ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပေးသေးလို့ နယ်ကျောင်းသားတွေ ပညာရေးထိခိုက်မှာစိုးရိမ်


COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ကျောင်းဘော်ဒါဆောင်တွေကို ဆက်ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့် ဝေးလံတဲ့ဒေသတွေက ကျောင်းသားတွေ ပညာရေးထိခိုက်မှာ စိုးရိမ်နေတဲ့အကြောင်း ကိုမိုးဇော် ပြောပြပေးမှာပါ။

ကပ်ရောဂါအန္တရာယ် ကာကွယ်တဲ့အနေနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ်မှာရှိတဲ့ ဘော်ဒါဆောင်ထားရှိ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းတွေကို ပြန်ဖွင့်ခွင့် မပေးဖို့ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မနေ့တုန်းက ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာနကို ပေးပို့တဲ့စာဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံခဲ့တာဖြစ်ပါတယ်။

အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ဘော်ဒါဆောင်တွေ မဖွင့်ဖို့ ဆိုတဲ့ ညွှန်ကြားစာ သူတို့ဆီ မရသေးကြောင်း၊ ပညာရေးဝန်ကြီးဌာနက သူတို့ဌာနကို ညွှန်ကြားလာမှသာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဆက်လက် စာထုတ်ပြန်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဒီလို ညွှန်ကြားလာတယ်ဆိုရင်တော့ လိုက်နာဖို့လိုအပ်ကြောင်း ဦးကိုလေးဝင်းက ဆက်ပြောပါတယ်။

“COVID Central ကော်မတီက ပြောထားတာ။ ကျန်းမာရေး COVID-19 အတွက် တကယ်လိုအပ်ချက်ရှိလို့ ဒီလိုမလုပ်ရင် မဖြစ်လို့ ဆိုတဲ့ အနေအထားမျိုးနဲ့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် အဲဒါကိုတော့ ကျနော်တို့က ချိုးဖောက်လို့ မရဘူး။ ”

ဘော်ဒါဆောင် ကျောင်းတွေကို ဆက်ပိတ်ထားမယ်ဆိုရင် ဝေးလံတဲ့ဒေသတွေက ကျောင်းသားတွေအတွက် နစ်နာမှာကိုလည်း ပညာရေး အသိုင်းအဝန်းက စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပုဂ္ဂလိက ပညာရေးကဏ္ဍအတွင်းရေးမှူး ဦးကျော်မင်းခန့်ကတော့ ကျောင်းထွက်တဲ့သူ တိုးလာမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ ပညာရေးက ဒီတစ်ခုတည်း ချန်ထားခြင်းအားဖြင့် ကျောင်းသားတွေက Drop Out အများကြီး ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နယ်တွေမှာက ကိုယ်ပိုင်ကျောင်းပဲတက်တက် အစိုးရကျောင်းပဲ တက်တက် မြို့ကို တက်ပြီး ဘော်ဒါဆောင်နေပြီး တက်ကြရတဲ့ ကလေးတွေက အများကြီးကို။ မြို့ပေါ်မှာနေတဲ့ ကျောင်းသားတွေ သိပ်ပြီး ပြဿနာမရှိပေမဲ့ တောနယ်တွေကနေ တက်ပြီးတော့ မြို့ပေါ်ကို ပညာရေး ကောင်းကောင်းလိုချင်တဲ့ ကလေးတွေအတွက် အခက်အခဲအများကြီး ကြုံနိုင်တယ်ဒီညွှန်ကြားချက်ကြီးကလေ။ ဘယ်လောက်တောင် ဖြစ်သွားမလဲဆိုရင် အစိုးရ အထက်တန်းအဆင့်ကို စဖွင့်တဲ့အခါမှာ ၇၀ရာခိုင်နှုန်းလောက်အထိ ကျောင်းထဲကို ကျောင်းသားရောက်မှာ မဟုတ်ဘူး။ ”

ကျောင်းထွက်နှုန်း တိုးလာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ပညာရေးကွန်ရက်အနေနဲ့ အစိုးရကို စာပေးဖို့ပြင်ဆင်နေသလို သတင်းစာရှင်းလင်းပွဲပြုလုပ်သွားဖို့လည်း ရှိနေကြောင်း ဦးကျော်မင်းခန့်က ပြောပါတယ်။

လားရှိုးမြို့က တအန်းပညာရေးဘော်ဒါဆောင်က ဘော်ဒါအုပ် မိုင်းတင်အောင်က အထူးသဖြင့် ဝေးလံတဲ့ တောင်တန်းဒေသက ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်စေကြောင်း အခုလို ပြောပါတယ်။

