ရခိုင်မှ ရန်ကုန်တွင်ပြောင်းရွှေ့နေထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးကို တိုက်ခန်းအတွင်း သေဆုံးလျက်တွေ့


သြဂုတ် ၁ ၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ခြောက်လမ်း(ခ)ရှိကန်ထရိုက်တိုက် ငါးလွှာတွင် နေထိုင်နေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရခိုင်ဇနီးမောင်နှံနှစ်ဦး တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်ကတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူနှစ်ဦးမှာ ဦးထွန်းလှိုင် (၄၈ နှစ်)နှင့် ဒေါ်လှလှ (၄၈ နှစ်)တို့ဖြစ်ကြပြီး ဇနီးသည်ဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် ရန်ကုန်မြို့သို့ပြောင်းရွှေ့ကာ ဆေးကုသရင်းနေထိုင်နေသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဦးထွန်းလှိုင်၏ အစ်မဖြစ်သူ ဒေါ်အေးမဖြူကပြောသည်။

၎င်းတို့ဇနီးမောင်နှံမှာ ယခင်က ဘူးသီးတောင်မြို့တွင် “ရက္ခတော်ဝင်”အမည်ရှိ ရွှေဆိုင်နှင့် ပန်းထိမ်ဆိုင် လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကာ လက်ရှိတွင် မည်သည့်လုပ်ငန်းမျှ မလုပ်ကိုင်တော့ဘဲ ဘဏ်အတိုးဖြင့်သာ စားသောက်လျှက်ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။
“အိပ်မက်မကောင်းလို့ သူတို့ကို ပြီးခဲ့တဲ့ ၅ ရက်က ဖုန်းဆက်တယ်။ ဖုန်းကတစ်လုံးမှ ဆက်မရဘူး။ အကုန်လုံး ပိတ်ထားတယ်။ အဲဒီမှာ ဆွေမျိုးတွေလည်း မရှိတာကြောင့် ရဲစခန်းတွေကိုအကြောင်းကြားပြီး သူတို့နေတဲ့ အခန်းကိုသွားကြည့်ခိုင်းတာပါ။ အဲမှာ လင်မယားနှစ်ယောက်လုံး သေပြီးတွေ့တယ်လို့ မနေ့ကဖုန်းဆက် လာတယ်” ဟု ဒေါ်အေးမဖြူက ဆိုသည်။

တိုက်ခန်းအတွင်း သေဆုံးနေသည့် ဦးထွန်းလှိုင်၏ဝမ်းဗိုက်တွင် ဓားဒဏ်ရာ အချက်ပေါင်းများစွာဖြင့်သေဆုံး နေခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်လှလှမှာ မှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရကြောင်း ဒေါ်အေးမဖြူက ပြောသည်။
“မီးခံသေတ္တာမှာလည်း ရွှေတွေဘာမှမရှိတော့ဘူး။ ကျွန်မမောင်ရဲ့ လည်ပင်းမှာ ဝတ်ထားတဲ့ဆွဲကြိုးလည်း မရှိတော့ဘူး။ အခုလိုမျိုးသေဆုံးသွားတာဟာ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒေါ်အေးမဖြူမှာ ရန်ကုန်မြို့သို့သွားရောက်နေဆဲဖြစ်သဖြင့် အမှုဖွင့်ထားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်နေသည်ကို မသိရသေးကြောင်း ပြောသည်။

အမှုအခြေအနေနှင့်ပတ်သက်ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

မျိုးသီရိကျော် | DMG
ရခိုင်မှ ရန်ကုန်တွင်ပြောင်းရွှေ့နေထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးကို တိုက်ခန်းအတွင်း သေဆုံးလျက်တွေ့ ရခိုင်မှ ရန်ကုန်တွင်ပြောင်းရွှေ့နေထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးကို တိုက်ခန်းအတွင်း သေဆုံးလျက်တွေ့ Reviewed by THITHTOOLWIN on 06:33 Rating: 5

No comments:

Powered by Blogger.