ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြား ကမ္ဘာတဝန်း အစ်ဒ်ပွဲတော်ဆင်နွှဲ



Share/Bookmark
အိန္ဒိယနိုင်ငံ Ahmedabad မြို့က ဗလီတခုမှာ အစ်ဒ်နေ့အထိမ်းအမှတ် ဆုတောင်းပွဲကျင်းပနေတဲ့မြင်ကွင်း။ (သြဂုတ် ၁။ ၂၀၂၀)

ဒီကနေ့ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအထွတ်အမြတ် အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြတဲ့နေ့ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းမှာ အစ်ဒ်ပွဲတော် ကျရောက်တာကြောင့် ကပ်ရောဂါဆိုင်ရာ အကန့်အသတ်တွေကြားကပဲ မွတ်စလင်တွေအနေနဲ့ အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြရပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုက လျော့ကျမသွားသေးတာကြောင့် လူချင်း ခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းနဲ့ အကာအကွယ်တွေ ဝတ်ဆင်ဖို့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာပြီး အစ်ဒ်ပွဲတော် ဆုတောင်းပွဲတွေ လုပ်ကြပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကာလ Eid ပွဲတော်နဲ့ Hajj ပွဲတော်တွေ ဆင်နွှဲကြတဲ့ မြင်ကွင်းတချို့။

နယူးဒေလီမြို့တော်က ထင်ရှားတဲ့ Mughal ခေတ်ကာလ Jama Masjid ဗလီကြီးမှာဆိုရင် ဒီနှစ် ဝတ်ပြုသူ အရေအတွက်ဟာ အရင်နှစ်တွေကထက် သိသိသာသာကို နည်းသွားပါတယ်။ ဒါတောင်မှပဲ ဝတ်ပြုပွဲလာတက်သူ ထောင်ပေါင်းများစွာရှိပြီး နှာခေါင်းစည်းတွေ၊ မျက်နှာအကာအရံတွေ ဝတ်ဆင်ထားကြသလို တဦးနဲ့တဦး ပွေ့ဖက်နှုတ်ဆက်တာမျိုးကိုလည်း မလုပ်ကြပါဘူး။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာတော့ နှစ်ဖက် နယ်ခြားစောင့်တပ်ဖွဲ့တွေကြား နှစ်စဉ် အစ်ဒ်ပွဲတော်နေ့မှာ လုပ်နေကျ အစဉ်အလာအတိုင်း မုန့်အချိုတွေ အပြန်အလှန် ဖလှယ်ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာလည်း မွတ်စလင် သန်းပေါင်းများစွာ အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။

ဒီပွဲတော်ကာလမှာ ကိုဗစ်ရောဂါ ကူးစက်ဖို့အန္တရာယ် ပိုကြီးတာကြောင့် ပြည်နယ်အစိုးရတွေ အနေနဲ့ အထူးသတိထား လုပ်ဆောင်ကြဖို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အထူးသဖြင့် ကျွဲနွားစျေးတွေနဲ့ ဝတ်ပြုဆုတောင်းပွဲလုပ်တဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်တာကို တားဆီးရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။

လူဦးရေ သန်းပေါင်း ၂၁၀ ကျော်ရှိတဲ့ ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ၆ နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ၉၇ ရာခိုင်နှုန်းက မွတ်စလင်တွေ ဖြစ်ကြတာကြောင့် အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယမြောက် မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