အစိုးရ အိုင်စီဂျေ အသုံးစားရိတ် လွှတ်တော်မှာ ဒုတိယအကြိမ်အမေးခံရ

နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်ချမှတ်တာကို တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့
မြန်မာကို ဂမ်ဘီယာက တရားစွဲထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ် အပါအဝင် အိုင်စီဂျေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ဖို့ ကျန်ရှိတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြတောင်းခံခဲ့တဲ့ ဘတ်ဂျက် ကျပ် သန်း ၆၈၀ နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အသုံးစားရိတ်တို့ကို လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ်က အသေးစိတ်ရှင်းပြဖို့ မေးခွန်းမေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ဇူလိုင် ၁၅ ရက် လွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပါတယ်။

အိုင်စီဂျေ အသုံးစားရိတ် သန်း ၆၈၀ ဟာ လွှတ်တော်မှာ ဘတ်ဂျက် စတင်ပြတုန်းကလည်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင် က မေလ ၂၂ ရက်နေ့က မေးခွန်းမေးမြန်းခဲ့တာရှိပြီး အခု ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီက မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက လွှတ်တော်မှာဒုတိယအကြိမ် မေးခွန်းမေးခဲ့တာလည်းဖြစ်ပါတယ်။

ရှေ့နေခ၊ ဥပဒေအကြံပေးအစရှိတဲ့ သုံးစွဲစရိတ်တွေကိုတော့ ကာယကံရှင်တွေနဲ့ သဘောတူညီထားတဲ့အတိုင်း ထုတ်ဖော် ပြောဆိုနိုင်တာ ရှိမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးဦးကျော်တင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကျော်တင်က ပြန်ရှင်း
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး အိုင်စီဂျေမှာ တရားစွဲခံရတဲ့အမှုအတွက် သုံးစွဲဖို့ ရှေ့နေငှားခ၊ ဥပဒေအကြံပေး ငှားခနဲ့ အခြားအသုံးစရိတ်တွေအတွက် သုံးစွဲတဲ့ ကျပ်ငွေ သန်း ၆၈၀ နဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပစ္စည်းသယ်ယူပို့ဆောင်တဲ့စရိတ်၊ ခရီးစရိတ်ကုန်ကျငွေ ကျပ်သန်း ၃၅၀ကျော်နဲ့ ပတ်သတ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေအတွင်း လွှတ်တော် တောင်းခံခဲ့ တာဖြစ်ပါတယ် ။

ကျပ်သန်း ၆၈၀ ဟာ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကြိုတင်လျာထား အသုံးစရိတ်မှာမပါခဲ့ဘဲ အရေးပေါ် ပေါ်ပေါက်လာတာကြောင့် ရရှိထားတဲ့ ဝန်ကြီးဌာန အသုံးစရိတ်တွေထဲကနေ ယူသုံးခဲ့ရတာဖြစ်ပြီး ဒီဘဏ္ဍာနှစ်အတွင်းမှာပဲ အိုင်စီဂျေကိစ္စ ဆက်စပ်ဆောင်ရွက်ရမယ့် အသုံးစရိတ်တွေကိုပါ ထည့်သွင်း တောင်းခံထားတာပါလို့လည်း ဝန်ကြီးဦးကျော်တင်က ရှင်းလင်းခဲ့ပါတယ်။

အိုင်စီဂျေမှာ တရားရင်ဆိုင်ရာမှာ ပြင်ပပညာရှင် ရှေ့နေ၊ သီးသန့်တရားသူကြီးနဲ့ ဘာသာပြန်တွေ ငှားရမ်းတာ၊ ဥပဒေအကြံပေးတွေခန့်တာ၊ အမှုကြားနာရင်ဆိုင်ဖို့ ပြင်ဆင်တာ၊ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဖွဲ့စည်းစေလွှတ်တာ၊ ဥပဒေအကြံဉာဏ် ရယူရေး၊ ပြည်တွင်း ပြည်ပညှိနှိုင်း အစည်းအဝေးတွေ ကျင်းပရေး စတဲ့ ကုန်ကျရန်ရှိတဲ့ အသုံးစရိတ်တွေအတွက် လိုငွေ ကျပ် သန်း ၆၈၀ကို ဖြည့်စွက် ခွင့်ပြုငွေအဖြစ် တောင်းခံရတာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုငွေတောင်းခံစာမှာ ဖော်ပြခဲ့ပါတယ်။

