ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ဖွင့်ခွင့်မပြုသေး

ကိုယ်ပိုင် အထက်တန်းကျောင်းတွေနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်လှစ်ခွင့် မပြုသေးဘူးလို့ စာထုတ်ပြန်ခဲ့
ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး အမျိုးသားဗဟိုအဆင့်ကော်မတီက ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဘော်ဒါဆောင် ထားရှိတဲ့ ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်လှစ်ခွင့် မပြုသေးဘူးလို့ စာထုတ်ပြန်ခဲ့ပါတယ်။

အခြေခံပညာ အထက်တန်းအဆင့်ကို လာမယ့် ဇူလိုင် ၂၁ ရက်နေ့က စတင်ပြီး ဖွင့်လှစ်တော့မယ့် အချိန်မှာပဲ အခုလို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ ဘော်ဒါဆောင်တွေထားတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘာသာရပ်သင် ကိုယ်ပိုင် အထက်တန်းကျောင်းနဲ့ ဘော်ဒါဆောင်တွေကို ပိတ်ပင်တယ်လို့ ပါရှိတာ ဖြစ်ပါတယ်။
ဘော်ဒါဆောင်တွေ ဘက်ကလည်းပြင်ဆင်ထားကြ
အဓိကကတော့ ညအိပ် လက်ခံတဲ့ ဘော်ဒါဆောင်တွေကို မဖွင့်ခိုင်းတာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လာမယ့် ကျောင်းသားတွေ အချင်းချင်း ကူးစက်မှာ စိုးတာကြောင့် ဖြစ်နိုင်တယ်လို့ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒေသအသီးသီးက လာမယ့်ကျောင်းသားတွေ အတွက် မလိုလားအပ်တဲ့ ကူးစက်မှုတွေ မဖြစ်အောင်တော့ လုပ်သင့်တာပေါ့ အဲဒါတွေ လုပ်ပြီးမှ ဖွင့်မယ်ဆိုရင်တော့ မဆိုးဘူးပေါ့၊ ဒါကို စိုးရိမ်လို့ ကိုဗစ်ကော်မတီက ထုတ်တာလို့ မြင်ပါတယ်၊ အခုလို ထုတ်ပြန်လိုက်တဲ့ အတွက် ဘော်ဒါကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေကတော့ အစိုးရကျောင်းတွေကိုပဲ အားကိုးရဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

တချို့ ဘော်ဒါကျောင်းတွေကို ကျောင်းသားလက်ခံတဲ့ စာရင်းတွေကို လာပို့ဖို့ ပညာရေးမှူးရုံးတွေက အကြောင်းကြားထားပြီး နေ့တက် ကျောင်းတွေကိုပဲ ခွင့်ပြုကာ ည ကျောင်းအိပ်ကျောင်းစားထားတဲ့ ဘော်ဒါနဲ့တွဲဖွင့်ထားတဲ့ ကျောင်းတွေကိုတော့ ဖွင့်ခွင့်မပေးတာဖြစ်တယ်လို့ ပုဂ္ဂလိက ဘော်ဒါကျောင်း ပိုင်ရှင်တွေက ဆိုပါတယ်။

ဘော်ဒါဆောင်တွေ အများစုဟာ ကျောင်းအိပ်ကျောင်းစားဖြစ်တာကြောင့် တခြား နေ့ကျောင်းတွေထက် ပိုပြီး အပြင်လူနဲ့ ထိတွေ့ဆက်ဆံမှု ထိန်းချုပ်နိုင်တယ်လို့ မြင်ကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့မှာရှိတဲ့ YCW ဘော်ဒါ ကျောင်းအုပ် ဆရာအားခွဲက ဘီဘီစီကို အခုလို ပြောပါတယ်။

ဘော်ဒါထဲမှာ ၂၁ ရက်အပြင်ပေးမထွက်ဘဲ ဒီအထဲကို အဝင်ကတည်းက စစ်ဆေးပြီး လက်ခံရင် ကွာရန်တင်း ပုံစံပဲ ဒါကြောင့် ဘော်ဒါထဲမှာ ပိုပြီးထိန်းချုပ်နိုင်မယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်။
စာသင်ခန်းအတွင် ပြင်ဆင်ထားပုံ
အခုလို ဘော်ဒါဆောင် ကျောင်းအိပ်ကျောင်းစားတွေ လက်မခံတဲ့အတွက် အထက်တန်းကျောင်းမရှိတဲ့ ဒေသကနေ ကျောင်းအိပ်ကျောင်းစား လာတက်မယ့် ကျောင်းသားတွေအတွက် အခက်အခဲ ရှိနိုင်သလို မြို့ကျောင်းသားတွေကိုပဲ ဦးစားပေးသလို ဖြစ်ကာ နယ်ကျောင်းသားတွေအတွက် မျှတမှုမရှိတဲ့ ပြဿနာ ရင်ဆိုင်ရနိုင်တယ်လို့ ဆရာအားခွဲက ပြောပါတယ်။

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်ထားတဲ့ ကျောင်းအုပ်တစ်ဦးက ဘော်ဒါဆောင်နဲ့ တွဲလျက် အတန်းကျောင်းတွေ ဖွင့်ခွင့်မပြုတာကို လက်ခံပေမဲ့ နေ့ကျောင်းအနေနဲ့ ဖွင့်ခွင့်ပြုတာလားဆိုတာ ထုတ်ပြန်ချက်မှာ မရှင်းလင်းကြောင်း ပြောပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေမှာ အခြေခံကစပြီး အထက်တန်းအဆင့်ထိ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိတာကြောင့် ပြန်လည်စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ကျောင်း အသင်းတွေ ကတော့ နေ့တက်ကျောင်းတွေလည်း ဖွင့်ခွင့်ရမရ ဆိုပြီး ပြန်လည်မေးမြန်းထားသလို ဘော်ဒါကျောင်းတွေကို တစ်ပြေးညီလုပ်သင့်တယ်လို့ ထင်ကြောင်း ဘဏ်ချေးငွေနဲ့ ဖွင့်လှစ်ပြီးရပ်တည်နေတဲ့ ဖွင့်လှစ်တဲ့ကျောင်းတွေဟာ ကျောင်းပိတ်ထားရလို့ ထိခိုက်မှုတွေရှိနိုင်ကြောင်းလည်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်ထားတဲ့ ကျောင်းအုပ်တစ်ဦး ကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးက အစိုးရကျောင်းတွေမှာ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၁၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံး ကျောင်းပေါင်း ၆၀၀၀ ကျော် ပြန်ဖွင့်ဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/53420240
ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ဖွင့်ခွင့်မပြုသေး ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ဖွင့်ခွင့်မပြုသေး Reviewed by THITHTOOLWIN on 04:27 Rating: 5
Powered by Blogger.