တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ချေးယူပြီး နိုင်ငံတကာအဆင့်မီ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး တည်ဆောက်မယ့်ကိစ္စကို လွှတ်တော်မှာ သဘောမတူတဲ့ ကိုယ်စားလှယ်တွေ ရှိခဲ့ပေမယ့်လည်း ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေက များတာကြောင့် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဒီစီမံကိန်းအတွက် ADB ကနေ ချေးငွေ ရယူခွင့်ပြုဖို့ ဇူလိုင်လ ၁၇ ရက်နေ့ အစည်းအဝေးမှာ တင်ပြခဲ့တာပါ။

ချေးငွေရယူရေးကိစ္စနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာ ကိုယ်စားလှယ် ကိုးဦး ဆွေးနွေးခဲ့တဲ့ထဲက ခြောက်ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး အပါအဝင် သုံးဦးက အကြံပြု ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့မှာတော့ ချေးငွေရယူရေးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အဆုံးအဖြတ် ရယူရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် ၃၃၆ ဦးကတော့ မတ်တပ်ရပ်ကာ ထောက်ခံခဲ့ကြပါတယ်။

အစည်းအဝေး တက်ရောက်သူ ၅၅၂ ဦး ရှိတဲ့ထဲက ထောက်ခံသူဦးရေက ထက်ဝက်ကျော်တဲ့အတွက် လွှတ်တော်က ဒီချေးငွေရယူတဲ့ ကိစ္စကို အတည်ပြုကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

စီမံကိန်းအတွက် ချေးသင့်ပေမယ့် နှစ်စဉ် ဘတ်ဂျတ်လိုငွေပြနေပြီး စီးပွားရေး ကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့  ပြည်ပချေးငွေယူရာမှာ ချင့်ချိန်သင့်တယ်လို့ ဒီချေးငွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရာမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိန်ဝင်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

"ဒီစီမံကိန်းအတွက်ချေးသင့်ပေမယ့် ကျနော်တို့နိုင်ငံလို နှစ်စဉ် ဘတ်ဂျတ်လိုငွေပြပြီး စီးပွားရေး ကျဆင်းနေတဲ့ နိုင်ငံအဖို့ ဒီသတ်မှတ်ချက်တွေ ပြည့်စုံနေရုံလောက်နဲ့ ချေးငှားရန် သင့်မသင့်ဆိုတာ ချင့်ချိန်ဖို့ အကြံပြုလိုပါတယ်။ အကြွေးဟာ နောက်အစိုးရသက်တမ်း လေးငါးခုအထိ ပြည်သူရဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်တဲ့အတွက် အကြွေးယူသူဟာ အကြွေးရှင်ရဲ့ မျက်နှာကို ပြန်ကြည့်နေရမယ့်ခေတ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။"

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးအကြံပြုချက်တွေ အပါအဝင် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးအကြံပြုချက်ကို အလေးအနက်ထား လိုက်နာမယ့်အကြောင်းနဲ့ ဒီစီမံကိန်းကို အတည်ပြုပေးဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

"ရန်ကုန်မြို့ရဲ့ အရှေ့ဘက်စီးပွားရေးစင်္ကြံ လမ်းမသစ်ကြီးဖြစ်လာမယ့် သန်လျင် သီလဝါ ခရမ်း သုံးခွ သနပ်ပင် ပဲခူး ကျိုက်ထိုလမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေးဇုန်များ၊ စက်မှုဇုန်တွေ၊ ကုန်လှောင်ရုံတွေနဲ့ ကုန်းတွင်းဆိပ်ကမ်တွေ ဖြစ်ပေါ်လာနိုင်ပြီးတော့ အဆိုပါ စင်္ကြံလမ်းတစ်လျှောက်နေထိုင်သူများသာမက မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများမှ လာရောက်သူများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အဆိုပါ စင်္ကြံလမ်းတစ်လျှောက်နေထိုင်သူများ တစ်ဦးချင်းဝင်ငွေနဲ့ လူမှုစီးပွားဘဝများကလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီးတော့ စင်္ကြံလမ်း ဖြတ်သန်းသွားရာ တိုင်းဒေသကြီး ပြည်နယ်များသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီစွာ တိုးတက်လာမယ့် စီမံကိန်း ဖြစ်ပါတယ်။ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းအကောင်အထည်ဖော်ဖို့လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၄၈၃.၈ သန်းကို ADB ကနေ ချေးယူတာကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးနိုင်ဖို့ တင်ပြအပ်ပါတယ်။"

အခုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းက မဟာမဲခေါင်ဒေသတွင်းစီးပွားရေး စင်္ကြံလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြောပါတယ်။

မဟာမဲခေါင်ဒေသတွင်း နိုင်ငံတွေအကြား အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမှာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၊ ဒါနန်းဆိပ်ကမ်းက စတင်ပြီး ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတွေကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအထိ ချိတ်ဆက်ဖောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လိုက်တဲ့အတွက် မဟာမဲခေါင်ဒေသတွင်း နိုင်ငံတွေနဲ့ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ပဲခူး-သန်လျင်လမ်း၊ ရန်ကုန်မြို့အပြင် မြို့ပတ်လမ်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွေနဲ့ ဆက်စပ်ပြီး အဲဒီကနေ တဆင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ဆက်သွယ်ချိတ်ဆက်သွားလာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီးကို ယာဉ်သွားလမ်း လေးလမ်းပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ နိုင်လွန်ကတ္တရာ လမ်းမကြီး အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး စီမံကိန်းလမ်းမကြီးဟာ အရှည် ၆၂ ကီလိုမီတာ ရှိမှာဖြစ်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ့် ကာလကတော့ ၂၀၂၁ ကနေ ၂၀၂၇ နှစ်ထိ ၆ နှစ် သတ်မှတ်ထားပါတယ်။

သက်စုအောင် / RFA Burmese
https://www.rfa.org/burmese/news/bago-kyaikto-road-07292020055637.html


တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.