စပိန်မှာ COVID-19 လူနာတဦးကို သယ်ဆောင်လာတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၁၄၊ ၂၀၂၀)

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၁ သန်းကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စုကတော့ ရောဂါကူးစက်ခံရသူ ၅.၃ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဘရာဇီးလ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃.၂ သန်းနဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ၂.၅ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။


အမေရိကန် အထက်လွှတ်တော်အမတ် Mitt Romney ကတော့ ဒီကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အောင်မြင်မှုမရဘူးလို့ ပြောရမယ်ထင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရှိပေမယ့် COVID-19 ကြောင့် သေဆုံးတဲ့သူ အရေအတွက်ရဲ့ ၂၅ ရာခိုင်နှုန်းက အမေရိကန်က ဖြစ်တာကြောင့်လို့ Sutherland Institute နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။


တချိန်တည်းမှာပဲ ကနေဒါနိုင်ငံကလည်း အမေရိကန်နဲ့ နယ်စပ်ကို မဖြစ်မနေ ခရီးသွားစရာ မလိုတဲ့သူတွေအတွက် နောက်ထပ် ၁ လ ထပ်ပိတ်သွားမှာဖြစ်တယ်လို့ မနေ့ သောကြာနေ့က ကြေညာပါတယ်။ ကနေဒါနိုင်ငံဟာ ဗိုင်းရပ်စ်ကို အတော်လေး ထိန်းချုပ်ထားနိုင်ခဲ့ပြီး နယ်စပ်ပြန်ဖွင့်မှာကို ကနေဒါနိုင်ငံသား အတော်များများက စိုးရိမ်နေကြပါတယ်။


စပိန်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ ညကလပ်တွေနဲ့ ကပွဲကျင်းပတဲ့ နေရာတွေကို ပိတ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Salvador Illa က သောကြာနေ့မှာ ကြေညာပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့သူတွေ အနေနဲ့လည်း တယောက်နဲ့တယောက် ၂ မီတာ မခွာနိုင်ဘူးဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တာကို တားမြစ်သွားမယ်လို့ ပြောပါတယ်။


ပြင်သစ်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံး တပ်ဆင်ရမယ့် နေရာတွေကို တိုးချဲ့လာနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-world-wide/5544862.html

Reviewed by THITHTOOLWIN on 02:55 Rating: 5

No comments:

Powered by Blogger.