ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော

၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ ရွေးကောက်ပွဲတိုင်းကို အသိမှတ်မပြုခဲ့ပေမယ့် ဒေသတွင်း လူထုရဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ယဉ်ကျေးမှုကို မဟန့်တားလိုတာကြောင့် နိုဝင်ဘာလ  ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပါဝင်စွက်ဖက် တာတွေ လုပ်မှာမဟုတ်ဘူးလို့  TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

မဲဆွယ် စည်းရုံးကြရာမှာတော့ လူမျိုးရေး ထိခိုက်စေတာ တဖက်နဲ့ တဖက် ပုတ်ခတ်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

၂၀၁၅ မှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးပေးနိုင်တဲ့ အခင်းကျင်းမျိုးကို မဖော်ဆောင်ပေးနိုင်ခဲ့ဘူးလို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

ဖြတ်သန်းလာခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ  တိုင်းရင်းသားဒေသအတွင်း  ပြင်းထန်တဲ့တိုက်ပွဲတွေ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အဖြေမရှာပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းလို့ဆိုပေမယ့် ၂၀၀၈ အခြေခံဥပဒေအောက်ကနေသာ ရွေးကောက်ပွဲတွေ ဆက်လက်ကျင်းပနေရင် လူထုတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ်ကို ရနိုင်မှာမဟုတ်သလို အစိုးရ ဖွဲ့နိုင်ရင်တောင် အကန့်အသတ်တွေရှိနေလို့ လုပ်ကိုင်ရခက်နေမှာပဲဖြစ်တာကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ဖျက်သိမ်းဖို့ လိုတယ်လို့ ဆိုပါတယ်။

ဦးသိန်စိန်အစိုးရကနေ NLD အစိုးရကာလ ဆယ်နှစ်တာမှာ နိုင်ငံအတွင်း ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေ တိုးတက် ပြောင်းလဲလာတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတွင်းပိုင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ကလည်း သူတို့အနေနဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်တာ ကန့်ကွက်တာမလုပ်ဘူးလို့ ပြောပါတယ်။

မဲရုံတည်ဆောက်မယ့်နေရာတွေကိုတော့ ညှိနှိုင်းဖို့လိုတယ်လို့ SSPP/ SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

ဘယ်ပါတီကို မဲထည့်ပါ ဆိုပြီး လူထုကို တိုက်တွန်းထားတာမရှိသလို ဘယ်ပါတီမဆို သူတို့ဒေသအတွင်းမှာ လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုမှာဖြစ်တယ်လို့ပြောပါတယ်။

၂၀၁၅ ခုနှစ်ကလို မဲထည့်ကြရမယ့်ရက်နီးမှ တိုက်ပွဲတွေပေါ်ပေါက်လာလို့ ရွေးကောက်ပွဲ မကျင်းပလိုက်ရတဲ့ ဖြစ်ရပ်မျိုး ထပ်မဖြစ်စေချင်ဘူးလို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

ကျေးသီးမြို့နယ်အနီး SSPP/SSA ဌာနချုပ်ကနေ အရှေ့ဖက် သံလွင်မြစ်အခြမ်းအထိ သူတို့ထိန်းချုပ်ရာ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ခုနှစ်သောင်းနဲ့ တစ်သိန်းဝန်ကျင်လောက်အထိရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ မိုင်းနောင်၊ မိုင်းရှုး မြို့နယ်တွေအပြင် ရှမ်းပြည်မြောက်ပိုင်းက သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ သိန္နီ စတဲ့မြို့နယ်တွေအတွင်းက ကျေးရွာတွေ ဟာ SSPP တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ဒေသတွေ ဖြစ်ပါတယ်။

TNLA ကတော့ ရှမ်းပြည်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်၊ မန်တုံမြို့နယ်တွေအပြင် ကျောက် မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ လားရှိုး၊ ကွတ်ခိုင်၊ မိုင်းယော်၊ နမ့်ခမ်း၊ မူဆယ်စတဲ့ မြို့နယ်တွေ အတွင်းက ကျေးရွာတွေမှာ အဓိကလှုပ်ရှားကြတာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲက နိုင်ငံရေးပါတီ ၁၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ တစ်ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီထဲမှာ ဆယ့်တစ်ပါတီ ကိုယ်စားပြုအမတ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ တစ်ဦး အနိုင်ရခဲ့တာပါ။

