ထိုင်းရောက် ကြေးကွင်းပတ် ကယန်းအမျိုးသမီးတွေ နေရပ်ပြန်လာ



Share/Bookmark
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းတွေမှာ နှစ်ချီအလုပ်လုပ်နေကြတဲ့ လည်ပင်းကြေးကွင်းပတ်ကြတဲ့ ကယန်းအမျိုးသမီး တွေနဲ့ မိသားစုတွေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ အလုပ်အကိုင် အဆင်မပြေကြတဲ့အတွက် ကယားပြည် နယ်ဘက်ကို ပြန်လည်ဝင်ရောက်လာကြပါတယ်။

ကယန်းမျိုးနွယ်စုထဲက ကြေးကွင်းပတ်လူမျိုးတွေ ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စုထဲမှာ  စုစုပေါင်း ၂၇၀ ကျော် ရှိတယ်လို့ ပန်ပက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးဘဲတို က RFA ကို ပြောပါတယ်။

“ခန့်မှန်းခြေက ထိုင်းပြန်လာတဲ့သူက ၂၇၀ ကျော်ရှိတယ်။ သူတို့ပြန်လာတုန်းက ရောဂါပေါ့နော် ..ရောဂါကြောင့်ပါတာပေါ့နော်။ သူတို့ ဟိုဘက်မှာ ဆိုင်ရောင်းလို့မကောင်းဘူးလေနော်။ ဧည့်သည်လည်း မလာတော့ဘူးပေါ့နော်။ ဧည့်သည်လာဖို့လည်းမရှိ။ ဘာမှလုပ်စားဟိုလိုမရှိတော့ သူတို့ ပြန်လာတာပေါ့။”

ပန်ပက်ရွမ်းကူရွာက အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်မူကျော့ဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင် ခရီးသွားလုပ်ငန်းမှာ နေထိုင်လုပ်ကိုင်ခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ သားတစ်ယောက်နဲ့ ရုန်းကန်ရတာ ကပ်ဘေးကာလမှာ ခက်ခဲလို့ မိမိနေရပ်ကို ပြန်လာရတာဖြစ်တယ်လို့ သူက ပြောပြပါတယ်။

“ကျမမှာ အမျိုးသားမရှိဘူး သားတစ်ယောက်ပဲရှိတော့ သားကို ထောက်ပံ့ပေးနေရပါတယ်။ တစ်ယောက်ထဲ ရုန်းကန်ရပါတယ် ဓာတ်ပုံတွေရိုက်ရင် ဘတ် ၂၀ ၊ ၃၀ လောက်ရတယ် ထိုင်းမှာ ဆယ်နှစ်နေပါတယ် လေးလ ပိုင်းမှ ပြန်လာတယ်။ အခုတော့ အိမ်မှာပဲနေပါတယ်။ အလုပ်လည်းမရှိဘူးဆိုတော့ ထိုင်းပြန်သွားလို့ရတယ် ပြောရင် ပြန်သွားချင်ပါတယ် အခြေနေကောင်းရင်ပေါ့။  ထိုင်းမှာအလုပ်လုပ်တာ ပိုဆင်ပြေတယ်။ ရက်ကန်း ယက်ရင်းနဲ့ လစာလည်းရတယ်ဆိုတော့ ဆိုင်တွေစောင့်ရလို့ ဆင်ပြေတယ်။  ဒီမှာတော့မရက်ဘူး ဝယ်မယ့် သူမရှိလို့  ကိုဗစ်ကိုကြောင့် ပြန်လာရတာ။”

ကယန်းအမျိုးသမီးတွေရဲ့  လည်ပင်းမှာ အစီအရီပတ်ထားတဲ့ ကြေးကွင်းတွေ၊ အရောင်စုံလင်တဲ့ ရိုးရာရက်ကန်း ဝတ်စုံတွေက ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့အချက်တွေဖြစ်ပါတယ်။ ခရီးသွားတွေလာတဲ့အခါ ဓါတ်ပုံ ရိုက်တာ၊ ရက်ကန်းထည်ရောင်းချတာတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာပါ။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေကြတဲ့သူတွေ ခန့်မှန်းခြေ ၃၀၀ ကျော်ရှိပါတယ်။

ကပ်ဘေးကာလမှာ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်လိုက်တာကြောင့် ကယန်းတိုင်းရင်းသူတွေအတွက် လုံး၀ ဝင်ငွေရပ်ဆိုင်းသွားပါတယ်။

ထိုင်းနိုင်ငံအစိုးရက ၎င်းတို့ကို နေစရိတ်စားစရိတ်တွေကို စီစဉ်ပေးပြီးတော့ လုပ်ငန်းသက်တမ်းအလိုက် တစ်ဦးနဲ့တစ်ဦးမတူပဲ လစဉ်ခံစားခွင့်အနေနဲ့ ဘတ်ငွေ တစ်ထောင်ကနေ ငါးထောင်အထိပေးတယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် စရိတ်ငြိမ်း မြန်မာငွေ လစဉ် တစ်သိန်းခွဲတော့ အနည်းဆုံးရကြတယ်လို့ဆိုပါတယ်။

အခုလို နေရပ်ကို ပြန်လာပြီး တောင်ယာလုပ်ငန်းလုပ်တဲ့အခါမှာတော့ တစ်နေ့ကို မြန်မာကျပ်ငွေ ခြောက်ထောင်ကျပ်သာရပါတယ်။

ပြီးခဲ့တဲ့မတ်လပိုင်းက ပြန်ရောက်လာတဲ့ မူတီက လုပ်စရာဘာမှမရှိတော့လို့ တောင်ယာလုပ်ကိုင်ဖို့ ပြန်လာတာလို့ ရှင်းပြပါတယ်။