“အခုဆိုရင် တောင်ပေါ်ဒေသမှာဆို လားရှိုးရောက်လာဖို့တောင် ခရီးစရိတ်က မလွယ်ဘူးပေါ့။ လာရတဲ့ ခရီးစရိတ်က တချို့ ကျောင်းသူ ကျောင်းသားတွေဆိုရင် ကျနော်တို့ဘက် အကူအညီတောင်းပြီးမှာ ကူညီပေးလိုက်ရတာတွေ ရှိတယ်။ တကယ်လို့သာ ဘော်ဒါဆောင်တွေ မဖွင့်ရဘူးဆိုရင် ကျနော်တို့ဆီမှာ ၁၀၀ကျော်ပေ့ါ၊ ပိတ်မယ် ပြန်ခိုင်းမယ်ဆိုရင်တော့ ပြဿနာရှိတာပေါ့။ ကလေးတွေရဲ့ ပညာရေးအတွက်လည်း ပြဿနာရှိမယ်။ ပြီးတော့ ခရီးစရိတ် သွားဖို့ လာဖို့အတွက်လည်း အခုမိုးတွင်းလည်းဖြစ်တယ်၊ တောင်ပေါ်ဒေသပြန်ရမယ်ဆိုရင် သူတို့အတွက်လည်း အခက်အခဲဖြစ်တာပေါ့။ ”

လက်ရှိမှာ ဘော်ဒါဆောင်က ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းအပ်ထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျိုင်းတုံမြို့က ပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ ကိုအားမွန်ကလည်း ဘော်ဒါဆောင်တွေ ပိတ်လိုက်ရင် တွေ့ရမယ့် အခက်အခဲကို အခုလို ပြောပါတယ်။

“ ကျောင်းတက်ဖို့ နေစရာမရှိတော့ဘူးလေ။ ဘော်ဒါဆောင်ပိတ်လိုက်လို့ရှိရင်။ နေရာတိုင်းမှာ ကျေးရွာတိုင်းမှာက အလယ်တန်းဖွင့်နိုင်တဲ့ ကျေးရွာရှိသလို မဖွင့်နိုင်တဲ့ ကျေးရွာရှိတယ်လေ။ နောက်တစ်ခုက အထက်တန်းဖွင့်နိုင်တဲ့ ကျေးရွာရှိသလို အထက်တန်းမဖွင့်နိုင်တဲ့ ကျေးရွာအများကြီးရှိတယ်။ လေးတန်းအောင်ပြီးမှ ကျောင်းမြို့မှာလာတက်မယ့်သူတွေက ဘော်ဒါပဲ အားကိုးပြီးနေရတာကိုး။ နောက်တစ်ခု အလယ်တန်းအောင်ပြီး အထက်တန်းမှာလည်း ကျိုင်းတုံမှာပဲ လာလာတက်ရတာကိုး။ သူတို့က ဘော်ဒါ အားကိုးပြီးမှ နေတာကိုး။ အထူးသဖြင့် တောင်ပေါ်သားအတွက် ရည်စူးပြီးဖွင့်ထားတဲ့ ဘော်ဒါဆောင်ကိစ္စကျတော့ တော်တော်များများ အခက်အခဲကြုံရမှာပေါ့ ကလေးတွေက။”

ကျောင်းသားတွေအနေနဲ့ အပြင်မှာ အိမ်ငှားထားရမယ့် အခြေအနေနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“ မိဘတွေက အဲလောက်ထိ တတ်နိုင်မယ်မထင်ဘူး။ နောက်တစ်ခု အုပ်ထိန်းမှုလိုတယ်လေ။ ကလေးတွေ အုပ်ထိန်းမှုမရှိဘဲ အပြင်မှာ ငှားနေလို့ရှိရင် ကျောင်းမရောက်ဘဲနဲ့ အပြင်ရောက်သွားမှာပေါ့။”

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၃၀၀ ကျော်ရှိပြီး ပြည်တွင်းမှာ ကူးစက်မှု မရှိသလောက် နည်းပါးပေမဲ့ ဆက်လက် သတိထားကြဖို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-19-boarding-school-/5504363.html
ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပေးသေးလို့ နယ်ကျောင်းသားတွေ ပညာရေးထိခိုက်မှာစိုးရိမ် ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပေးသေးလို့ နယ်ကျောင်းသားတွေ ပညာရေးထိခိုက်မှာစိုးရိမ် Reviewed by THITHTOOLWIN on 04:37 Rating: 5
Powered by Blogger.