![]() |
ရုရှားနိုင်ငံ Khabarovsk မြို့က သမ္မတ Putin ဆန့်ကျင်ဆန္ဒပြပွဲ။ (ဇူလိုင် ၂၅၊ ၂၀၂၀) |
ဆန္ဒပြသူတချို့က ရုရှားသမ္မတ Vladimir Putin နုတ်ထွက်ဖို့ တောင်းဆိုသလို တချို့ကလည်း အသစ်ခန့်အပ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို ရှုတ်ချတဲ့ ပိုစတာတွေကို ကိုင်ပြီး ဆန္ဒပြကြပါတယ်။
Khabarovsk မြို့ မြူနီစီပယ်အဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ စုရုံး ဆန္ဒပြသူ ၆,၅၀၀ လောက်ရှိတယ်လို့ ပြောပေမယ့် ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတွေနဲ့ သတင်းသမားတွေကတော့ လူ ၅၀,၀၀၀ ကျော် ဆန္ဒပြခဲ့တာလို့ ပြောတာကြောင့် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။
ဒေသအုပ်ချုပ်ရေးမှူး Sergei Furgal ကို ရာဇဝတ်ပြစ်မှုနဲ့ ထုတ်ပယ်ပစ်တာက အထောက်အထား မခိုင်လုံဘူးလို့ ဆန္ဒပြသူတွေက ယူဆကြပြီး သူ့ကို တရားစစ်ဆေးတာကိုလည်း မော်စကိုမြို့မှာ မလုပ်ဘဲ Khabarovsk မြို့မှာပဲ လုပ်ဖို့ တောင်းဆိုနေကြတာပါ။
အုပ်ချုပ်ရေးမှူး Furgal ဟာ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ မော်စကိုမြို့ကို လွှဲပြောင်းခံရပြီး လူသတ်ရန်ကြံစည်မှု တမှု၊ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ လူသတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ အမှုနှစ်မှုနဲ့ စွဲချက်တင် ခံနေရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က Furgal ဟာ အမျိုးသားရေးဝါဒီ Vladimir Zhirinovsky ရဲ့ ရုရှား လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDPR ကနေ ရွေးကောက်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။
ရုရှားသမ္မတ Putin က သူ့ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ရာထူးက တရားဝင် ဖယ်ရှားလိုက်ပြီး LDPR ပါတီဝင်တဦးဖြစ်သူ Mikhail Degtyaryov ကို ယာယီ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/russia-protests/5518028.html
