ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းကြောင့် အရပ်သား သုံးဦး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နဲ့  ၃ဝမှာ မိုင်းနင်းမိလို့ အရပ်သား နှစ်ဦး သေဆုံးပြီး၊ တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ နဲ့ ၃၀ ရက်နေ့ တွေက မြေမြှုပ်မိုင်းနင်းမိလို့ ချင်းအမျိုးသား နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူ နှစ်ဦးဟာ အသက် ၆၀ အရွယ် ဦးမောင်တင်နဲ့ အသက် ၂၈ နှစ်အရွယ် ကိုဆူပါချေတို့ဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၄၈ နှစ်အရွယ် ဦးဆန်းဝင်း ဖြစ်ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာ ဦးမောင်တင်ဟာ သူ့ရဲ့ ဥယျာဉ်ခြံထဲကို ဒညင်းသီးခူးဖို့ သွားရာကနေ မိုင်းနင်းမိသေဆုံးသွားပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ အလောင်းသယ်ဖို့သွားရာမှာ နောက်ထပ်မိုင်းတစ်လုံး နင်းမိခဲ့တာလို့ ကဇူးကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က RFA ကိုပြောပါတယ်။

“၂၉ ရက်နေ့ကနေ ဦးမောင်တင်ဆိုတဲ့လူက ဒညှင်းသီး ခူးမယ်ဆိုပြီး တောင်ပေါ်က သူ့ဥယျာဉ်ကိုသွားတော့ အဲဒီမှာဖြစ်တာပေါ့နော်။ အဲဒီနေ့က သူပြန်မရောက်လို့ သူ့မိသားစုက လိုက်ရှာတယ်။ အဲဒီမှာ ဦးမောင်တင်က တောထဲမှာ သေနေတာကိုတွေ့တယ်။ တွေ့တော့ သူ့မိသားစုက သူ့အလောင်းကိုသယ်ဖို့ ရွာသားတွေကို လာခေါ်တယ်။ နောက်တစ်ရက်မှာ အဲဒီ ဦးမောင်တင် သေသွားတဲ့ နေရာအနားမှာနောက် ထပ်မိုင်းတစ်လုံး နင်းမိတယ်”

ကိုဆူပါချေဟာ မိုင်းကြောင့် ခြေနှစ်ဘက် ပြတ်ထွက်သွားပြီး ရွာကိုသယ်လာရာမှာ လမ်းခုလတ်မှာပဲ ဆုံးသွားတာလို့ ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့ ဦးဆန်းဝင်းကိုတော့ အမ်းမြို့ တပ်မတော်ဆေးရုံမှာ တင်ထားရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က ပြောပါတယ်။

ဒီဒေသမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတာကြောင့် ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ သိနိုင်ဖို့ ခက်ခဲတယ်လို့ လူမှုရေးကူညီရေးဆောင်ရွက်သူ ဒေသခံကိုမျိုးလွင်က ပြောပါတယ်။

“ကဇူးကိုင်းကျေးရွာအနီးက တောင်ပေါ်မှာ စခန်းချထားတဲ့ တပ်မတော်က လက်နက်ကြီးတွေ ရံဖန်ရံခါပစ်နေသလို နှစ်ဘက်တိုက်ပွဲတွေလည်း အဲဒီနေရာမှာ ဖြစ်ခဲ့ကြတယ်ပေါ့နော်။ အဲဒါကြောင့် ဘယ်သူ့လက်ချက်ဆိုတာကို ပြောဖို့ခက်တယ်။ ရွာထဲက ရွာသားတွေကတော့ ရွာပြင်ကိုထွက်ဖို့အတွက် အလွန်တရာ စိုးရိမ်နေကြတယ်ပေါ့နော်။ သူတို့စိုက်ပျိုးထားတဲ့ သီးနှံတွေ ခူးတဲ့နေရာမှာတောင် မိုင်းပေါက်တယ်ဆိုတော့ သူတို့အသက် လုံခြုံမှုမရှိတော့ဘူး”

ဂျိတ်ချောင်းကျေးရွာဟာ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ ချင်းတိုင်းရင်းသားကျေးရွာဖြစ်ပြီး ဒေသတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြတဲ့အတွက် အခုအချိန် ရွာမှာနေထိုင်သူဟာ အိမ်ထောင်စု ၇၈ စု နဲ့ လူ ၂၈၀ ခန့်သာရှိတယ်လို့ ကျေးရွာလူကြီးက ပြောပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့ကအထိ ဆိုရင် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေမှာ မိုင်းကြောင့် သေဆုံးသူ ၂၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းဟာ ၆၅ ဦးရှိနေပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၁၉ နှစ်ကုန်အထိ မိုင်းကြောင်း သေဆုံးသူ ရှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့ပြီး အခု ၂၀၂၀ နှစ်စပိုင်းကနေ ဇူလိုင်လကုန်အထိ အချိန် ခုနှစ်လအတွင်းမှာ သေဆုံးသူ ၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၀ အထိရှိနေတာကို တွေ့ရပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မိုင်းကြောင့်ထိခိုက်မှုတွေ ပိုများလာပေမယ့် ဒီကိစ္စအပေါ် အစိုးရက ဘာမှလုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