လာမယ့် ၂၀၂၀ မှာတော့ နိုင်ငံရေးပါတီ ၂၁ ပါတီနဲ့ တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မှာ ရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံး မဲပေးနိုင်သူဦးရေ ဆယ့်နှစ်သိန်း ခြောက်သောင်းကျော်မှာ ခုနှစ်သိန်း ကျော်လောက် မဲပေးခဲ့ပြီး လာမယ့် ၂၀၂၀ မှာတော့ မဲပေးနိုင်သူစာရင်းဟာ ဇူလိုင် ၂၅ ရက်နေ့အထိ စာရင်းအရ တပ်မတော်သား မိသားစုဝင်တွေအပါဆိုရင် ဆယ့်လေးသိန်း လေးထောင်လောက်ရှိတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၅ရွေးကောက်ပွဲတုန်းက  NLDပါတီ ကနေ ကျောက်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးတင်မောင်သိန်းကတော့  ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင် ထိန်းချုပ်နယ်မြေတချို့ မှာ ၂၀၁၅ရွေးကောက်ပွဲကာလက လက်နက်ကိုင်တွေရဲ့ လွှမ်းမိုးရှိခဲ့သလို ၂၀၂၀ မှာလည်း ဒီလိုပဲဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ လွှမ်းမိုးမှုရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ မှာတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မြို့ပေါ်မှာ လွတ်လပ်စွာမဲပေးခွင့်ရပေမယ့် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေက ကြံ့ခိုင်ရေးပါတီကိုမဲပေးကြသလို ရှမ်းလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေ ကတော့ SNLD ကို မဲပေးခဲ့ကြပြီး ဒီနှစ်လည်း ဒီလိုပဲဖြစ်နိုင်တယ်လို့ တန့်ယန်းမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမဲစာရင်းတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို အခြေခံပြီးထားတာ မဟုတ်ဘဲ ၂၀၁၉ မှာ အသစ်ပြန်ပြီး နေအိမ်တွေမှာ အမှန်တကယ်နေထိုင်သူတွေကို  ကောက်ခံထားတာဖြစ်လို့ အမည်မပါရင်၊ သေဆုံးသူတွေပါနေရင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဖြည့်စွက်လျှောက်ထားနိုင်သလို ပယ်ဖျက် တာတွေလုပ်နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မြို့နယ်ပေါင်း နှစ်ဆယ့်လေးမြို့နယ်မှာ UWSA ထိန်းချုပ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်လေးခုနဲ့ ကိုးကန့်ဒေသ ကျေးရွာအချို့မှာ မဲပေးနိုင်သူစာရင်း မကောက်ယူနိုင်ခဲ့ပေမယ့် ကျန်တဲ့မြို့နယ်တွေမှာ အမည်စာရင်းတွေကို ကပ်ထားပြီးဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက် ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

မိုင်းလားအဖွဲ့ နဲ့  UWSA ထိန်းချုပ်နယ်မြေထဲ တည်ရှိတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ပါဘူး။ ၂၀၂၀ မှာတော့ UWSA ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်က "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့ကို ဖေဖော်ဝါရီလကုန်ပိုင်းက သွားရောက်ညှိနှိုင်းခဲ့ပါတယ်။

UWSA က ပူးပေါင်းဆောင်ရွက်မယ်လို့ တုံ့ပြန်ခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိမရှိကို နှစ်ဘက်လုံးက အတည်ပြုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အမတ်လောင်းစာရင်းမှာလည်း UWSA ဒေသ မြို့နယ်တွေ မပါဝင်ပါဘူး။

UWSA က လုံခြုံရေးပေးမယ်ဆိုတဲ့ ကတိကဝတ်ရမှ အဲဒီနယ်မြေမှာ ရွေးကောက်ပွဲက ကျင်းပဖြစ်မှာလို့  လွှတ်တော်လုပ်ငန်းစဉ်တွေကို စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် က ဦးအေးကျော် ကပြောပါတယ်။

“အဲဒီနေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းက လုံခြုံရေးယူပေးမှပေါ့နော်။ အဲဒါကလည်း ဝတွေပေါ်မှာလည်း မူတည်တာပေါ့၊  သူတို့ဒေသမှာ ရွေးကောက်ပွဲ လုပ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ လုံခြုံရေးယူပါတယ်ဆိုရင် ဖြစ်တာပေါ့နော်။ သူတို့က လုံခြုံရေးမယူပေးရင် ရွေးကောက်ပွဲ မလုပ် စေချင်ရင်တော့ ၂၀၂၀ မှာလည်း ဖြစ်မှာမဟုတ်ဘူး၊  နောက်လည်း ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး”

တိုက်ပွဲ အဆက်မပြတ် ဖြစ်ပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ ကော်မရှင်က ပြီးခဲ့တဲ့ နှစ်က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ဒေသ တိုက်ပွဲနယ်မြေတွေမှာ ‌ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အရိပ်အယောင် မရှိသေးသလို တိုက်ပွဲတွေလည်း ဆက်တိုက် ရှိနေပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/program_2/tnla-sspp-not-disturb-2020-election-07292020033739.html


ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.