာခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူ Sherry Bebitch Jeffe ကတော့ Skype ကနေတဆင့် အခုလို ပြောပါတယ်။

“ဒီ ကိုရိုနာဗိုင်းရပ်စ် ပြဿနာဟာ ပြည်တည်နေတဲ့ အနာပေါ် ဖုံးအုပ်ထားတဲ့ ပတ်တီးကို ခွာချလိုက်တာပဲ ဖြစ်ပါတယ်။”

အခု သဘောထားစစ်တမ်းများမှာ Joe Biden ရှေ့က ပြေးနေတယ်လို့ ဆိုပေမယ့် Donald Trump ကို အဓိက ထောက်ခံသူတွေ အနေနဲ့ကတော့ သူ့ဘက်ကပဲ စွဲစွဲမြဲမြဲ ရှိနေဆဲပါ။

“အနည်းနဲ့အများဆိုသလို ရီပတ်ဘလစ်ကန်တွေကတော့ သူတို့လိုချင်တဲ့ မူဝါဒအတိုင်း ဖြစ်နေတာပါ။ ဥပမာပြောရရင် သူတို့က အခွန်လျှော့ပေါ့စေချင်တယ်။ တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်တွေ ကြီးစိုးစေချင်တယ်။ ပြောင်းရွှေ့ အခြေချသူတွေကို လျှော့ချ ဖြတ်တောက်စေချင်တယ်။”

သို့ပေမယ့်လည်း Trump ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ နောက်ဆုံး ထပ်တိုးလာတဲ့ ကိစ္စတခုကတော့ အမေရိကန် စီးပွားရေးဟာ စံချိန်ကျိုးလောက်အောင် မကြုံစဘူး ကျဆင်းသွားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အခုအချိန်ဟာ လူစုလူဝေး မလုပ်ကြဖို့ ပြည်သူ့ကျန်းမာရေး အရာရှိတွေက ပြောထားချိန် ဖြစ်နေလေတော့ ခါတိုင်း တွေ့နေ မြင်နေကြ စိတ်လှုပ်ရှားဖွယ် နိုင်ငံရေး မဲဆွယ်ပွဲတွေကိုလည်း တွေ့မြင်ရမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ  / ဗွီအိုအေ ( မြန်မာပိုင်း)
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သမ္မတ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သမ္မတ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲ Reviewed by THITHTOOLWIN on 06:52 Rating: 5

No comments:

Powered by Blogger.