အာရှနိုင်ငံတချို့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုသစ်များ တိုးလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတဲ့ အင်ဒိုနီးရှားမှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇူလိုင် ၁၂၊ ၂၀၂၀)
အာရှနိုင်ငံတွေဘက်မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃၉ ယောက်ကို ဒီနေ့မှာ တွေ့ရှိခဲ့တယ်လို့ တိုကျိုအာဏာပိုင်တွေက အတည်ပြုကြောင်း ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် တိုကျိုမြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်တိုးလာနေတာဖြစ်ပြီး အခုဆိုရင် နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၂၀၀ ကျော်တာဟာ ၆ ရက်ဆက်တိုက်ရှိသွားပြီ ဖြစ်ပါတယ်။

အခုလို ဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ တိုးလာနေတာကြောင့် တိုကျိုအာဏာပိုင်တွေက ဗိုင်းရပ်စ်သတိပေးချက်အဆင့်ကို အမြင့်ဆုံးအထိ တိုးမြှင့်ပြီးတော့ သတ်မှတ်ထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေ ဘက်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၁,၄၉၂ ယောက် တွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉၈,၀၀၀ ကျော်သွားပြီလို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၆၇ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၄,၇၈၁ ယောက်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံမှာလည်း ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈၁ ယောက် ထပ်ပြီး တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူ အရေအတွက်ဟာ ၅၀,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက Danang မြို့မှာလည်း ဗိုင်းရပ်စ်ကူးစက်သူ ဒုတိယတယောက်ကို တွေ့ရှိပြီးတဲ့နောက် တယောက်နဲ့တယောက် ခပ်ခွာခွာနေကြဖို့ ပြောလိုက်ပါတယ်။

စနေနေ့ကလည်း ပထမတယောက်ကို တွေ့ရှိခဲ့ပြီး ဒါဟာ ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိတာ ၃ လကျော်ပြီးတဲ့နောက် ဒါဟာ ပထမဆုံး ပြန်တွေ့ရှိတာ ဖြစ်ပါတယ်။

အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ဖြစ်လာတာကြောင့် Danang မြို့ကို ခရီးသွားတွေ လာရောက်တာကို ၁၄ ရက်ကြာ ပိတ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အားကစားပွဲတွေ အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီး နှာခေါင်းစည်းတွေတပ်ဖို့နဲ့ လူ ၃၀ ထက် ပိုမစုဖို့ အစိုးရက ပြောလိုက်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/asia-covid19/5518087.html
အာရှနိုင်ငံတချို့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုသစ်များ တိုးလာ အာရှနိုင်ငံတချို့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုသစ်များ တိုးလာ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.