သက်ဆိုင်ရာ စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးမှုတွေကို စနစ်တကျခံယူသွားမယ်လို့လည်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ဇူလိုင်လ ၁၅ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လာရောက် ဖြေကြားခဲ့ပါတယ်။
မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်း
အဲဒီ့အတွက် မေးမြန်းတဲ့ အဆိုရှင်ဒေါက်တာမောင်သင်းကတော့ ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိသင့်သိထိုက်တယ်လို့ မြင်ပါတယ် ။ မရှင်းပြနိုင်ဘူးဆိုတာ သဘာဝ ကျပါရဲ့လား၊ နိုင်ငံတကာ ရှေ့နေတွေဘက်နဲ့ ပြည်သူဘက် ဘယ်ဘက်က ရပ်တည်မှာလဲ ဘယ်အချိန်မှာ ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ရှင်းလင်းနိုင်မှာလည်း ဆိုတာကို သိလို၍ မေးခွန်းမေးမြန်းရတာ ဖြစ်တယ်လို့လည်း လွှတ်တော်မှာ ပြောသွားခဲ့ပါတယ် ။

အိုင်စီဂျေမှာ စွပ်စွဲခံထားရတဲ့အမှုကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ပြန်လည်ချေပနိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ လျှောက်တာကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက မြန်မာနိုင်ငံ အနေနဲ့ လိုက်နာရမယ့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့တာကြောင့် ဆုံးဖြတ်ချက်အရ အစီရင်ခံစာတွေကို တင်ပြနေရတာလည်းရှိပါတယ် ။

ဇူလိုင်၁၅ ရက် ပြည်သူလွှတ်တော်မှာတော့ အဆိုပါအသုံးစရိတ်သုံးစွဲမှုနဲ့ စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်မှု မရှိကြောင်း တွေ့ရှိပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကနေ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြလိမ့်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အိုင်စီဂျေကိစ္စ ၂၀၁၉ ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ ဝန်ကြီးဌာနက သူ့မှာရှိတဲ့ ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲဒီလို ထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေး မရှိတော့လို့ တောင်းခံတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံက သွားပြီးမရင်ဆိုင်ရင် အမှုရှုံးနိုင်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားသလို တစ်နိုင်ငံလုံး အကျိုးစီးပွားအတွက် အစိုးရအဖွဲ့ကို တင်ပြတောင်းခံကာ လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ပြခဲ့တာလို့လည်း ရှင်းလင်းခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက် ပြည်သူ့ လွှတ်တော်မှာ လာရောက်ဖြေဆိုသူ ဝန်ကြီးဦးကျော်တင်ကတော့ အခုလိုအသေးစိတ်ကိုတော့ လွှတ်တော်မှာ ဖြေကြား နိုင်မှာမဟုတ်ဘဲ သက်ဆိုင်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တာဝန်ရှိသူတွေရဲ့ စာရင်းစစ်မှုကို ခံယူမှာလို့သာ ပြန်လည်ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53420241
အစိုးရ အိုင်စီဂျေ အသုံးစားရိတ် လွှတ်တော်မှာ ဒုတိယအကြိမ်အမေးခံရ အစိုးရ အိုင်စီဂျေ အသုံးစားရိတ် လွှတ်တော်မှာ ဒုတိယအကြိမ်အမေးခံရ Reviewed by THITHTOOLWIN on 04:24 Rating: 5
Powered by Blogger.