“တိုက်ပွဲတွေကို ဖော်ဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ပေါ့လေ အောက်ခြေမြေပြင်အဆင့်ဆင့်ကို သေသေချာချာ တိတိကျကျ ညွှန်ကြားထားဖို့လိုတယ်။ တိုက်ပွဲကို ဖော်ဆောင်တဲ့အခါမှာ အရပ်သားပြည်သူတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မလုပ်ဖို့ပေါ့လေ။ ဒါမျိုးတွေကို သိထားပြီးတော့ ဆင်ခြင်ပြီးတော့မှ အသုံးပြုဖို့၊ ဖြစ်နိုင်လို့ရှိရင် ဒီမြေမြှုပ်မိုင်းကို လုံးဝအသုံးမပြုကြဖို့ထိ ကျွန်တော်တို့ တွန်းအားပေးဖို့လိုပါတယ်။ နောက်တစ်ခုကကျတော့ ရခိုင်ပြည်နယ်မှာ မိုင်းကြောင့်ထိခိုက်မှုတွေ အခုလို မြင်တွေ့နေပေမယ့်လည်း မိုင်းအန္တရယ်နဲ့ ပတ်သက်လို့ အစိုးရအဖွဲ့လုပ်ဆောင်မှုတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ အားနည်းနေတာတွေရှိပါတယ်”

မိုင်းအန္တရာယ် လျှော့ချဖို့အတွက် ပြည်နယ်အဆင့် အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ဖို့လိုအပ်သလို အရပ်ဘက်အဖွဲ့တွေကိုလည်း ရန်ပုံငွေတွေနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကို တိုးမြှင့်ခွင့်ပြုဖို့ လိုအပ်တယ်လို့ ဦးဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မိုင်းအန္တရာယ်လျှော့ချရေးအတွက် လုပ်ဆောင်တာမရှိဘူးလို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့  ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA ကမေးမြန်းခဲ့ရာမှာ ရေရေရာရာ တုံ့ပြန်တာမရှိဘဲ မိုင်းမပေါက်ဖို့အတွက် မိုင်းမထောင်ကြဖို့သာ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ပညာပေးနေကြတာတော့ ပညာပေးနေကြတာပဲ။ ဒါပေမဲ့ ထောင်တဲ့သူရှိရင် ပေါက်မယ်။ ပေါက်ရင်သေမယ်။ ကာကွယ်ဖို့က မထောင်ရင် ကာကွယ်ပြီးသားပဲ။ ထောင်ထားတဲ့ဟာကို ဘယ်လိုကာကွယ်မလဲ။ မထောင်တာဟာ ကာကွယ်ခြင်းပဲ။ မိုင်းဘယ်သူမှ မထောင်ရင် ပေါက်စရာအကြောင်းမရှိ။ ဒါအမှန်ကန်ဆုံး ကာကွယ်ခြင်းပဲ”

ရခိုင်မြောက်ပိုင်းမှာ မိုင်းကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတဲ့အပေါ် ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိနေကြတာပါ။

အခုနောက်ပိုင်း မိုင်းကြောင့် ထိခိုက်မှုများလာတဲ့အပေါ်  ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ တပ်မတော်က စခန်းချတဲ့နေရာတိုင်းမှာ မြေမြှုပ်မိုင်း ထောင်လေ့ရှိပြီး၊ စစ်ကြောင်း ပြန်ထွက်ခွာသွားလည်း ဒီမိုင်းတွေကို တူးဖော်သွားတာ မရှိတဲ့အတွက် အခုလို အရပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးနေရတာဖြစ်တယ်လို့ ပြောပါတယ်။ AA တပ်ဖွဲ့အနေနဲ့ကတော့ အဆင့်မြင့် နည်းပညာတွေနဲ့ မိုင်းတွေကို အသုံးပြုနေတာဖြစ်ပြီး၊ စည်းမဲ့ကမ်းမဲ့ မိုင်းထောင်တာမျိုး မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဒီညနေအထိ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ ကျေးလက်နေပြည်သူတွေဟာ တောတောင်နဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ရပ်တည်နေကြရတဲ့အတွက် မိုင်းအန္တရာယ်ဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။ ဒါပေမဲ့ မိုင်းအန္တရာယ် လျှော့ချရေးလုပ်ငန်းတွေကို တတ်နိုင်တဲ့လူတွေက အဆောတလျင်လုပ်ဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

RFA Burmese

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.