“ထိုင်းမှာ ၁၂ နှစ်လောက် အလုပ်သွားလုပ်ခဲ့တယ်။ ကိုဗစ် ၁၉ ရောဂါကြောင့် ထိုင်းကနေပြန်လာတာဖြစ် ပါတယ်။ မသွားခင်က တောင်ယာလယ်ယာလုပ်တယ်။ ဒီမှာက အလုပ်အကိုင်အဆင်မပြေလို့ ထိုင်းမှာအလုပ် သွားလုပ်တာ ရောဂါအခြေအနေကြောင့် ထိုင်းကပြန်လာပြီး ဒီဘက်မှာတောင်ယာပြန်လာလုပ်တာဖြစ်တယ်။”

ကယားပြည်နယ်ဘက်မှာ ခရီးသွားလုပ်ငန်းတချို့ကို အစိုးရက   လူထုအခြေပြုခရီးသွားလုပ်ငန်းအဖြစ် အကောင် အထည်ဖော်နေတာရှိပါတယ်။ ဒါပေမဲ့ ကပ်ဘေးကြောင့် အရင်ကတည်းက ရက်ကန်းနဲ့ တခြားရိုးရာပစ္စည်းတွေကို ရောင်းချနေကြတဲ့ ဒီမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စုနဲ့ လွိုင်ကော်မြို့နယ် ဒေါဆန်းဘုန်းကျေးရွာက လုပ်ငန်းတွေလည်း ခရီးသွားမျှော်နေကြပါတယ်။

ဒါကြောင့် နေရပ်ပြန်လာတဲ့ ကယန်းတွေအတွက် တောင်ယာလုပ်ငန်းဟာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ တောင်ယာလည်းပဲ ဝင်ငွေမကောင်းတာကြောင့် ထိုင်းဘက်ကိုပဲ ပြန်သွားကြတဲ့ အကြောင်းကို မူတီ က ရှင်းပြပါတယ်။

“အလုပ်အရပြောရင် ထိုင်းမှာ အရိပ်မှာနေပြီး အလုပ်လုပ်ရတယ်ဆိုတော့ ပိုဆင်ပြေတာပေါ့၊ ဒီမှာက တောင်ယာသွားလုပ်ရတော့ ပိုပင်ပန်းတာပေါ့။ အဆင်မပြေဘူး။ ထိုင်းကိုတော့ အခြေအနေကောင်းရင် ပြန်သွားချင်တယ်။”

ကြေးကွင်းပတ် ကယန်းမျိုးနွယ်စု အမျိုးသမီးတွေဟာဆိုရင် ၅၀ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းအပေါ် မှီတည်ပြီး ရပ်တည်ကြတယ်လို့ ပန်ပက် လူထုအခြေပြုခရီးသွားလုပ်ငန်းတာဝန်ခံ မောင်သားပြောပြချက်အရ သိရပါတယ်။

“တစ်ရာ ရာခိုင်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းမှာက ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးတယ်လို့ပဲ ပြောရမှာပေါ့ ဆက်စပ်မှု လုံးဝရှိတယ်။ ဥပမာ ဈေးဆိုင်ဆိုရင်လည်း သူတို့က ပိတ်ထားကြတယ်လေ။ ဥပမာ CBT ဂရုမှာဆိုလည်း တောင်ယာလယ်ယာအလုပ်ကိုပဲ ဦးစားပေးလုပ်ရတယ်။ အကုန်လုံးတော့ အခက်အခဲ ဖြစ်ပါတယ်။ သူ့ဟာနဲ့သူပဲပေါ့နော်။”

ပန်ပက်ကျေးရွာအုပ်စုနှင့် ဒေါဆန်းဘုံး၊ ဟန်တောခူရွာ၊ လိုပူ စတဲ့ရွာမှာရှိနေကြတဲ့ ကယန်းကြေးကွင်းပတ် အမျိုးသမီး လူဦးရေ ခန့်မှန်းခြေ ၅၀၀ ခန့် ရှိပါတယ်။

အခု လတ်တလောကာလမှ ကယန်းအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုတော့ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး တစ်ဦးအနေနဲ့ သီးခြားဆောင်ရွက်နိုင်ခြင်းမရှိပေမယ့် ပြည်နယ်အစိုးရအဖွဲ့ဝင်အနေနဲ့ အခက် အခဲတွေတင်ပြပြီး ဆောင်ရွက်ရင်တော့ဖြစ်နိုင်တယ်လို့  ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလှမျိုးဆွေ ကတော့ အခုလိုပြောပါတယ်။

“ဌာနမှာတော့ သီးခြားဆောင်ရွက်တာတော့မရှိပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ဒီအပေါ်မှာ အခက်အခဲ တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ဟာနဲ့ အစီအမံနဲ့ပဲ ကျနော်တို့သွားရပါတယ်။ ဘာလို့လဲဆို ကျနော်ကိုယ်တိုင်လည်း ခုနက တင်ပြခဲ့သလို ဗမာတိုင်းရင်းသားဝန်ကြီးဖြစ်တယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ပဲ သွားရပါမယ်။ ကျနော်တို့ သီးခြားဆောင်ရွက်ဖို့တော့ လတ်တလောမရှိပါဘူး ခင်ဗျ။”

ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေဟာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့  ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေဘက်က ကျေးရွာတွေမှာ အများစု နေထိုင်ကြပါတယ်။

စိုးစိုးထက် / RFA Burmese
https://www.rfa.org/burmese/program_2/padaung-women-back-home-07212020043659.html




Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