ကရင်အမျိုးသမီးကို သတ်ဖြတ်မှု တပ်သားနှစ်ယောက်ကို ပြစ်ဒဏ်ချ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော်ကို ပစ္စည်းလုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ၂ဝ၂ဝ ဇူလိုင် ၃၁ ရက်နေ့က စစ်တရားရုံးတွင် စစ်ဆေးနေစဉ်။
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော် ကို ပစ္စည်းလုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့က ပိုလိုထာရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ နော်မုနော်ထံကနေ ပစ္စည်းလုယက်သတ်ဖြတ်ခဲ့တဲ့ တပ်သား သန်းစိုးလွင် နဲ့ ဟိန်းမင်းထက် တို့ဟာ ဇူလိုင် ၁၇ ရက်နေ့မှာ အဖမ်းခံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ပစ္စည်းလုယက်တဲ့အပြင် လူကိုသေစေတဲ့အထိ ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ဇူလိုင် ၂၉ ရက်နေ့က အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကြေညာပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်လို့သာ ဖော်ပြထားပြီး အသေးစိတ်ကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။

စစ်တရားရုံးကို ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့နဲ့ ရပ်မိရပ်ဖ ၁၆ ယောက် တက်ရောက်လေ့လာခဲ့တယ်လို့ တပ်က ထုတ်ပြန်ပါတယ်။
၂၀၂၀ ဇန်နဝါရီကနေ ဇူလိုင်လအတွင်း နော်မုနော် အပါအဝင် အရပ်သား ၅ယောက် အသတ်ခံခဲ့ရတဲ့အပေါ်  ဖာပွန်ဒေသခံတွေက တရားမျှတမှုရရှိဖို့ နဲ့ သူတို့ဒေသမှာ တပ်စွဲထားတဲ့ တပ်မတော် စစ်စခန်းလေးခု ဖယ်ရှားပေးဖို့ ဇူလိုင် ၂၂ ရက်နေ့က တကြိမ်၊ ၂၈ ရက်နေ့ကတကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဇူလိုင်၂၈ ရက်နေ့ ဆန္ဒပြပွဲမှာ ဒေသခံတွေကို ၀န်းရံခဲ့တဲ့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် နော်အုန်းလှက အမြင့်ဆုံးပြစ်ဒဏ်ကို ထုတ်ဖော်ထားခြင်းမရှိတဲ့အတွက် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ဒီအမှုဟာ စစ်ပွဲအတွင်းမှာ ပြစ်မှုကျူးလွန်တာမဟုတ်တဲ့အတွက် အရပ်ဘက်တရားရုံးမှာသာ အမှုဖွင့် အရေးယူသင့်တယ်လို့ဆိုပါတယ်။

RFA Burmese
ကရင်အမျိုးသမီးကို သတ်ဖြတ်မှု တပ်သားနှစ်ယောက်ကို ပြစ်ဒဏ်ချ ကရင်အမျိုးသမီးကို သတ်ဖြတ်မှု တပ်သားနှစ်ယောက်ကို ပြစ်ဒဏ်ချ Reviewed by THITHTOOLWIN on 07:20 Rating: 5

No comments:

Powered by Blogger.